မေသစ် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
​မေသစ်
ဝဏ္ဏကျော်ထင် ထပ်ဆင့်အကယ်ဒမီမေသစ်
မွေးဖွားမခင်သစ်
၁၉၂၅ခုနှစ်
ပဲခူးမြို့ပဲခူးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်၃၀၊ စက်တင်ဘာ၊ ၂၀၀၁
ရန်ကုန်မြို့ရန်ကုန်တိုင်းမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်မင်းသမီး၊ အဆို​တော်
အိမ်ထောင်ဖက်(များ)ဦးကိုကို ဦးဝင်း
မိဘ(များ)ဦးကိုကိုကြီး + ​ဒေါ်သန်းရွှေ
ရရှိသည့်ဆုများ
  • ဝဏ္ဏကျော်ထင်ဘွဲ့(၁၉၅၈)
  • အမျိုးသမီးပညာသည်ဆု(၁၉၆၀)(​မေတ္တာရွှေရည်ဇာတ်ကားဖြင့်)
  • သူရဿတီဆု(၁၉၆၀)(​မေတ္တာရွှေရည်ဇာတ်ကားဖြင့်)
  • အမျိုးသမီးဇာတ်ပို့ထူးချွန်ဆု(၁၉၆၄)(ရင်ဝယ်တသိမ့်သိမ့်ဇာတ်ကားဖြင့်)
  • အမျိုးသမီးဇာတ်ပို့ထူးချွန်ဆု(၁၉၇၆)
(နွဲ့မျိုးစုံလင်နွဲ့လိုက်ချင်ဇာတ်ကားဖြင့်)

မေသစ် (၁၉၂၅-၂၀၀၁) သည် ၁၉၆၀ ပြည့်နှစ်၊ မြဆော်ဖလင်မှ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသည့် 'မေတ္တာရွှေရည်' ရုပ်ရှင်ကားဖြင့် ပထမအကြိမ် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီကို ရရှိခဲ့သည်။ ယင်းနှစ်တွင် ရုပ်ရှင်ကြည့် ပြည်သူလူထု ပရိသတ်ကလည်း ဆန္ဒမဲ စနစ်ဖြင့် ၁၉၆၀ ပြည့်နှစ် အတွက် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုကို ရွေးချယ်ချီးမြှင့်ရာ 'မေသစ်' ပင် ရရှိခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်မေသစ်ကို အဖ မြူနီစီပယ် ဝန်ထောက် ဦးကိုကိုကြီး၊ အမိ ဒေါ်သန်းရွှေတို့မှ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့ပေသည်။ မွေးချင်း သုံးဦးတွင် ဒုတိယ ဖြစ်သည်။ အမည်ရင်းမှာ မခင်သစ် ဖြစ်လေသည်။ မေသစ်သည် ငယ်စဉ်က ခေတ်ပညာကို အလယ်တန်း အထိ ဆည်းပူးခဲ့သည်။ မေသစ်သည် ပညာရေးထက် ရုပ်ရှင် အနုပညာကို ဝါသနာ ထုံသောကြောင့် အလယ်တန်း အောင်မြင်ပြီး ကျောင်းထွက်လိုက်သည်။ ဝါသနာပါရာ ရုပ်ရှင် သရုပ်ဆောင် အလုပ်ကို အေဝမ်းရုပ်ရှင် ကုမ္ပဏီတွင် လျှောက်ထားသည်။ အေဝမ်း ရုပ်ရှင် ကုမ္ပဏီမှ မေသစ်အား ရုပ်ရှင် မင်းသမီးသစ် အဖြစ် ရွေးချယ်လိုက်သည်။ မေသစ်သည် အမည်ရင်း မခင်သစ်မှ အေဝမ်းမှ ပေးသော 'မေသစ်' အမည်ဖြင့် ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာရပေသည်။ ထိုစဉ်က မေသစ် အသက်မှာ ၁၆-နှစ်သာ ရှိသေးသည်။


တက်သစ်စ မင်းသမီးလေး 'မေသစ်' သည် အေဝမ်းဖလင် ကုမ္ပဏီမှ ဒါရိုက်တာ ဦးချင်းစိန် (ရွှေညာမောင်) ရိုက်ကူးသော 'ကေလာသ' ရုပ်ရှင်ကားတွင် အေးကြူမေနုတို့နှင့် တွဲဖက် သရုပ်ဆောင်ရသည်။ မေသစ်၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် 'ကေလာသ' ရုပ်ရှင်ကားကို ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရင်ရုံ၌ တင်ဆက်ခဲ့ပေသည်။ ၁၉၄၁- ခုနှစ် ကုန်ပိုင်းတွင် ဒုတိယ ကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ရာ မေသစ်တို့ မိသားစုသည် စစ်ဘေး ကင်းလွတ်ရာ ကျေးလက် တောရွာများသို့ ပြောင်းရွှေ့ နေထိုင်ကာ စစ်ဘေး ရှောင်တိမ်း နေရသည်။ စစ်ပြီးခေတ်တွင် မေသစ်သည် ရုပ်ရှင်လောကသို့ ပြန်လည် ဝင်ရောက်သည်။ မေသစ်၏ မူလ ရုပ်ရှင် ကုမ္ပဏီ ဖြစ်သည့် အေဝမ်းဖလင် ကုမ္ပဏီ မိသားစုဝင်များက ၁၉၄၆-ခုနှစ်တွင် လျှပ်စစ် ရုပ်ရှင်ကားများ ထုတ်လုပ်လျက် ရှိသည်။


မေသစ်သည် လျှစ်စစ် ရုပ်ရှင် ကုမ္ပဏီ ၁၉၄၆ မှ ၁၉၅၂ ခုနှစ်ထိ ထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများတွင် ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ လျှပ်စစ် ရုပ်ရှင် ကုမ္ပဏီ၏ ပွဲဦးထွက် ဒါရိုက်တာ မောင်တင်ယု ရိုက်ကူးသော 'မင်းဘာလဲ' ရုပ်ရှင်ကားတွင် မေသစ်သည် မောင်တင်မောင်အေးကြူတို့နှင့် တွဲဖက် သရုပ်ဆောင်သည်။ ထို့နောက် လျှပ်စစ် ရုပ်ရှင်မှ ဆက်တိုက် ထုတ်လုပ်သော 'အတွင်းရန်'၊ 'ဘဘကြီး'၊ 'ညောင်ရမ်းညီနောင်' ရုပ်ရှင်ကားများတွင် မေသစ်သည် မင်းသား ခင်မောင် (နောင်တွင် ဖာတလုံး ခင်မောင်) နှင့် တွဲဖက် သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားများကို ရိုက်ကူး တင်ဆက်သည့် ဒါရိုက်တာမှာလည်း မောင်တင်ယုပင် ဖြစ်သည်။


ထို့ပြင် မေသစ်သည် လျှပ်စစ် ရုပ်ရှင်တွင် ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူး နေရသကဲ့သို့ အေဝမ်းဖလင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒါရိုက်တာ ဦးဘရှင်၏ 'ချိန်တန်ပြီ' ရုပ်ရှင်ကားတွင်လည်း မောင်တင်မောင်၊ မေရှင်၊ သာဂေါင်ကြီးတို့နှင့် တွဲဖက် သရုပ်ဆောင်ရသည်။ မေသစ်သည် 'ချိန်တန်ပြီ' ရုပ်ရှင်ကားကို ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရွိုင်ရယ်ရုံနှင့် ကာဌေး (ကေသွယ်) ရုံတို့တွင် တင်ဆက်ခဲ့သည်။ ထို့နောက် မေသစ်သည် အေဝမ်းဖလင် ကုမ္ပဏီမှ ဒါရိုက်တာ အေဝမ်း ဦးတင်မောင် ရိုက်ကူး သည့် 'ချစ်မုန်းမာန်' အသံထွက် ရုပ်ရှင်ကားတွင် မောင်တင်မောင်၊ ရွှေညာမောင်သုခသာဂေါင်ကြီးတို့နှင့် တွဲဖက်၍ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင်ရသည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်ခဲ့သည်။


ထို့နောက် မေသစ်သည် လျှပ်စစ် ရုပ်ရှင် ကုမ္ပဏီ၏ ပဉ္စမမြောက် ရုပ်ရှင်ကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ၏ 'ဂုဏ်ရည်မတူ' (၁၉၅၀) အသံထွက်တွင် ခင်မောင်၊ စိန်စိန်၊ မေလွင်ဦးသုခတို့နှင့် တွဲဖက် သရုပ်ဆောင်ရသည်။ ယင်းရုပ်ရှင် ဇာတ်ကားတွင် မေသစ်သည် လမ်းဘေးတွင် သီချင်းဆို၍ တောင်းရမ်း စားသောက်သူ 'မယ်သုန်' အဖြစ် သရုပ်ဆောင်သည်။ မယ်သုန်၏ အစ်ကို မျက်မမြင် ဒုက္ခိတ တယောဆရာ ကိုသီလ နေရာတွင် ဆရာ ဦးသုခက သရုပ်ဆောင်သည်။ ခင်မောင်က မယ်သုန်၏ ချစ်သူ 'ပေါက်စီ' အဖြစ် သရုပ်ဆောင်သည်။ 'ဂုဏ်ရည်မတူ' အသံထွက် ဇာတ်ဝင်တေး အဖြစ် မေသစ် သီဆိုခဲ့သည့် "ပုဗ္ဗေစ … အခြေမလှသူကို … သဒ္ဓါတတ်အား … နည်းများမဆို … သနားကရုဏာ … စေတနာတွေပို … ပေးကမ်းစေလို" ဆိုသည့် သီချင်းနှင့် "ဂုဏ်ရည်မတူလျှင် … ခဲသမျှ … လွဲအောင် ဖန်တော့တယ်" ဆိုသည့် 'ဂုဏ်ရည်မတူ' သီချင်းတို့မှာ လူထု နှုတ်ဖျားတွင် ရေပန်းစားခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၊ သင်္ကြန်ပွဲတော်တွင် လူငယ်များက 'မယ်သုန်၊ ပေါက်စီ' ဟု 'ဂုဏ်ရည်မတူ' ရုပ်ရှင်ကားထဲမှ ဇာတ်ရုပ်တို့၏ အမည်နာမများကို ဖော်ထုတ်၍ နောက်ပြောင်ကြသည် အထိ နာမည်ကြီးခဲ့သည်။


မေသစ်သည် အေဝမ်းဖလင်မှ 'ချစ်မုန်းမာန်' နှင့် လျှပ်စစ်ရုပ်ရှင်မှ 'ဂုဏ်ရည်မတူ' ရုပ်ရှင်ကားတို့တွင် ထူးချွန်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ရုပ်ရှင်ကြည့် လူထု ပရိသတ်က ချစ်ခင် စွဲမက်သည့် ထိပ်တန်းမင်းသမီး တစ်လက် ဖြစ်လာသည်။ ထိပ်တန်း မင်းသမီး မေသစ်သည် လျှပ်စစ်ရုပ်ရှင်မှ မောင်တင်ယု ရိုက်ကူး တင်ဆက်သည့် 'ရန်ပုံခွင်း' တွင် အေးကြူ နှင့် လည်းကောင်း၊ 'ဆရာ' ဇာတ်ကားတွင် ဇေယျနှင့် လည်းကောင်း တွဲဖက် သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားများကို လူထု ပရိသတ်က စွဲစွဲမက်မက် မရှိလှပေ။


နောက်တဖန် မေသစ်အား နာမည်ကြီး လာစေမည့် ရုပ်ရှင်တကားမှာ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ကြီးကြပ်၍ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသည့် 'မြဲတဲ့သစ္စာ' အသံထွက် (၁၉၅၁) ဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် မေသစ်သည် ဇေယျအေးကြူမြင့်မြင့်ခင်တို့နှင့် တွဲဖက် သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားတွင် မေသစ် သီဆိုခဲ့သည့် 'ရွှေကျီးညို' သီချင်းနှင့် ဇေယျ နှင့် စုံတွဲ သီဆိုခဲ့သည့် 'ဘုရားစူး ချစ်ပါ့မယ်' သီချင်းတို့မှာ ရုပ်ရှင်ကြည့် ပရိသတ်ရင်ထဲ စွဲကျန်ခဲ့ပေသည်။ မေသစ်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည့် ဇေယျ သည်လည်း ထိပ်တန်း မင်းသားတလက် ဖြစ်လာကာ ရုပ်ရှင်လောကတွင် အခြေခိုင်စွာ ရပ်တည် နိုင်ခဲ့ပေသည်။


ကိုဇေယျကြီးနှင့် အတွဲညီခဲ့သည် မေသစ်သည် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးအောင်ဇံ၏ 'ဝိဇယ' ရုပ်ရှင်ကားတွင် အေးကြူနှင့် တွဲဖက် သရုပ်ဆောင် ပြန်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်ခဲ့သည်။ မေသစ်သည် မိမိပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားများတွင် ဇာတ်ဝင်တေးများကို ကိုယ်တိုင် သီဆိုသည်။ မေသစ်၏ ပင်ကိုသံလေးမှာ ကရုဏာသံ ပါသောကြောင့် သောတရှင် ပရိသတ်ကလည်း စွဲလမ်း နှစ်သက်ခဲ့ကြသည်။ ထို့ကြောင့် မေသစ်သည် ရောင်းတမ်း ဓာတ်ပြား လောကတွင် 'ဖိုးသာအောင်၊ စမ်းရေအိုင်၊ ပစ်တိုင်းထောင်' သီချင်းတို့ဖြင့် နာမည်ကြီးခဲ့သည်။


ထို့နောက် မေသစ်သည် ဗြိတိသျှ ဘားမား (ညွန့်မြန်မာ) ရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ရုပ်ရှင်ကားများတွင် ပါဝင် သရုပ်ဆောင်သည်။ ဒါရိုက်တာ ဦးအောင်ကြီး၏ အချစ်ဆန်း (၁၉၅၂) တွင် မေသစ်သည် ကျော်ဝင်းကျော်ဖေတင်တင်မူတို့နှင့် တွဲဖက် သရုပ်ဆောင်သည်။ ဗြိတိသျှ ဘားမားမှ မေသစ်၏ ဒုတိယကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ စီစဉ် ညွှန်ကြား ရိုက်ကူးသည့် 'သည်ဆောင်းဟေမာန်' ရုပ်ရှင်ကားတွင် ဇေယျ၊ ကျော်ဆွေမြင့်မြင့်ခင်တို့နှင့် တွဲဖက် သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားသည် ၁၉၅၃ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားဆု ဒုတိယ ရရှိသည့် ကားဖြစ်သည်။ ရုပ်ရှင်ကြည့် ပရိသတ်က သည်ဆောင်းဟေမန် ရုပ်ရှင်ကားတွင် သရုပ်ဆောင်ခဲ့ကြသည့် ကျော်ဆွေနှင့် မေသစ်တို့ကို ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ရရှိကြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့ရာတွင် ကျော်ဆွေနှင့် မေသစ်တို့ အနုပညာရှင် နှစ်ဦးစလုံး အကယ်ဒမီဆုနှင့် လွဲခဲ့ရပေသည်။


ထို့နောက် မေသစ်သည် ဗြိတိသျှဘားမား ရုပ်ရှင်တွင် ဒါရိုက်တာ ချစ်ခင်၏ 'မမှီတဲ့ပန်း' (၁၉၅၄) (တွဲဖက် သရုပ်ဆောင် မျိုးမြင့်၊ မြင့်မြင့်ခင်)၊ ဒါရိုက်တာ လှဦး၏ 'ဖူးစာနှစ်ခိုင်' (တွဲဖက် သရုပ်ဆောင် ကျော်ဆွေ)၊ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ 'ဒေါက်တာအောင်ကျော်ဦး' (၁၉၅၇) (တွဲဖက် သရုပ်ဆောင် မောင်မောင်တာမေရီမြင့်) တို့ကို ရိုက်ကူးခဲ့သည်။ 'ဒေါက်တာအောင်ကျော်ဦး' ကားသည် ၁၉၅၇ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို မေရီမြင့် ရရှိလိမ့်မည်ဟု ရွှေဒုံးဘီအောင်နှင့် တွေ့ဆုံ ဆွေးနွေးခန်း မြန်မာ့အသံ အင်တာဗျူးတွင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ပြောကြားချက်ကို မှတ်သားရပေသည်။


ထိုစဉ်က မေသစ်သည် ဒေါက်တာအောင်ကျော်ဦး ရုပ်ရှင်ကားနှင့် မန္တလေး ရုပ်ရှင် ကုမ္ပဏီမှ ပွဲဦးထွက် ဒါရိုက်တာ သုခ စီစဉ် ညွှန်ကြားရိုက်ကူးသော 'ဘဝသံသရာ' (၁၉၅၆) ရုပ်ရှင်ကားတို့ကို တပြိုင်နက် ပါဝင် ရိုက်ကူးခဲ့ရာ 'ဘဝသံသရာ' ရုပ်ရှင်ဇာတ်ကားက တနှစ်စော၍ ရုံတင်နိုင်ခဲ့သည်။ မေသစ်သည် 'ဘဝသံသရာ' ရုပ်ရှင်ကားတွင် ဇေယျအေးကြူ၊ နွဲ့နွဲ့အေးတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားတွင် မေသစ်သည် 'ဘဝသံသရာ' သီချင်းကို ဆရာဦးသုခနှင့် တွဲဖက် သီဆိုသည်။ စုံတွဲ သီဆိုခြင်း မဟုတ်ဘဲ တပိုင်းစီ သီဆိုခြင်း ဖြစ်သည်။ ယင်း 'ဘဝသံသရာ' ရုပ်ရှင်ကားသည် ၁၉၅၆ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် (၁) ဇာတ်ကားဆု၊ (၂) ဒါရိုက်တာ ထူးချွန်ဆု၊ (၃) အမျိုးသား ဇာတ်ဆောင်ထူးချွန်ဆု (ဇေယျ) များကို ဆွတ်ခူးနိုင်ခဲ့သည့် ရုပ်ရှင်ကား ဖြစ်သည်။


ရုပ်ရှင်ကြည့် ပရိသတ်က 'ဘဝသံသရာ' တွင် 'မေသစ်' ၏ သရုပ်ဆောင်မှုတို့မှာ အသက်ဝင်လှ သဖြင့် ၁၉၅၆ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆု ရလိမ့်မည်ဟု ထင်ကြေး ပေးခဲ့ကြသည်။ သို့ရာတွင် မေသစ်သည် 'ဘဝသံသရာ' ရုပ်ရှင်ကားတွင် သရုပ်ဆောင်မှု ထူးချွန်သော်လည်း အကယ်ဒီမီဆုနှင့် လွဲခဲ့ရပေသည်။ ၁၉၅၆ ခုနှစ်၊ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အိုကေ ရုပ်ရှင် ဒါရိုက်တာ ကျနော် ချစ်မောင်၏ 'ချစ်ခွင့်မပိုင်' ရုပ်ရှင်ကားမှ ကြည်ကြည်ဌေး က အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုကို ဆွတ်ခူး သွားခဲ့ပေသည်။ ကြည်ကြည်ဌေး အနေဖြင့် ဒုတိယ အကြိမ် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆု ရရှိသည့် ကားဖြစ်သည်။ သတင်းစာ ဆရာများက ၁၉၅၆ ခုနှစ်၊ အကယ်ဒမီဆုရှင် ကြည်ကြည်ဌေးအား တွေ့ဆုံ မေးမြန်းရာတွင် ကြည်ကြည်ဌေးက မိမိ အနေဖြင့် အကယ်ဒမီ ထူးချွန်ဆုကို ဒုတိယ အကြိမ် ရရှိ၍ ဝမ်းသာမိပါကြောင်း၊ မိမိကဲ့သို့ 'သစ်သစ်ကလေး' (မေသစ်) ကိုလည်း အကယ်ဒမီ ထူးချွန်ဆု ရစေချင်ပါကြောင်း မုဒိတာပွားကာ ပြောကြားခဲ့ပေသည်။


အကယ်ဒမီ ထူးချွန်ဆုဖြင့် တေ့လွဲ လွဲခဲ့ရသော ပြည်တော်ချစ် မင်းသမီး 'မေသစ်' သည် ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခဲ့ရသည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ 'မေသစ်' အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။ မေသစ်နှင့် အတူ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိကြသည့် ရုပ်ရှင် အနုပညာရှင်တို့မှာ ဇေယျ၊ ဖိုးပါကြီး၊ ကြည်ကြည်ဌေး၊ မေရှင်တို့ ဖြစ်သည်။


ဝဏ္ဏကျော်ထင် မေသစ်သည် ၁၉၆၀ ပြည်နှစ်၊ မြဇော်ဖလင်မှ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသော 'မေတ္တာရွှေရည်' ကားတွင် အကောင်းဆုံး သရုပ်ဆောင်နိုင်မှုကြောင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့ပေသည်။ ၁၉၆၀ ပြည့်နှစ်တွင် ထူးခြားစွာ ရုပ်ရှင်ကြည့် လူထု ပရိသတ်ကလည်း မဲစနစ်ဖြင့် သူရဿတီဆုကို ရွေးချယ်ချီးမြှင့်ရာ အမျိုးသမီး ဇာတ်ဆောင်ဆုကို 'မေတ္တာရွှေရည်' ကားမှ မေသစ်ပင် ရရှိခဲ့ပေသည်။


၁၉၆၀ ပြည့်နှစ်တွင် မေသစ်နှင့် အတူ နိုင်ငံတော် အစိုးရမှ ချီးမြှင့်သည့် အမျိုးသား ဇာတ်ဆောင် ရုပ်ရှင် ထူးချွန်ဆုကို (၁) ချစ်သွေးသစ္စာ၊ (၂) သည်တကွေ့ဝယ်၊ (၃) စိုးပါနဲ့မေရယ်၊ စသည့် ဇာတ်ကားများမှ မင်းသား သုံးကားတွဲ စနစ်ဖြင့် 'မောင်သင်' က ရရှိသည်။ မောင်သင်သည်လည်း ရုပ်ရှင်ကြည့် လူထု ပရိသတ်က မဲစနစ်ဖြင့် ရွေးချယ် ချီးမြှင့်သည့် သူရဿတီဆုတွင်လည်း အမျိုးသား ဇာတ်ဆောင် ထူးချွန်ဆုကို ထပ်ဆင့် ရရှိခဲ့ပေသည်။


အကယ်ဒမီ မေသစ်သည် ၁၉၄၁ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ဇာတ်ဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ၁၉၆၃ ခုနှစ်မှ စ၍ အသက်အရွယ် အရ ဇာတ်ပို့ သရုပ်ဆောင် မင်းသမီးကြီး အဖြစ် ပြောင်းလဲ သရုပ်ဆောင်သည်။ ဒေါ်မေသစ်သည် ၁၉၆၄ ခုနှစ်၊ ရှုမဝ ရုပ်ရှင် ဒါရိုက်တာ ရှုမဝဦးကျော်၏ 'ရင်ဝယ်တသိမ့်သိမ့်' ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို ရရှိသည်။ ဒေါ်မေသစ်နှင့် အတူ ယင်းကား၌ သရုပ်ဆောင်ခဲ့သော ဦးကျောက်လုံးကလည်း အမျိုးသား ဇာတ်ပို့ ထူးချွန်ဆုကို ဒုတိယ အကြိမ် ဆွတ်ခူး ရရှိသည်။


အကယ်ဒမီ ဒေါ်မေသစ်သည် ၁၉၇၆ ခုနှစ်တွင် "နွဲ့မျိုးစုံလင် နွဲ့လိုက်ချင်" ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို ဒုတိယ အကြိမ် ရရှိပြန်သည်။ သုံးထပ်ဆင့် အကယ်ဒမီ ဒေါ်မေသစ်သည် ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားများ စဉ်ဆက်မပြတ် ရိုက်ကူးခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် တဝိုက် ဗီဒီယို၊ ရုပ်ရှင်ကားများ ထွန်းကားလာသည့် အခါ တကား နှစ်ကားသာ ရိုက်ကူးပြီး ရုပ်ရှင် သရုပ်ဆောင် အဖြစ်မှ အနားယူလိုက်သည်။ ရုပ်ရှင်မှ အနားယူပြီးနောက် ဒေါ်မေသစ်သည် ဒါန၊ သီလ၊ ဘာဝနာ လုပ်ငန်းများကို တတ်အားသမျှ ဆောင်ရွက်ရင်း သားသမီး မြေးများနှင့် ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်ခဲ့ပေသည်။


အကယ်ဒမီ ဒေါ်မေသစ်တွင် အိမ်ထောင် နှစ်ဆက် ရှိခဲ့သည်။ ပထမ အိမ်ထောက်ဖက်မှာ ဦးကိုကို (ဇေယျကျော်ထင် ဒု-ဗိုလ်မှူးကြီး ကိုကို - ငြိမ်း) ဖြစ်သည်။ ဦးကိုကို-ဒေါ်မေသစ်တို့တွင် သားကြီး ကိုကိုဦး၊ သားလတ် ကိုကိုလတ်၊ သမီးထွေး မဝင်းရီတို့ ထွန်းကားခဲ့သည်။ ဦးကိုကိုနှင့် ဒေါ်မေသစ်တို့သည် ရေစက်ကုန်သည့် အခါ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြပေသည်။ အရွယ် ရှိသေးသည့် ဒေါ်မေသစ်သည် တိုင်းသာသနာရေး အရာရှိ ဦးဝင်းနှင့် ဒုတိယ အိမ်ထောင် ထူခဲ့သည်။ ဒုတိယ အိမ်ထောင်ဖက် ဦးဝင်းသည် ဒေါ်မေသစ်နှင့် ဆယ်နှစ်ကျော်ခန့် ပေါင်းသင်းပြီး ကွယ်လွန် သွားလေသည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

ဒေါ်မေသစ်သည် အသက်အရွယ် ရလာသည့် အခါ နာမကျန်း ဖြစ်လာ၍ ဆာကူရာ အထူးကု ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရာ မှ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပေသည်။


မြန်မာ့ ရုပ်ရှင် လောကတွင် ၁၉၄၁ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကြာမျှ ဇာတ်ဆောင်၊ ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဝဏ္ဏကျော်ထင် သုံးထပ်ဆင့် အကယ်ဒမီဆုရှင် ဒေါ်မေသစ်၏ အမည် ဂုဏ်သတင်းသည် မြန်မာ့ရုပ်ရှင် သမိုင်းတွင် မော်ကွန်းတင်လျက် ရှိနေမည် ဖြစ်ပါသတည်း။ [၁]

နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီး သုံးထပ်ကွမ်းအကယ် ဒမီဆုရှင် ဝဏ္ဏကျော်ထင်ဒေါ်မေသစ်ကို ရန်ကုန်မြို့တွင် ဖခင် ဆည်ဝန်ထောက်ဦးကိုကိုကြီး၊ မိခင်ဒေါ်သန်းရွှေတို့က ၁၉၂၅ ခုနှစ်၌ မွေးဖွားသည်။ မွေးချင်းမောင်နှမ ငါးယောက်ရှိသည်။ ငယ်စဉ်က ရုပ်ရှင်ကို အထူး ဝါသနာပါသူဖြစ်၍ ရုပ်ရှင် ကြော်ငြာများကို စုဆောင်းလေ့ရှိပြီး ခင်နှင်းရီ၊ မေရှင်တို့ပါဝင် သော ရုပ်ရှင်ဇာတ်ကားတိုင်းကို မလွတ်တမ်း ကြည့်ရှုသည်။ ရုပ်ရှင်ကြည့်ပြီး အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သရုပ် ဆောင်မှုများကို လေ့ကျင့်သည်။

ဒေါ်မေသစ်သည် မင်းသမီးလုပ်ရန် ရည်မှန်းချက်ဖြင့် အေဝမ်းဖလင်သို့ ပထမဦးစွာ ရောက်ရှိသွားသော်လည်း မင်း သမီးအဖြစ် ပါဝင်ခွင့်မရသေးဘဲ ဇာတ်ရံပညာသင်အဖြစ် သာ ပါဝင်သရုပ်ဆောင်ရသည်။ ဒါရိုက်တာဦးဘရှင် ရိုက်ကူး ပြီး ညွန့်မောင်၊ မေနု၊ မေမြင့်၊ မြင့်ဆွေ၊ သာဂေါင်၊ စိုင်တင်တို့ ပါဝင်သော 'မိုးကြိုး' အသံတိတ်ဇာတ်ကားတွင် မထင်မရှား ဇာတ်ရံအခန်းမှ ပါဝင်ကာ ပထမခြေလှမ်းအဖြစ်ရုပ်ရှင်လောက အတွင်းသို့ စတင် ဝင်ရောက်သည်။ သရုပ်ဆောင် ဒါရိုက်တာ မောင်တင်မောင်ရိုက်ကူးပြီး မောင်တင်မောင်၊ မေရှင်၊ ရင်ရင်ရွှေ၊ သာဂေါင်၊ ဦးဘရှင်၊ ဒေါ်ဂျမ်းစိန်၊ အောင်ကြီး၊ ရွဲ့ကြီးတို့နှင့် တွဲဖက်ပါဝင်ခဲ့သော 'ချစ်ရေစင်'အသံထွက် ဇာတ်ကားတွင် ဒုတိယမြောက်အဖြစ် ပါဝင်ခွင့်ရရှိသည်။

ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော ကေလာသ အသံတိတ်ဇာတ်ကားတွင် အေးကြူ၊ မေနု၊ အောင်ကြီး၊စိုင် တင်၊ ဦးဘိုးသောင်တို့နှင့် တွဲဖက်ကာ တတိယမြောက်အဖြစ် ပါဝင်သရုပ်ဆောင်သည်။ ဆက်လက်၍ လက်ဦးဆရာဦးဘရှင် ရိုက်ကူးသော 'မာနရှင်' ဇာတ်ကားတွင် ချစ်ရွှေ၊ မေရှင်၊ ဒေါ်ဂျမ်းစိန်၊ ဦးဘရှင်၊ မောင်သန်းစိန်တို့နှင့် တွဲဖက်သရုပ် ဆောင်ပြီး ဒါရိုက်တာဦးချင်းစိန် ရိုက်ကူးသော 'ချစ်သွေးဟုန်' ဇာတ်ကားတွင် မောင်မောင်ခင်၊ မေမြင့်၊ ရွှေညာမောင်၊ ရင်ရင်ရွှေ၊ စိုင်တင်၊ အောင်ကြီးတို့နှင့် တွဲဖက်သရုပ်ဆောင် သည်။


ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ရုပ်ရှင် လုပ်ငန်းများ ရပ်တန့်သွားသည်။ စစ်ကြီးပြီးသောအခါ ဒေါ်မေသစ်သည် ရုပ်ရှင်လောကသို့ ပြန်မဝင်သေးဘဲ ကျောင်း ပြန်တက်သည်။ အင်းစိန်မြို့ရှိ ဒေါ်အေမီ အလွတ်ပညာသင် ကျောင်းတွင် သတ္တမတန်း ပညာသင်ယူနေစဉ် အေဝမ်းဖလင် က ဆက်သွယ်ခေါ်ယူသဖြင့် အေဝမ်းဖလင်သို့ တစ်ကျော့ပြန် ရောက်ရှိသွားသည်။ အေဝမ်းဖလင်သို့ ပြန်ရောက်သွားသော် လည်း အေဝမ်းဇာတ်ကားများတွင် ပါဝင်ခြင်းမရှိဘဲ လျှပ်စစ် ရုပ်ရှင်မှ ဒါရိုက်တာဦးတင်ယု ရိုက်ကူးသော 'မင်းဘာလဲ' အသံတိတ်ဇာတ်ကားတွင် ပွဲဦးထွက် ခေါင်းဆောင် မင်းသမီး အဖြစ် မောင်တင်မောင်၊ အေးကြူ၊ သာဂေါင်တို့နှင့် တွဲဖက် သရုပ်ဆောင်သည်။ လျှပ်စစ်ရုပ်ရှင်မှပင် ဆက်လက်၍ ဒါရိုက် တာ ဦးတင်ယု ရိုက်ကူးသော 'ဘဘကြီး' အသံတိတ်ဇာတ် ကားတွင် ခင်မောင်၊ အေးကို၊ ညိုညိုတို့နှင့် လည်းကောင်း၊ 'ညောင်ရမ်းညီနောင်'အသံတိတ်ဇာတ်ကားတွင် ခင်မောင်၊ အေးကို၊ ဦးဘိုးသောင်၊ ဒေါ်ဂျမ်းစိန်တို့နှင့်လည်းကောင်း တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်သည်။ လျှပ်စစ်ရုပ်ရှင်အတွက် ဒါရိုက်တာဦးသုခ ရိုက်ကူးသော 'ဂုဏ် ရည်မတူ' အသံထွက်ဇာတ်ကားတွင် ဒါရိုက်တာ ဆရာဦးသုခ၊ခင်မောင်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရာ မယ်သုံ၊ ပေါက်စီ အမည်ဖြင့် မေသစ်၏အမည်မှာ ကျော်ကြားလာသည်။


ထို့နောက် မေသစ်သည် ဒါရိုက်တာဦးဘရှင် ရိုက် ကူးသော 'ချိန်တန်ပြီ' အသံထွက်ဇာတ်ကားတွင် မောင်တင် မောင်၊ မေရှင်၊ ဒေါ်ဂျမ်းစိန်၊ သာဂေါင်၊ ရွဲ့ကြီးတို့နှင့်တွဲ ဖက်၍ ဒုတိယမင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ရာ မေသစ်၏ သနားစရာ အမူအရာနှင့် ကရုဏာအသံလေးကြောင့် ရုပ်ရှင် ကြည့်သူတိုင်း၏စိတ်ကို ဆွဲညှို့နိုင်ပြီး ထပ်မံ ကျော်ကြားလာ ပြန်သည်။ ဆက်လက်၍လျှပ်စစ်ရုပ်ရှင်မှ ဒါရိုက်တာဦးတင်ယု က 'ရန်ပုံခွင်း'အသံတိတ်ဇာတ်ကားနှင့် 'သူဌေးလောင်း'အသံ တိတ်ဇာတ်ကားတို့တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပြန် လည်ပွဲထုတ်သည်။ ရန်ပုံခွင်းဇာတ်ကားတွင် အေးကြူ၊ အေး ကို၊ ကြည်ကြည်မေ၊ ဘသစ်တို့နှင့်လည်းကောင်း တွဲဖက် သရုပ်ဆောင်သည်။

မေသစ်သည် အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင် မောင် ရိုက်ကူးသော 'ချစ်မုန်းမာန်' အသံထွက်ဇာတ်ကားတွင် မောင်တင်မောင်၊ သုခ၊ ရွှေညာမောင်၊ သာဂေါင်၊ ဦးထော်၊ ရန်ပတို့နှင့်တွဲဖက်၍ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ် ဆောင်ခဲ့ရာ တစ်ရှိန်ထိုး ကျော်ကြားလာသည်။ အေဝမ်းဖလင် မှပင် ဒါရိုက်တာ ဦးအောင်ဇံ ရိုက်ကူးသော 'ဘုမသိဘမသိ' သံစုံသွင်းဇာတ်ကားတွင် အေးကြူ၊ မေနွဲ့၊ မေမြ၊ မေလွင်၊ မေဆန်းတို့နှင့် လည်းကောင်း၊ 'ဝိဇယ'သံစုံသွင်းဇာတ်ကားတွင် အေးကြူ၊ ဒေါ်ဂျမ်းစိန်၊ သောကြာတို့နှင့်လည်းကောင်း တွဲဖက် ကာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်သည်။ ထို့ ပြင် လျှပ်စစ်ရုပ်ရှင်အတွက် ဒါရိုက်တာမြမောင် ရိုက်ကူးသော 'မြဲတဲ့သစ္စာ' အသံထွက်ဇာတ်ကားတွင် မေသစ်သည် ရင်နာ စရာကောင်းလှသော တောသူမကလေး နှင်းရီအဖြစ် ဇေယျ၊ အေးကြူ၊ မြင့်မြင့်ခင်၊ အေးကြူကြီးတို့နှင့် တွဲဖက်ကာပိုင်ပိုင် နိုင်နိုင် သရုပ်ဆောင်၍ ပရိသတ်ကို ဆွဲဆောင်သွားသည်။


မေသစ်သည် အေဝမ်းဖလင်မှ နုတ်ထွက်ပြီးနောက် ဗြိတိသျှဘားမားရုပ်ရှင်တွင် တစ်လလျှင် ကျပ် ၅ဝဝ နှုန်း သုံးနှစ်စာချုပ်ဖြင့် လခစားမင်းသမီး လုပ်ဆောင်သည်။ ဗြိတိသျှ ဘာမားရုပ်ရှင်အတွက် ဒါရိုက်တာဦးဘိုးဟန်၏ 'ရဲသွေးရဲမာန်' အသံတိတ်ဇာတ်ကားတွင် ကျော်ဖေနှင့်လည်းကောင်း၊ ဒါရိုက် တာ ဦးအောင်ကြီး၏ 'အချစ်ဆန်း' အသံထွက်ဇာတ်ကား တွင် ကျော်ဝင်း၊ တင်တင်မူ၊ ကျော်ဖေတို့နှင့်လည်းကောင်း၊ ဒါရိုက်တာသုခ၏ 'သည်ဆောင်းဟေမာန်' အသံထွက်ဇာတ် ကားတွင် ကျော်ဆွေ၊ ဇေယျ၊ မြင့်မြင့်ခင်တို့နှင့်လည်းကောင်း ဒါရိုက်တာချစ်ခင်၏ 'မမီတဲ့ပန်း' အသံထွက်ဇာတ်ကားတွင် မျိုးမြင့်၊ မြင့်မြင့်ခင်၊ ဒေါ်ခင်ကြည်တို့နှင့်လည်းကောင်း၊ ဒါရိုက် တာလှဦး၏ 'ဖူးစာနှစ်ခိုင်' အသံထွက်ဇာတ်ကားတွင် ကျော် ဆွေ၊ သူရ၊ ခင်ခင်ဆွေ၊ သိန်းဟန်ကြီး၊ မြမောင်တို့နှင့်လည်း ကောင်း၊ ဒါရိုက်တာရွှေဒုံးဘီအောင်၏ 'ဒေါက်တာအောင် ကျော်ဦး' အသံထွက်ဇာတ်ကားတွင် မောင်မောင်တာ၊မေရီမြင့်၊ သန်းသန်းမြင့်၊ အတာတို့နှင့်လည်းကောင်း တွဲဖက်ကာ ခေါင်း ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်သည်။


ထို့နောက် မေသစ်သည် ပန်းသာရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော 'ပန်းသာမစာဥ' အသံထွက်ဇာတ် ကားတွင် ဇေယျ၊ အေးကြူတို့နှင့်တွဲဖက်၍ ဆင်းရဲသော် လည်း ဂုဏ်ပကာသနကို မမက်မောဘဲ ကိုယ်ကျင့်တရား ကောင်းသော တောသူမလေး မစာဥအဖြစ် ပရိသတ်စိတ်ထဲ တွင် ကြေကွဲဝမ်းနည်းလာအောင် သရုပ်ဆောင်ထားသည်။ မန္တလေးရုပ်ရှင်အတွက် ဒါရိုက်တာသုခ ရိုက်ကူးသော 'ဘဝသံသရာ' အသံထွက်ဇာတ်ကားတွင် ဇေယျ၊ အေးကြူ၊ သုခ၊ နွဲ့နွဲ့အေး၊ ဒေါ်ဂျမ်းစိန်တို့နှင့်တွဲဖက်၍ သနားစရာ ခိုးကိုးရာမဲ့ ကျောင်းသူကလေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်ကြောင်း သက်သေပြ သွားသည်။ မန္တလေးရုပ်ရှင်ကပင် ဒါရိုက်တာမျိုးအောင် ရိုက် ကူးသော 'မြပန်းဝတ်ရည်'ဇာတ်ကားတွင် မြင့်အောင်၊ ဂျော်လီ ဆွေ၊ ဦးဘချစ်၊ နွဲ့နွဲ့အေး၊ မန္တလေးဦးအောင်ကြီး၊ ဒေါ်ဂျမ်းစိန် တို့နှင့်တွဲဖက်၍ တောသူမလေးအသွင်ဖြင့် ကြေကွဲဖွယ်ရာ များ ရင်ဆိုင်တွေ့ကြုံရပုံကို အစွမ်းပြ သရုပ်ဆောင်သွားသည်။

မေသစ်သည် ရိုးသားသော တောသူမလေးအသွင်၊ ဆင်းရဲသူအသွင်တို့ကို သရုပ်ဆောင်ရာတွင် ပီပြင်သကဲ့သို့ အလွမ်းအဆွေးများကိုလည်း အစွမ်းပြနိုင်သည်။ မြဇော်ဖလင် လမှ ဒါရိုက်တာဦးတင်ယု ရိုက်ကူးသော 'ကျော်တော့လှေ သူကြီး' အသံထွက်ဇာတ်ကားတွင် ဖိုးပါကြီး၊ မြင့်မြင့်ဌေး၊ ဝင်းဇော်၊ ကြယ်နီ၊ မစိန်ခင်၊ ဒေါ်ဂျမ်းစိန်၊ မြင့်ဖေ၊ သန်းနွဲ့၊ ခင်ပြုံးဇင်၊ ဘသစ်တို့နှင့်တွဲဖက်၍ သရုပ်ဆောင်ထားသည်။ ကေတုမတီရုပ်ရှင်အတွက် ဒါရိုက်တာဦးလှမောင် ရိုက်ကူး သော 'ဒေါက်တာမာလာ' အသံထွက်ဇာတ်ကားတွင် ဇေယျ၊ အေးကြူ၊ စောမူ၊ မန်းလှဖေ၊ သာဂေါင်၊ ဒေါ်စောရင်တို့နှင့် တွဲဖက်၍ ဆရာဝန်မကြီးအသွင် အနုပညာအစွမ်းပြသသွား သည်။


မေသစ်သည် အောင်မင်္ဂလာမှ ရွှေဘော်၏ သစ္စာနှင့် မေတ္တာ၊ ခင်ဦးမှ ဦးအောင်ကြီး၏ သံသာလေကမ်းတိုင်၊ ကန်တော်မိတ်မှ ဦးသုခ၏ ချစ်အဏုမြူ၊ အောင်မင်္ဂလာမှ မောင်ဝေဇင်၏ ချစ်ငွေ့မပြေ၊ ဦးတင်ယု၏ မခွဲတမ်းကြင်မယ်၊ တင်ညွန့်ရုပ်ရှင်မှ ဒါရိုက်တာတင်ညွန့်၏ လွမ်းသလေမောင် ကြီး၊ အောင်စကြာမှ သက်ခိုင်၏ မေတ္တာပိုင်ရှင် စသည့် အသံထွက်ဇာတ်ကားများတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ပြီးနောက် မြဇော်ဖလင်မှ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသော 'မေတ္တာရွှေရည်' အသံထွက်ဇာတ် ကားတွင် မြင့်အောင်၊ ဘမြင့်၊ သန်းနွဲ့၊ ရီရီစံ၊ မြင့်ဖေတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရာ ၁၉၆ဝ ပြည့်နှစ်အတွက် အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆွတ်ခူးရရှိသည်။ ရှုမဝရုပ်ရှင် မှ ဒါရိုက်တာ ရှုမဝဦးကျော်၏ 'ရင်ဝယ်တသိမ့်သိမ့်' အသံ ထွက်ဇာတ်ကားတွင် မောင်ယဉ်ထွေး စမ်းစမ်းအေး၊ မေနွဲ့၊ ဦးကျောက်လုံး၊ ဒေါ်ခင်ညွန့်၊ မောင်ယဉ်ကြည်တို့နှင့်တွဲဖက်၍ သားအပေါ် အချစ်ကြီးသော မိခင်မုဆိုးမအသွင် သရုပ်ဆောင် ခဲ့ရာ ၁၉၆၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု ထပ်မံ ဆွတ်ခူးရရှိသည်။


မေသစ်သည် ရုပ်ရှင်ထူးချွန်ဆု နှစ်ကြိမ်ရရှိပြီးနောက် သံယောဇဉ်၊ ချစ်သည်းဦး၊ ရွှေညာမြေ၊ ဗီဇ၊ ပွဲကြီးပွဲကောင်း၊ အချစ်နဲ့အပြစ်၊ မေ့ကွက်ကိုရှာ၊ တစ်နေ့တော့ပြန်လာမယ်၊ စန်းပွင့်လာပြီ၊ အရှက်နဲ့အသက်၊ ရေမြေဆုံးတိုင်၊ မြာဋီကာ၊ ရွှေဝါ၊ ဟန်ကိုယ့်ဖို့၊ သား၊ ငွေကျွန်၊ ပခန်းကိုကြီးကျော်၊ ယျလေးလုံး၊ ပန်းတိုင်းပွင့်ပါစေ၊ တစ်မိုးတစ်မြေ၊ ဆိုင်သူ ပိုင်သူ၊ စူဋ္ဌာသမ္ဘဝ၊ မဟာသမ္ဘဝ၊ ချစ်လှိုင်းသံ၊ ချစ်ဝင်္ကပါ၊ တင့်လှပေဟန်၊ သည်တစ်ကွေ့ဝယ်၊ ဂုဏ်ဆိုတာ၊ အောင်မြင် သောနေ့၊ ကြိုက်ပြီ၊ နှစ်`မွှာအသည်း စသည့် ဇာတ်ကားများ တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သည်။


မေသစ်သည် အသက်အရွယ်ရလာချိန်တွင် အဒေါ်၊ အမေ၊ အဘွားအသွင်တို့ဖြင့် သဘာဝကျကျ သရုပ်ဆောင် နိုင်သူဖြစ်၍ မြင်စမ်းစေချင်သည် လှဒေဝီ၊ အပြောချိုတဲ့ အပျိုချော၊ ရွက်စိမ်း၊ စမ်းရေပမာ မိမေတ္တာ၊ ရုန်း၍ကန်၍ ရင်ဆိုင်၍၊ ရပ်ကြီးသူ၊ ဝရမ်းပြေးဘိုးသိန်း၊ စိမ်းနဲ့တေဇာ၊ငွေ၊ ချစ်မုန်းမာန်၊ ရွှေပြည်တန်၊ မှဲ့တစ်ပေါက်၊ သွေးမှသတ္တိရှိသော ကြောင့်၊ နေဇာ၊ စနေမ၊ အောင်ပွဲနဲ့အတူပြန်လာမယ် စသည့် ဇာတ်ကားများတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့ပြီးနောက် တော်ဝင်ထွန်းရုပ်ရှင်မှ ဒါရိုက်တာ ထွန်းမြင့် ထွန်း ရိုက်ကူးသော နွဲ့မျိုးစုံလင်နွဲ့လိုက်ချင် ဇာတ်ကားတွင် ဇော်လင်း၊ ခင်သီတာထွန်း၊ မြင့်နိုင်၊ သန်းဖေလေး၊ စိန်ဂျွန်း ထွန်းရွှေ၊ ဒေါ်ခင်အုန်းမြင့်တို့နှင့်တွဲဖက်၍ သရုပ်ဆောင်ခဲ့ရာ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုသမီးဇာတ်ပို့ဆုကို ထပ်မံ ဆွတ်ခူးရရှိသည်။


ရုပ်ရှင်ထူးချွန်ဆုသုံးဆု ပိုင်ရှင်ဖြစ်လာသော မေသစ် သည် ဆက်လက်၍ ပြုံးသည်မုန်းသည် ချစ်ရသည်၊ အသည်းတစ်ခု မြားတစ်စင်း၊ စကားပြောသောသွေး၊ နွေဦး ကာလ မြူထသောအခါ၊ ပိတောက်စိမ်း၊ ကြင်ဖော်တွဲချင် ရှာလိမ့်မည်၊ စိမ်းလို့သာခေါ်လိုက်ပါ၊ ဘယ်သန်ညာသန်၊ သုံးတောင်ပြည့်ခန်းသာလယ်မှာ၊ နေသွေး၊ သားလေးယောက်၊ ညိုမကို ပြောလိုက်ပါ၊ သမီးချော၊ ကိုကိုညီညီ၊ စိန်ရိုင်း၊ ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိသိန်းကြည်၊ နေကန့် လန့်ကာ လပဝါ၊ ကိုကိုနဲ့ပဲ နေချင်တယ်၊ မေတ္တာစိမ်းစိမ်း၊ လူ့မနှော၊ ပေါင်း၍နုတ်၍မရသောမေတ္တာ၊ ချိုချစ်သည်း ရယ်၊ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ၊ သွားဖန်များခရီး ရောက်၊ မေတ္တာနဲ့သစ္စာ၊ မေမြတ်နွယ်၊ လောကကြီးမှာတစ် ယောက်တည်း၊ လမိုက်ညနဲ့ အလှကမ္ဘာ၊ ချစ်ရမှာကြောက် တယ်၊ ကိုယ့်ရင်ထဲက မိန်းကလေး၊ မောင့်ချစ်သူ နွယ်နွယ် ထွန်း၊ ဧမိစံကဒုတိယ ကျွန်တော်ကပထမ၊ အရွယ်၊ ရင်နင့် အောင်မွှေး၊ ဆူးနှစ်ဆူး၊ နေလိုနတ်ကယ်လှသူရယ်၊ အရွယ် ရိုင်း၊ အဆိပ်ပန်းနဲ့ မေတ္တာလမ်း၊ အတာရေနဲ့ဆေးပါ့မယ်၊ တိုးမောင်၊ အချစ်ကိုယ်ရံတော်၊ ငယ်ကျွမ်းချစ်သူ၊ စိန်ခေါ်ရင်တိမ်ပေါ်အထိလိုက်မယ်၊ ကျွန်တော်က ခန့်ချော၊ အရောင် အသွေးတို့ကဆန်းကြယ် မီရာအချစ်နဲ့ လိုက်ခဲ့ပါ၊ အချစ်ဆုံးမို့ မမေ့နိုင်ပါ၊ နေနဲ့လနဲ့တစ်လှည့်စီ၊ နံ့သာလည်းမွှေး ပန်း လည်းမွှေး၊ စံရွှေမြင့်ရဲ့ လေးခင်ခင်၊ မျက်နှာတစ်ခြမ်းအိုး မည်းနှင့်၊ ရှင့်လိုသူ၊ ငယ်သူတို့အကြောင်း၊ သားနဲ့တူတဲ့ သား၊ မောင်ခေါ်ရာလိုက်ခဲ့တော့မယ်၊ လွမ်းနေမယ်မမ၊ ချစ် မီးလျှံထဲက မေချို၊ သံလက်သီးနဲ့ ကရာတေး၊ မုန်းသူပြုံးသော နေ့ဝယ်၊ ကျွန်တော့်နာမည် ကျော်ကျော်၊ ပန်းကမ္ဘာလေးထဲက စောင့်နေမယ်၊ တိုက်စစ်မှူးဇော်ဇော်၊ ပန်းမမလှဧကရီ၊ သီတာ သောင်ခြေဦး၊ ရင်ထဲမှာရွာတဲ့မိုး၊ အချစ်ကလေးတစ်ချစ်၊ ရန်ကြီးအောင်ဓား၊ လူဆိုသည်မှာ၊ မျှော်လေတိုင်းမှိုင်းရီ၊မေတ္တာ လှလှ ပန်းလှလှ၊ စစ်ပြန်ရန်ပိုင်၊ ပယင်းရောင်၊ ယဉ်မင်းပိုက်၊ အေးမြသီတာ၊ နောင်နောင့်ကို အချစ်ဆုံး၊ စိန်သို့မဟုတ်စိမ်၊ ကုဋေရှစ်ဆယ်သူဌေးသား၊ အနန္တချစ်သူ၊ ဒီကမ္ဘာမှာကျွန်တော် အပျော်ဆုံး၊ မချစ်ရင်လည်း ရပါတယ်၊ သိမ့်၊ ဒေါင်ဒေါင်မြည် တဲ့အသည်း၊ ပူစူးမ၊ ချစ်သူဝိုင်းဝိုင်းလည်၊ မယ်မင်းကြီးမ စသည့် ဇာတ်ကားများတွင် ကျရာအခန်းမှ ပါဝင်သရုပ်ဆောင် ခဲ့သည်။

မေသစ်သည် လွတ်လပ်ရေးရပြီးခေတ် နောက်ပိုင်း တွင် မြန်မာရုပ်ရှင်လောက၌ ထိပ်တန်းနေရာ ရရှိခဲ့ကြသော မေရှင်၊ မေမြင့်၊ မေမြ၊ မေလွင်၊ မေရီမြင့်၊ တင်တင်မူ၊ မြင့်မြင့်ဌေး၊ ကြည်ကြည်ဌေး၊ ခင်အုန်းမြင့်၊ မြင့်မြင့်ခင်၊ ကြူကြူ၊ မေရီမြ၊ ခင်မာလာ၊ သီသီ စသည့် မင်းသမီးများ နှင့်အပြိုင် ထိပ်တန်းနေရာ ရရှိသကဲ့သို့ နာမည်ရကျော်ကြား ခဲ့သော တင်တင်အေး၊ စံရှားတင်၊ ခင်ယုမေ၊ သင်းသင်းလဲ့၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနုနှင့်အတူ ထိပ်တန်းမင်းသမီးကြီး တစ်ယောက် ဖြစ်သည်။ မေရီမြင့်၊ တင်တင်မူ၊ မြင့်မြင့်ခင်၊ မြင့်မြင့်ဌေး၊ ကြည်ကြည်ဌေးတို့ထက်စော၍ ရုပ်ရှင်လောက သို့ရောက်ရှိပြီး ခေတ်ပြိုင်ကျော်ကြားသူများထက် ရုပ်ရှင်ဇာတ် ကား အများဆုံး ရိုက်ကူး သရုပ်ဆာင်သွားသည်။

ရုပ်ရှင်မင်းသမီးကြီး သုံးထပ်ကွမ်း အကယ်ဒမီဝဏ္ဏကျော်ထင် ဒေါ်မေသစ်သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန် ချိန်တွင် သားသမီးလေးဦး ကျန်ရစ်သည်။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်သန်းမြင့် (ဗန်းမော်) ရွှေအမြူတေ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၀၂။
  2. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ