မေမြင့် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

မေမြင့်[ပြင်ဆင်ရန်]

ဒေါ်မေမြင့်၏ အမည်ရင်းမှာ မခင်မြင့်ဖြစ်သည်။ ပျဉ်းမနားမြို့ အဖ ဆရာဝန် ဦးဖြေး၊ အမိ ဒေါ်သက်တို့၏ သားသမီးငါးယောက်အနက် ဒုတိယမြောက်သမီးဖြစ်သည်။ ပျဉ်းမနားဇာတိဖြစ်သော်လည်း မိဘတို့၏ အလုပ်တာဝန်အရ ထိုင်းနိုင်ငံတွင် ရှစ်နှစ်သမီးအထိ နေထိုင်ခဲ့ရပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် စီးပွားရေးအခြေအနေကြောင့် အေဝမ်းရုပ်ရှင် မင်းသမီးမေသန်းက အေဝမ်းရုပ်ရှင်ကုမ္ပဏီနှင့် ဆက်သွယ်ပေးခဲ့ရာ တစ်လလျှင် လစာ (၃၀) ကျပ် မင်းသမီးခန့်ထားခြင်း ခံရသည်။

ဒါရိုက်တာဦးတင်နွယ်ရိုက်ကူးသော ကြယ်တာရာ အသံတိတ်ဇာတ်ကားမှ စတင်သရုပ်ဆောင်ရသည်။ အေဝမ်းကုမ္ပဏီမှ မခင်မြင့်အား မေမြင့်ဟု နာမည်တပ်ပေးလိုက်သည်။ ဆက်လက်၍ အေဝမ်းရုပ်ရှင်မှပင် ရိုက်ကူးသော မဝိဇ္ဇာ၊ မြခွာညို အသံတိတ်ဇာတ်ကားများတွင် ဇာတ်ရံမင်းသမီးအဖြစ် ပါဝင်ခဲ့ရသည်။ ထို့နောက် ဒါရိုက်တာဦးချင်းစိန် ရိုက်ကူးသော ကြင်သက်ဝေဇာတ်ကားမှစ၍ မင်းသားချစ်ရွှေ နှင့်တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရသည်။

မေမြင့်သည် အေဝမ်းရုပ်ရှင်မှာပင် ဒါရိုက်တာဦးချင်းစိန်၏ မြမျက်ခြယ် အသံတိတ်ကားတွင် ချစ်ရွှေ၊ ညွန့်မောင် တို့နှင့်လည်းကောင်း၊ ဒေါင်းစကြာ အသံတိတ် ဇာတ်ကားတွင် တင်ဆွေ၊ ညွန့်မောင်တို့နှင့်လည်းကောင်း၊ ဒါရိုက်တာ ဦးတင်မောင်၏ အောင်သပြေ အသံတိတ်ဇာတ်ကားတွင် ချစ်ရွှေ၊ ညွန့်မောင်တို့နှင့် လည်းကောင်း၊ ဒါရိုက်တာ ဦးလွန်းဖေ၏ မြတ်ဂုဏ်တော် ဇာတ်ကားတွင် မင်းသား ခင်မောင်နှင့်လည်းကောင်း၊ တွဲဖက်သရုပ်ဆောင်ခဲ့သည်။

အေဝမ်းရုပ်ရှင်မှ ရိုက်ကူးသော မြိုင်ယံဘွားဇာတ်ကားတွင် မင်းသား ညွန့်မောင်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရာ ယင်းဇာတ်ကားမှာ ထိုခေတ်က အလွန်လူကြိုက်များခဲ့သည်။ မြိုင်ယံဘွားရိုက်ကူးပြီးနောက် မေမြင့်သည် မင်းသား ညွန့်မောင်နှင့် လက်ထပ်ခဲ့သည်။

မေမြင့်ပါဝင်သရုပ်ဆောင်ပြီး လူကြိုက်အလွန်များခဲ့သော အခြားဇာတ်ကားနှစ်ကားမှာ ရန်ကုန်မြို့တွင် လပေါင်းများစွာ ရုံတင်ပြသခဲ့ရသော ခါဇံချီ အသံထွက် အိန္ဒိယရုပ်ရှင်ကားကို ဒါရိုက်တာဦးချင်းစိန် မြန်မာမှုပြူရိုက်ကူးသည့် ချစ်သွေးဟုန် (မောင်မောင်ခင်၊ မေမြင့်) ဇာတ်ကားနှင့် ဇာတ်ညွန်းစာရေးဆရာသုခ ၊ ဒါရိုက်တာ မောင်တင်မောင် ရိုက်ကူးသော ချစ်အမျှ (မင်းသား မောင်တင်မောင်၊ မေရှင်၊ မေမြင့်) ဇာတ်ကားများဖြစ်သည်။ မေမြင့်သည် အေဝမ်းရုပ်ရှင်တွင် ရုပ်ရှင်ရိုက်ကူးနေစဉ်မှာပင် အေဝမ်း ဓာတ်ပြားကုမ္ပဏီမှ သီချင်းလေးပုဒ် သီဆို ဓာတ်ပြားသွင်းခဲ့ရာ သဟာယ ဆရာတင် ရေသားသော မေတ္တာလက်ဆောင်နှင့် ခလေးစိတ်သီချင်းများမှာ ထိုစဉ်က အလွန်ကျော်ကြားခဲ့သည်။ မေတ္တာလက်ဆောင် သီချင်းမှာ ယနေ့ခေတ်ပြန်ဆိုတေး အဖြစ် ကျော်ကြားနေဆဲ ဖြစ်သည်။

မေမြင့်သည် မင်းသားချစ်ရွှေနှင့် စုံတွဲတေးသီချင်း နှစ်ပုဒ်ဓာတ်ပြားသွင်းခဲ့သည်။ သဟာယဆရာတင်ရေးသားသော မုန်းပါလားနှင့် ချစ်ညွှတ်ကွင်း သီချင်းတို့ဖြစ်သည်။

ဂျပန်ခေတ်တခေတ်လုံး ဒဂုန်ဆရာတင်ဦးစီးသော ပြဇာတ်အဖွဲ့နှင့် နယ်လှည့်ကပြ ဖျော်ဖြေခဲ့ပြီး ၊ စစ်ပြီးခေတ်တွင် နယူးဘားမားဖလင် ဒါရိုက်တာ ဦးလွန်းဖေ၏ ဗမာသစ်( မင်းသားညွန့်မောင်၊ ညွန့်ရွှေ) ၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဒါရိုက်တာဦးချင်းစိန်၏ အထောက်တော် (မင်းသားကျော်ရွှေ)၊ ဇောတိကရုပ်ရှင် ဒါရိုက်တာဦးဖိုးဟန်၏ သေကံမရောက်သက်မပျောက် (မင်းသားတင်ဆွေ)၊ တင်ဝင်းရုပ်ရှင်ဒါရိုက်တာ မင်းသားတင်ဖေ၏ မိုက်သွေး (မင်းသားတင်ဖေ၊ တင်ဆွေ)၊ ရန်ပုံခွင်းဖလင် ဒါရိုက်တာဦးမျိုးအောင်၏ သားနှင့်သွေး (မင်းသားဇေယျ၊ ကျော်ဖေ)၊ ဘီးသုံးလုံးဖလင် ဒါရိုက်တာ မောင်လှတင်၏ လှလေခက်လေ (မင်းသားဇေယျ၊ ရွှေကို၊ မြင့်မြင့်ဌေး) နှင့် အခြားဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ဗြိတိသျှဘားမား (ညွှန့်မြန်မာ) ရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးသည့် ပွဲခါညောင်ရေ အသံထွက်ဇာတ်ကား၌ ကျော်ဆွေ၊ ဂျော်လီဆွေ၊ မေမြတို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အကယ်ဒမီဆု ရရှိခဲ့သည်။ ဗြိတိသျှဘားမားရုပ်ရှင်မှပင် ဒါရိုက်တာလှဦး ရိုက်ကူးပြီး လူကြိုက်အလွန်များခဲ့သည့် မေ့ဘူးကွယ့်သက်လှယ် အသံထွက် ဇာတ်ကားတွင်လည်း မင်းသားကျော်ဖေနှင့်အတူ သရုပ်ဆောင်ခဲ့သေးသည်။

မေမြင့်သည် လူမော် ဇာတ်ကားနှင့် အင်္ဂုလိမာလ ဇာတ်ကားနှစ်ကားကို နောက်ဆုံးရိုက်ကူးပြီး ရုပ်ရှင်မင်းသမီးအဖြစ်မှ အနားယူလိုက်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ မင်္ဂလာတောင်ညွန့်ဖလင် ကုမ္ပဏီတည်ထောင်၍ ရာဇဝင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သားသမီး (၅)ယောက်ရှိပြီး အသက်(၇၀)ကျော်တွင် ကွယ်လွန်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]