မာတိကာသို့ ခုန်သွားရန်

မေတ္တသုတ်

ဝီကီပီးဒီးယား မှ

မေတ္တသုတ် + မေတ္တာသုတ်သည် စုစုပေါင်း (၉)သုတ် ရှိပါသည်။

မေတ္တသုတ် ကို ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ အပိုင်း ၉ တွင် တွေ့ရှိနိုင်သည်။[]

အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီး ဟိမဝန္တာနှင့် တစ်စပ်တည်း တည်နေသော တောအုပ်ကြီးတစ်ခုထဲသို့ ဝင်ရောက်၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ တရားအားထုတ်ကာ သီတင်းသုံး နေထိုင်ကြလေသည်။

ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များပေါ်ရှိနတ်များမှာ သစ်ပင်များပေါ်၌ မနေဝံ့ကြတော့ဘဲ ကလေးများကို လက်ဆွဲကာ လှည့်လည်သွားလာ နေထိုင်ကြရရှာကုန်၏။ ရဟန်းများ တစ်နေ့ ပြန်နိုးနိုးနှင့် စောင့်နေခဲ့ကြကုန်၏၊ အတော်ကြာသောအခါ “ရဟန်းများ ပြန်ကြတော့မည် မဟုတ်”ဟု သိကြ၍ ရဟန်းများ မနေဝံ့အောင် ညဉ့်အခါ၌ ကြောက်မက်ဖွယ် အဆင်း အသံများကို ပြကာ ခြောက်လှန့်ကြလေတော့သည်။ ထိုအခါ ရဟန်းများ ထိတ်လန့်တုန်လှုပ်ကြကာ ရောဂါ အမျိုးမျိုး ရရှိကြတော့သည်။ စိတ်ချောက်ချား၍ အေးချမ်းသာယာမှု တည်ကြည်ငြိမ်သက်မှုကို လုံးဝ မရရှိကြတော့ကုန်။ သို့ဖြစ်၍ “ငါတို့ဤအရပ်မှာ မနေသင့် ဟု ဆုံးဖြတ်ကြကာ မြတ်စွာဘုရားအထံတော်သို့ ပြန်သွားခဲ့ကြလေသည်။ မြတ်စွာဘုရားအထံတော်သို့ ရောက်သောအခါ အကြောင်းစုံကို လျှောက်ထားကြ၏။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို မေတ္တသုတ် ပရိတ်တော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူခဲ့လေသည်။

ရဟန်းများလည်း ထိုတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရား သင်ပေးညွှန်ကြားတော်မူလိုက်သည့် အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်ကြ စောင့်ရှောက်ကြ လေသည်။ ထိုအခါ ထိုရဟန်းတော်များ မေတ္တသုတ်ကို ရွတ်ဆိုပွားများကြ၍ ဝိပဿနာတရားကိုပါ ပွားများ အားထုတ်ကြသောအခါ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။[]

မေတ္တသုတ် (ပါဠိ)

[ပြင်ဆင်ရန်]
ပါဠိတော်မြန်မာအသံထွက်
၁။ ယဿာနုဘာဝတော ယက္ခာ၊

နေဝ ဒဿေန္တိ ဘီသနံ။
ယဉှိ စေဝါ နုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။[][][မှတ်စု ၁]

၁။ ယတ်သာ နုဘာဝ-တော ယက်ခါ၊

နေဝ ဒတ်သင်တိ ဘီသနံ။
ယင်ညှိ စေဝါ- နုယုန်ဇန်တော၊
ရတ်တိန်ဒိဝ-မ တန်ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊

ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။[]

၂။ သုခံ သုပတိ သုတ်တော စ၊

ပါပံ ကိန်စိ န ပတ်သတိ။
အေ၀မာဒိဂုဏူပေတံ၊
ပရိတ်တံ တံ ဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊

ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။[]

၃။ ကရဏီယ-မတ်ထ-ကုသလေန၊

ယန်တ-သန်တံ ပဒံ အဘိသမစ်စ။
သက်ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စတ်သ မုဒု အနတိမာနီ။

၄။ သန္တုဿကော စ သုဘရော စ၊

အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။[]

၄။ သန်တုတ်သကော စ သုဘရော စ၊

အပ်ပ-ကိတ်စော စ သန်လဟုက-ဝုတ်တိ။
သန်တိန်ဒရိယော စ နိပကော စ၊
အပ် ပဂတ်ဗော ကုလေသွ နနုဂိတ်ဓော။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊

ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။[]

၅။ န-စ-ခုတ်ဒ-မာစရေ ကိန်စိ၊

ယေန ဝိန်ညူ ပရေ အုပ-ဝဒေယုံ။
သုခိနောဝ ခေမိနော ဟွန်တု၊
သပ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊

တသာ ဝါ ထာဝရာဝ နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုကထူလာ။[]

၆။ ယေ ကေစိ ပါဏ-ဘူတတ်ထိ၊

တသာ ဝါ ထာဝရာဝ-နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန်တာ၊
မစ်ဈိမာ ရတ်သကာ အဏုက-ထူလာ။

၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။[]

၇။ ဒိတ်ထာ ဝါ ယေ၀ အ-ဒိတ်ထာ၊

ယေ ဝ ဒူရေ ဝသန်တိ အ-ဝိဒူရေ။
ဘူတာ ဝ သမ်ဘဝေသီ ဝ၊
သတ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခ မိစ္ဆေယျ။[]

၈။ န ပရော ပရံ နိကုပ်ဗေထ၊

နာတိ မင်ညေထ ကတ်ထ-စိ န ကင်စိ။
ဗျာရောသနာ ပတိဃသင်ည၊
နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ။

၉။ မာတာ ယထာ နိယံပုတ္တ၊

မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။[]

၉။ မာတာ ယထာ နိယံ ပုတ်တ၊

မာယုသာ အေက ပုတ်တ မနုရက်ခေ။
အေဝမ်ပိ သပ်ဗ-ဘူတေသု၊
မာနသံ ဘာဝယေ အ-ပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊

မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။[]

၁၀။ မစ်တင်စ သပ်ဗ-လောကတ်သမိန်၊

မာနသံ ဘာဝယေ အ-ပရိမာဏံ။
အုတ်ဓံ အဓော စ တိရိယင်စ၊
အ-သမ်ဗာဓံ အ-ဝေရ မ-သပတ်တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊

သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။[]

၁၁။ တိတ်ထံ စရံ နိသိန်နော ဝ၊

သယာနော ယာဝတတ်သ ဝိတ မိတ်ဓော။
အေတံ သတိန် အဓိတ်ထေယ၊
ဗြန်မ မေတံ ဝိဟာရ-မိဓ-မာဟု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊

သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။[][မှတ်စု ၂]

၁၂။ ဒိတ်ထိန် စ အနုပက်ဂမ်မ၊

သီလ-ဝါ ဒတ်သနေန သမ်ပန်နော။
ကာမေသု ဝိနေယ ဂေဓံ၊
န ဟိ ဇာတုတ်-ဂတ်ဘ သေယ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။
မစ်တ-သုတ်တံ နိတ်ထိတံ။

မှတ်စု

[ပြင်ဆင်ရန်]
  1. ("ယဉှိ" ကို "ယင်ညှိ" ဟုဖတ်ပါ။)[]
  2. "ဗုဒ္ဓဘာသာကောင်းတစ်ယောက်"စာအုပ်တွင် "ပုန ရေတိ"ဟု သုံးထားသည်။

မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး[]

[ပြင်ဆင်ရန်]

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ

  • ဘီလူးသရဲစသော မကောင်းဆိုးဝါးတို့၏ အခြောက်အလှန့်မခံရခြင်း၊
  • အနာရောဂါကင်းခြင်း၊
  • အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊
  • ချမ်းသာစွာ အိပ်ရခြင်း၊ နိုးရခြင်း၊
  • လူနတ်အများချစ်ခင်ခြင်း၊
  • အဆိပ်လက်နက် မစူးရှခြင်း၊
  • ရူးသွပ်သော ဝေဒနာကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံ ရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။

မေတ္တသုတ် မြန်မာပြန်[]

[ပြင်ဆင်ရန်]

၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်

၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။

၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သောသူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။

  1. ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။
  2. စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။
  3. ဆိုဆုံးမလွယ်ရာ၏။
  4. နူးညံ့သိမ်မွေ့ရာ၏။
  5. သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
  6. ရောင့်ရဲလွယ်ရာ၏။
  7. မွေးမြူလွယ်ရာ၏။
  8. နည်းပါးသော အမှုကိစ္စရှိရာ၏။
  9. ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။
  10. ငြိမ်သက်သော ဣန္ဒြေရှိရာ၏။
  11. အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏။
  12. ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။
  13. ဒါယကာတို့၌ တွယ်တာမက်မောမှု မရှိရာ။

၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့်တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံ့သောသတ္တဝါ၊ မဆူမကြုံ့သော သတ္တဝါ။

၇။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီ ကံဖြင့်လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုးထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘဝတည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လှဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို "မြတ်သောနေထိုင်ခြင်း" ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်းကင်းသောကြောင့် နောက်တစ်ဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။ ။

မေတ္တာသုတ်တော်လာ မေတ္တာပွားနည်း (၁၁) နည်း

[ပြင်ဆင်ရန်]

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။[]

အနက်အဓိပ္ပာယ်များ

[ပြင်ဆင်ရန်]

မေတ္တသုတ်အနက်(ဗုဒ္ဓဘာသာအခြေခံ(လက်စွဲ) မိဘမေတ္တာဆယ်စောင်တွဲ‌)[]

[ပြင်ဆင်ရန်]
  1. ယဿ၊ အကြင်မေတ္တသုတ်၏။ အာနုဘာဝတော၊ အာနုဘော်ကြောင့်။ ယက္ခာ၊ ဘီလူးတို့သည်။ (ဝါ) ဘုမ္မစိုးနတ်တို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ်သော အဆင်းကို။ နေဝဒဿေန္တိ၊ မမြငံ့ကုန်။ ယမှိစေ၀= ယံဟိစဧဝ၊ အကြင်မေတ္တသုတ် ပရိတ်တော်၌သာလျှင်။ ရတ္တိ'၊ ညဉ့်၌ လည်းကောင်း။ ဒိဝံ၊ နေ့၌လည်းကောင်း။ အတန္ဒိတော၊ မပျင်းမရိသည်ဖြစ်၍၊ အနုယုဉ္ဇန္တော၊ လုံ့လပြုသောသူသည်။
  2. သုခံ၊ ချမ်းသာစွာ။ သုပတိ၊ အိပ်ရ၏။ သုတ္တောစ၊ အိပ် ပျော်သော်လည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံ၊ မကောင်းသော အိပ်မက်ကို။ နပဿတိ၊ မမြင်မက်။ ဧဝမာဒိဂုဏူပေတံ၊ ဤသို့ အစရှိသော ကျေးဇူးနှင့်ပြည့်စုံသော။ တံပရိတ္တံ၊ ထိုမေတ္တသုတ် ပရိတ်တော်ကို။ ဟေ၊ အို သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြကုန်အံ့။
  3. သန္တံ ၊ ငြိမ်သက်စွာသော။ ယံ ပဒံ၊ အကြင်နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ တံ ပဒံ၊ ထိုနိဗ္ဗာန်သို့။ အဘိသမေစ္စ အာရုံပြုသော အားဖြင့်ကပ်၍။ (ဝါ) လောကီဉာဏ်ဖြင့် သက်ဝင်၍။ အတ္ထကုသလေန၊ အစီးအပွား၌ လိမ္မာသောသူသည်၊ ကရဏီယံ၊ ပြုအပ်၏။ သက္ကောစ၊ ပြုခြင်းငှာ တတ်အားသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇုစ၊ ဖြောင့် မတ်သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ သုဟုဇုစ၊ ကောင်းစွာ ဖြောင့်မတ် သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ သုဝစောစ၊ ပညာရှိတို့ ဆိုလွယ် သည်လည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နူးညံ့သည်လည်း၊ အဿ၊ ဖြစ်ရာ၏။ အနတိမာနိစ၊ မာန်မရှိသည်လည်း။ အဿ ဖြစ်ရာ၏။
  4. သန္တုဿကောစ၊ ရောင့်ရဲလွယ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရောစ၊ မွေးမြူလွယ်သည်လည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စောစ၊ နည်းသောကိစ္စရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက ဝုတ္တိစ၊ ပေါ့သောအသက်မွေးခြင်းရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယောစ၊ ငြိမ်သက်သော ဣန္ဒြေရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ နိပကောစ၊ ရင့်သော ပညာရှိသည်လည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘာစ၊ မကြမ်းတမ်းသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊ ဒါယကာတို့၌။ အနနုဂိဒ္ဓေါစ၊ မမက်မောသည် လည်း။ အဿ၊ ဖြစ်ရာ၏။
  5. ယေန၊ အကြင်မကောင်းသော အမှုဖြင့်။ ဝိညူ၊ ပညာရှိကုန်သော။ ပရေ၊ တစ်ပါးသောသူတို့သည်။ ဥပဝဒေယျုံ၊ ကဲ့ရဲ့ကုန်၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ တံ၊ ထိုပညာရှိတို့သည် ကဲ့ရဲ့အံ့သော အမှုကို။ ခုဒ္ဒမ္ပိ၊ အနည်းငယ်မျှသော်လည်း။ န စ အာစရေ၊ မကျင့်ရာ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ သုခိနော ဝါ၊ ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း။ ခေမိနော ဝါ၊ ဘေးမရှိကုန်သည်လည်းကောင်း။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။  သုခိတတ္တာ၊ ချမ်းသာသော ကိုယ်, စိတ်ရှိကုန်သည်လည်း။ ဘဝန္တု၊ ဖြစ်စေကုန်သတည်း။
  6. အနဝသေသာ၊ အကြွင်းမရှိကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ ပါဏဘူတာဝါ၊ ထွက်သက်ဝင်သက်ရှိကုန်သော သတ္တဝါတို့သည်လည်းကောင်း။ တသာဝါ၊ ထိတ်လန့်တတ်သော ပုထုဇဉ်, သေက္ခသတ္တဝါတို့သည်လည်းကောင်း။ ထာဝရာဝါ၊ တည်ကြည်ငြိမ်သက်သော ရဟန္တာသတ္တဝါတို့သည်လည်းကောင်း။ ဒီဃာ၊ ရှည်ကုန်သော။ ယေသတ္တာဝါ၊ အကြင်သတ္တဝါတို့သည်လည်း ကောင်း။ မဟန္တာဝါ၊ ကြီးသောသတ္တဝါတို့သည်လည်းကောင်း။ မဇ္ဈိမာဝါ၊ မတို, မရှည်, မကြီး, မငယ်သော သတ္တဝါတို့သည် လည်းကောင်း။ အဏုက ထူလာဝါ၊ ကြုံသောသတ္တဝါ, ဆူသော သတ္တဝါတို့သည်လည်းကောင်း။
  7. ဒိဋ္ဌာ၊ မြင်အပ်ကုန်သော။ ယေသတ္တာဝါ၊ အကြင် သတ္တဝါ တို့သည်လည်းကောင်း။ အဒိဋ္ဌာ၊ မမြင်အပ်ကုန်သော။ ယေသတ္တာဝါ၊ အကြင်သတ္တဝါတို့သည်လည်းကောင်း။ ဒူရေ၊ အဝေး၌။ ဝသန္တိ၊ နေကုန်၏။ တေသတ္တာဝါ၊ ထိုသတ္တဝါတို့သည်လည်းကောင်း။ အဝိဒူရေ၊ မနီးမဝေးသော အရပ်၌။ ဝသန္တိ၊ နေကုန်၏။ တေသတ္တာဝါ၊ ထိုသတ္တဝါတို့သည်လည်းကောင်း။ ဘူတာဝါ၊ ဖြစ်ပြီးသော သတ္တဝါ တို့သည်လည်းကောင်း။ သမ္ဘဝေသီဝါ၊ နောင်ဖြစ်လတ္တံ့သော သတ္တဝါ တို့ သည်လည်းကောင်း။ (တနည်းကား) သမ္ဘဝေ၊ သုက်၌။ သီဝါ၊ ကိန်းသော သတ္တဝါတို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ သုခိတတ္တာ၊ ချမ်းသာသော ကိုယ်, စိတ် ရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း၊
  8. ပရော၊ သူတစ်ပါးသည်။ ပရံ၊ သူတစ်ပါးကို။ န နိကုဗ္ဗေထ၊ အမျက်မထွက်ရာ။ ကတ္ထစိ၊ တစ်စုံတစ်ခသော အမှု၌။ နံ၊ ထိုသူတစ်ပါးကို။ ဗျာရောသနာ = ဗျာရောသနာ၊ ချုပ်ချယ်သော စကားဖြင့်လည်းကောင်း၊ ပဋိဃသညာ = ပဋိဃ သညာယ၊ အမျက် ထွက်သော အမှတ်ဖြင့်လည်းကောင်း။ ကိဉ္စိ၊ တစိုးတစိမျှ။ နာတိမညေထ၊ မထီမဲ့မြင် မအောက်မေ့ရာ။ အညမညဿ၊ အချင်းချင်း၏။ ဒုက္ခံ၊ ဆင်းရဲကို။ နဣစ္ဆေယျ၊ အလိုမရှိရာ။
  9. မာတာ၊ အမိသည်။ နိယံပုတ္တံ၊ မိမိကိုမှီ၍ဖြစ်သော။ ဧကပုတ္တံ၊ တစ်ယောက်တည်းသောသားကို။ အာယုသာ၊ အသက် ကြောင့်။ အနုရက္ခေ ယထာ၊ အဖန်တလဲလဲ စောင့်သကဲ့သို့။ ဧဝမ္ပိ၊ ထို့အတူလျှင်။ သဗ္ဗဘူတေသု၊ ခပ်သိမ်းသော သတ္တဝါတို့၌။ အပရိမာဏံ၊ အတိုင်းမသိသော။ မာနသံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ ပွားစေရာ၏။
  10. ဥဒ္ဓံစ၊ အထက်၌လည်းကောင်း။ အဓောစ၊ အောက်၌ လည်းကောင်း။ တိရိယဉ္စ၊ ဖီလာ၌ လည်းကောင်း။ သဗ္ဗလောကသ္မိံ၊ ခပ်သိမ်းသော လောက၌။ အသဗ္ဗာဓံ၊ ကျဉ်းမြောင်းခြင်းလည်း မရှိထသော။ အဝေရံ၊ အတွင်းရန်လည်း မရှိထသော။ အသပတ္တံ၊ အပရန်လည်း မရှိထသော။ အပမာဏံ၊ အတိုင်းမသိသော။ မာနသံ၊ မြတ်နိုးခြင်းတည်းဟူသော။ မေတ္တဉ္စ၊ မေတ္တာစိတ်ကိုလည်း။ ဘာဝယေ၊ ပွားစေရာ၏။
  11. ယာဝတော၊ အကြင်မျှလောက်။ ဝိတမိဒ္ဓေါ၊ ကင်းသော ငိုက်မျဉ်းခြင်းရှိသည်။ အဿ၊ဖြစ်ရာ၏။ တာဝတာ၊ ထိုမျှလောက်။ တိဋ္ဌံဝါ၊ ရပ်လျက်သော်လည်းကောင်း။ စရံဝါ၊ သွားလျက်သော် လည်းကောင်း။ နိသိန္နော ဝါ၊ ထိုင်လျက်သော်လည်းကောင်း။ သယာနော ဝါ၊ လျောင်းလျက်သော်လည်းကောင်း။ ဧတံ သတိံ၊ ထိုမေတ္တာစိတ်နှင့် ယှဉ်သောသတိကို။ အဓိဋ္ဌေယျ၊ အမြဲဆောက် တည်ရာ၏။ ဧတံ ဝိဟာရံ၊ ထိုမေတ္တာစိတ်နှင့်ယှဉ်၍နေခြင်းကို။ ဗြဟ္မ၊ မြတ်သော။ ဝိဟာရံ၊ နေခြင်းဟူ၍။ ဣဓ၊ ဤ သာသနာတော်၌။ အာဟု၊ ဆိုကုန်ပြီ။
  12. ဒိဋ္ဌိဉ္စ၊ မှားသောအယူသို့လည်း။ အနုပဂ္ဂမ္မ၊ မကပ်မူ၍။ သီလဝါ၊ သီတင်းရှိသည်ဖြစ်၍။ ဒဿနေန၊ မဂ်ပညာနှင့်။ သမ္ပန္နော၊ ပြည့်စုံသည်ဖြစ်၏။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ ဂေဓံ၊ တပ်ခြင်းကို။ ဝိနေယျ၊ ပယ်ဖျောက်ရာ၏။ သော၊ထိုသူသည်။ ဂဗ္ဘသေယျံ၊ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းသို့။ ပုန၊ တဖန်။ ဇာတု၊ အကယ်မလွဲသဖြင့်။ န ဟိ ဧတိ၊ မရောက်။

မေတ္တသုတ္တံ၊ မေတ္တသုတ် ပရိတ်တော်သည်။

နိဋ္ဌိတံ၊ ပြီးပြီ။

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

မေတ္တာပို့ခြင်း

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 သာသနာရေးဦးစီးဌာန (၂၀၀၇)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ခုဒ္ဒကနိကာယေ၊ ခုဒ္ဒကပါဌ ဓမ္မပဒ ဥဒါန ဣတိဝုတ္တက သုတ္တနိပါတ ပါဠိ။ p. စာ ၁၀-၁၁။
  2. ပရိတ်တော်အဓိပ္ပါယ် ကြည်ညိုဖွယ် (အရှင်သာသနဝရ)
  3. 1 2 မဏိဇောတ (၂၀၀၀-ခုနှစ်၊မေလ)။ ပရိတ်ကြီး ၁၁-သုတ် အသံထွက်ရွတ်ဖတ်နည်းနှင့် မြန်မာပြန် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့: ဓမ္မခေါင်းလောင်းစာပေ။ p. စာ ၆၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  4. 1 2 3 သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (၂၀၁၅)။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ p. စာ ၂၇၄-၂၇၇။
  5. ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ
  6. ဗုဒ္ဓဘာသာ အခြေခံ (လက်စွဲ) မိဘမေတ္တာဆယ်စောင်တွဲ။ မိဘမေတ္တာ စာပေ။ 2025။ pp. 192–196။