မုံရွေးကျေးရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မုံရွေး
ရွာ
မုံရွေး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မုံရွေး
မုံရွေး
မုံရွေးရွာ တည်နေရာ
ကိုဩဒိနိတ်: 22°01′48″N 95°14′04″E / 22.0301094055176°N 95.2343063354492°E / 22.0301094055176; 95.2343063354492ကိုဩဒိနိတ်: 22°01′48″N 95°14′04″E / 22.0301094055176°N 95.2343063354492°E / 22.0301094055176; 95.2343063354492
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
မြို့နယ်မုံရွာမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၀ မီတာ (၂၅၀ ပေ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မုံရွေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်တွင် တည်ရှိသည်။ မုံရွာမြို့၏တောင်ဘက် (၁၀)မိုင်ခန့်အကွာ မန္တလေး-မုံရွာလမ်းမကြီးဘေးတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း မြောက်လတ္တီကျူ့(၂၁-ဒီဂရီနှင့် ၁၈-ဒီဂရီ)၊ အရှေ့ လောင်ဂျီကျူ့ (၉၇-ဒီဂရီနှင့် ၉၅-ဒီဂရီ)အကြား တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်၏အထက် ပေ -၂၅၀ မြင့်မားသည်။ ယခုမုံရွေးကြေးမုံ၏နယ်နိမိတ်မှာ တောင်ဘက်တွင် ချောင်းဦးမြို့နယ်၊ ခင်မွန် ကျေးရွာအုပ်စု၊ မြောက်ဘက်တွင် မုံရွာမြို့နယ်၊ ပုရစ်ကုန်းကျေးရွာအုပ်စု၊ အနောက်ဘက်တွင် တောပုကျေးရွာအုပ်စု၊ အရှေ့ဘက်တွင် ကျီးအုပ်ကျေးရွာအုပ်စုတို့ တည်ရှိသည်။ ရှေးက မြို့ပြအဖြစ် တည်ရှိထင်ရှားခဲ့သည့် အလုံမြို့နယ် အတွင်း ပါဝင်သည့်ကျေးရွာကြီး ဖြစ်ကာ ရှေးဟောင်း စေတီပုထိုးပေါင်းများစွာ တည်ရှိနေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒုတိယမုံရွေးဇေတဝန်ဆရာတော် ဘုရားကြီး သက်တော် ၆၂-နှစ် ပြည့်မြောက်သည့် သက္ကရာဇ် ၁၁၉၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားက ဆရာတော်ဘုရားကြီးအား ဂုဏ်ပြုသောအားဖြင့် ကြေးမုံရွာကို ကြေးမုံမြို့ဟု ခေါ်တွင်စေဟု သမုတ်ပေးခဲ့ဖူးသည်။ မုံရွေးဇေတဝန်ကျောင်း၊ ရတနာမဏိကျောက်စာတွင် "၁၁၉၂ ခု၊ တန်ဆောင် မုန်းလပြည့်ကျော် ၁၂ရက်၊ သုဒ္ဓဒိန် ၆ရက်ပြည့်၂နေ့တွင် မုံရွေးမြို့နှိုက် ငါ၏ကောင်းမှုတော်စေတီ တော်တဆူ တည်စေ။ ။ကြေးမုံမြို့နှိုက် ငါ၏ကောင်းမှုတော်စေတီတော်တဆူ တည်စေ။ ကြေးမုံရွာ ကို ကြေးမုံမြို့တွင်တည်စေဟူ၍ ရတနာပူရ ရွှေဝမြို့ကြီးကို စတုတ္ထမြောက်တည်တော်မူသော သီရိ ဘဝ နာဒိတျာ ပဝရ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဟူသော တံဆိပ်နာမခံတော်မူသော ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင်မင်းတြားကြီး မဟာသကျရံသီကျောက်တော်ကြီး အဆောင်အယူထွက်တော်မမူမီ သမုတ်ပြဋ္ဌာန်းတော်မူသည်" ဟူ၍ ရေးထိုးခဲ့သည်။ ယခုအခါမူ မုံရွေးနှင့်ကြေးမုံရွာတို့အား စံပြကျေးရွာကြီးများအဖြစ်သတ်မှတ်ထားသည်။

မုံရွေးရွာသည် ရှေးကပင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုထွန်းကားစည်ပင်ခဲ့ရာ ကျေးရွာကြီးဖြစ်၍ ဘုရား၊ ကျောင်းကန်၊ ဇရပ်၊ စေတီပုထိုးများစွာ တည်ထားခဲ့ကြသည်။ မုံရွေးရွာရှိစေတီပုထိုးပေါင်းကို ကြောင်ကြံ့ကျား-လေးရွာဘုရား(၂၂၂-ဆူ)၊ ကျားမင်းလာ-လေးရွာဘုရားပေါင်း(၂၅၄-ဆူ)၊ ကျော်မြသောင်း-လေးရွာဘုရားပေါင်း(၂၅၆-ဆူ) ရှိသည်ဟု အမှတ်အသားပြုခဲ့ကြသည်။ ၂၀၁၀ ခုနှစ်လေ့လာတွေ့ရှိချက်အရ မုံရွေး၊ ကြေးမုံ၊ နွားထိန်း၊ ရှစ်ဆယ်-၄ ရွာတို့တွင် ဘုရားစေတီပေါင်း-၂၄၆ -ဆူသာ ရှိတော့သည်။ ထို့ကြောင့် ယခုအခါ ကျော်ဝင်းသာ-လေးရွာဘုရားပေါင်း(၂၄၆-ဆူ)ဟု အမှတ်အသားပြုကြသည်။

ပုဂံတရုတ်ပြေးမင်း၊ နရသီဟပတေ့ လက်ထက် တည်ထားခဲ့သည့် မင်္ဂလာစေတီမှ ရရှိသည့် ပုဂံပြတိုက်ရှိ ကျေးရွာအမည်ပါ အုတ်ချပ်များတွင် မုံရေုယ်ဟူသည့် အမည်ကို အစောဆုံး တွေ့ရှိရသည်။ ပင်းယ တစ်စီးရှင် သီဟသူမင်းလက်ထက်၊ သက္ကရာဇ် ၆၇၄-ခုထိုး၊ အမတ်ကြီး ကုနန္တရစ် ကျောက်စာ(ထူပါရုံကျော်စာ-၃)တွင်မူ မုံရွေး အမည်ကို တွေ့ရသည်။ ကျောက်စာတွင်- --စကိုင် ပြည်စိုဝ် ပစ္စပတေယ်မယ်တ်သည် က္လစွာမင်ကြီကိုဝ် ရေစင်တဝ် ခ္လပါစေရုယ် လှူသောမ္လေကာ မုန်ရွေ နှိုက် ရက္ကန်နိနှိုက်တွင် ၇ ပဲလျှင်-- (စကိုင်းပြည်စိုးပစ္စပတေ့ မယ်တော် ကျစွာမင်းကြီးကို ရေစင်တော်ချပါစေ၍လှူသောမြေကား မုန်ရွေးနှိုက် ရက္ကန်နီးနှိုက်တွင် ၇ ပယ်လျှင်-) ဟုတွေ့ရသည်။

ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာ၊ ရှင်မထီးဘုရားဝန်းအတွင်း ရှိ၊ သက္ကရာဇ် ၆၉၄ ခုနှစ်ထိုး၊ ဂူကြီးကျောင်းကျောက်စာ၊ ကြောင်းရေ-၅တွင် နွာဓိန်}၊ မုန်ရွေ}၊ ကြောင်းရေ-၁၄တွင် ခင်မွန် ဟူသည့် ကျေးရွာအမည်များပါဝင်သည်။

ကျောက်စာအထောက်အထားများအရ ခင်မွန်ရွာ၊ နွားထိန်းရွာ၊ မုံရွေးရွာတို့သည် ပုဂံခေတ်ကာလမှတိုင် စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် အထူး ထင်ရှားနေပြီ ဖြစ်သည်။ ခင်မွန်ရွာမှာ မုံရွေးရွာ၏တောင်ဘက်တွင် တည်ရှိပြီး နွားထိန်းရွာနှင့် မုံရွေးရွာတို့သည် နယ်နိမိတ်ချင်း ထိစပ်ရောယှက်နေသည် ဖြစ်၍ ခွဲခြား ပြောဆို၍ပင် မရနိုင်ပါချေ။ ထို့အတူ ရွာစည်း ရိုးချင်းထိစပ်နေသည့် မုံရွေးရွာ၊ ကြေးမုံရွာ၊ နွားထိန်းရွာနှင့် ရှစ်ဆယ်ရွာတို့ကို ရှေးအစဉ်အဆက်ကပင် မုံရွေး-(၄)ရွာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ မင်းရဲကျော်ထင်မင်း လက်ထက် ၃၁ မေ၊ ၁၆၇၉ ခုနှစ်၊ ထုတ်ပြန်ခဲ့သည့်အမိန့်တော်အရ ဒုတိယအင်းဝ (ညောင်ရမ်း) ခေတ်တွင် မုံရွေးကြေးမုံရွာသည် မြောက်ဘက်တိုက်အတွင်း ပါဝင်သည်။ ကုန်းဘောင်ခေတ်၊ ဆင်ဖြူရှင်၊ မြေဒူးမင်း လက်ထက်တွင် မုံရွေးရွာသား၊ဦးမြတ်သာနေကို မြောက်ဘက်တိုက်ဝန်အဖြစ်ခန့်အပ်ခဲ့သည်။ ဘိုးတော်ဘုရား လက်ထက်တွင် မုံရွေးကြေးမုံကို ဗဒုံမြို့၏ အောက်တိုက်တွင် ထည့် သွင်းခဲ့သည်။

ကုန်းဘောင်ခေတ် မုံရွေးရွာတွင် အိမ်ခြေ-(၁၀ဝ၀)ကျော်၊ လူဦးရေ-(၅၀ဝ၀)ကျော် နေထိုင်ခဲ့သည်။

ကိုလိုနီခေတ်ဦး ခရစ်နှစ် ၁၈၉၁-ခုနှစ်တွင် လူဦးရေ-(၁၃၅၇)ဦး၊ ၁၉၀၁-ခုနှစ်တွင်-(၁၂၉၈)ဦး နှင့် ၁၉၀၉-၁၉၀၇-ခုနှစ်တွင် လူဦးရေ-(၁၅၂၄)ဦး နေထိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၆-ခုနှစ်တွင် မုံရွေးကျေးရွာအုပ်စု အိမ်ခြေ-(၁၂၂၀)၊ အိမ်ထောင်စုပေါင်း-(၁၂၅၁)၊ လူဦးရေ-(၄၅၇၆)ဦး နေထိုင် သည်။ ကြေးမုံကျေးရွာအုပ်စုတွင် အိမ်ခြေ-(၆၃၀)၊ အိမ်ထောင်စု-(၆၄၇)၊ လူဦးရေ-(၃၆၁၃)ဦး နေထိုင်လျက်ရှိသည်။

ပုဂံပြည့်ရှင် နရပတိစည်သူမင်းသည် ဘုရားရှင်တို့၏ဓာတ်တော်မွေတော် အဆူဆူတို့ ကိန်းဝပ်တည်ရှိနေတော်မူရာ ထိုအရပ်သို့ ကြွချီရောက် ရှိလာတော် မူခဲ့သည်။ ထိုအရပ်သို့ ရောက်ရှိသောအခါ အချိန်ကာလမဟုတ်မူဘဲ ထူးကဲဆန်းကြယ်စွာ ယှက်နွယ်ယှဉ်တွဲ၍ ဖူးပွင့်ဝေဆာ လျက်နေသည့် မုံပင်နှင့် ရွေးပင် သစ်ပင်တို့ကို တွေ့လိုက်ရသည်။ ထိုသို့ထူးကဲသောနိမိတ်ကို အကြောင်းပြု၍ ထိုအရပ်တွင် နရပတိမင်းတရားကိုယ်တော်တိုင်ကြပ်မတ်၍ ရွာတည်ထောင်စေသည်။ ရွာ၏ အမည်နာမကို မုံပင်ရွေးပင်တို့ကိုအစွဲပြု၍ မုံရွေးရွာ ဟု မင်းတရားကိုယ်တိုင် ရွှေနှုတ်တော်ဖြင့် အမည်သမုတ်ခဲ့ လေသည်။ ထိုမှစ၍ မုံရွေးရွာသည် တစ်စစပြန်လည်စည်ပင် လာခဲ့လေသည် ဟု မုံရွေးဇေတဝန်ဆရာတော်ကြီး၏ရတုပိုဒ်စုံတွင် ဆိုထားခဲ့သည်။

နောင်တစ်ချိန်တွင် လက်ဝဲနော်ရထာဟု ထင်ရှားမည့် ဦးနေ ခေါ် ဦးမြတ်သာနေကို သက္ကရာဇ် ၁၀၈၅-ခုနှစ်၊ ဝါဆိုလတွင် ဗဒုံမြို့ကျေး(ယခုမုံရွာမြို့နယ်)၊မုံရွေးရွာတွင် ဖွားမြင်ခဲ့သည်။ လက်ဝဲနော်ရထာသည် မွေးရပ်ဇာတိမုံရွေးရွာတွင် သုံးထပ်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းရန် အလောင်းမင်းတရားကြီးထံ လျှောက်ထားခွင့်ပန်ခဲ့သည်။ အလောင်းမင်းတရားကြီး နတ်ရွာစံခဲ့သည့်အခါ ထီးနန်းအရိုက်အရာ ဆက်ခံသည့် သားတော်နောင်တော်ကြီးမင်းအား လျှောက်ထားလေကာ ကလျာဏီရွှေကျောင်းတော်ဟူသည့် ဌာနဘွဲ့တံဆိပ်ကိုလှူတော်မူပြီး သက္ကရာဇ် ၁၁၂၂-ခုနှစ်၊နတ်တော်လဆန်း(၁၀)ရက်နေ့တွင် ကမ္ဗည်း တပ်တော်မူခဲ့သည်။

အမတ်ကြီးလက်ဝဲနော်ရထာသည် ၁၁၂၂-ခုနှစ်၊တပေါင်းလဆန်းတစ်ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကြေးချိန်-(၂၇၁)ရှိသော ခေါင်းလောင်းကြီးကို သွန်းလောင်းခဲ့ပြီး အလောင်းမင်းတရားကြီးယိုးဒယားတွင် သိမ်းယူစဉ်က ရရှိခဲ့သည့် ကုလားရုပ်နှစ်ကောင်က ထမ်းရွက်နေသည့်သဏ္ဌာန်ဖြင့် ချိတ်ဆွဲခဲ့သည်။ ဦးနေသည် သက္ကရာဇ်၁၁၂၃-ခုနှစ်၊တန်ခူးလဆန်း(၇)ရက်နေ့တွင် ကလျာဏီရွှေကျောင်းတော်ဦး၌ တိလောကစေတီတော်ကို တည်ထားခဲ့ပြန်သည်။ သက္ကရာဇ် ၁၁၉၀ပြည့်နှစ်၊ဝါခေါင်လပြည့်နေ့၊ ကြာသပတေးနေ့တွင် တိလောကစေတီတွင်ချိတ်ဆွဲထားသည့် လက်ဝဲနော်ရထာ၏ကောင်းမှု့ခေါင်းလောင်းတော်အား ပျက်စီးပျောက်ဆုံးမှု မရှိစေရန်နှင့် သူခိုးသူဝှက်လူသူဖျက်ဆီးမှုတို့မှ လွတ်ကင်းစေရန် မုံရွေးဇေတဝန်ဆရာတော်အရိယဝံသအာဒိစ္စရံသီက သီတင်းသုံး တော်မူရာဇေတဝန်ကျောင်းတိုက်အတွင်းသို့ ပြောင်းရွေ့ထိန်းသိမ်းတော်မူခဲ့သည်။ လက်ဝဲနော်ရထာ၏ကောင်းမှုဖြစ်သည့်ခေါင်းလောင်းကြီးတွင် ခေါင်းလောင်းစာကို ရေးသားဖွဲ့ဆိုပေခဲ့သည့်ပုဂ္ဂိုလ်မှာ မြန်မာ့စာပေ သမိုင်းတွင် အလွန်ထင်ရှားကျော်ကြားတော်မူသည့် Óဏာဘိဓမ္မာလင်္ကာရ သဒ္ဓမ္မသေနာပတိ မဟာဓမ္မရာဇာဂုရုဘွဲ့ တံဆိပ်တော်ရ တောင်တွင်းအကျော်၊အတုလဆရာတော် ခင်ကြီးဖျော်ဖြစ်သည်။ ခေါင်းလောင်းစာကိုထပ်ဆင့်ရေးထိုးခဲ့သည့်မုံရွေးဆရာတော်မှာလည်း မြန်မာ့စာပေသမိုင်း တွင် ကျောက်ထီးတန္တုပမာပြုအပ်သည့် ဒုတိယမုံရွေးဇေတဝန်ဆရာတော် ဖြစ်ပေသည်။

တိလောကစေတီတော်.jpg

ဘိုးတော်ဘုရားသည် သက္ကရာဇ် ၁၁၄၄-ခုနှစ် တွင် အမရပူရမြို့တော်ကိုတည်ထောင်နေစဉ် အမတ်ကြီးလက်ဝဲနော်ရထာ၏ညီ အဂ္ဂသေနာပတိအမတ်ကြီး မဟာသီရိသီဟသူက ဇာတိရွာဖြစ်သည့်မုံရွေးရွာတွင် ဘုရားတည်လိုကြောင်း လျှောက်ထားခဲ့သည်။ ဘိုးတော်ဘုရားလည်း ခမည်းတော်၊ နောင်တော်ဘုရားတို့မှစ၍ ရွှေလက်ထက်တော်တိုင် အမှုတော်ထမ်းရွက်သည်မှာကြာမြှင့်လှချေပြီ။ ငါ၏ကိုယ်စား စေတီ တည်လေဟုမိန့်တော်မူသဖြင့် မုံရွေးဇေတဝန်ကျောင်းတော်တွင် လေးကျွန်းရန်အောင်စေတီကို တည်ထားခဲ့သည်။ စည်းခုံကြီးစွာတည်ပြီး ရွှေအတိမွှမ်းမံကာ ရွှေထီးတင်လှူ သာဓုခေါ်တော်မူသည်။

တိလောကစေတီခေါင်းလောင်းတော်.jpg

မုံရွေးဇေတဝန်ကျောင်းဆရာတော်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မုံရွေး ဇေတဝန်ဆရာတော်

မုံရွေးဇေတဝန်ကျောင်းတော်ကြီးကို အမတ်ကြီးလက်ဝဲနော်ရထာ၏တူတော်စပ်သူ၊ ခုံမင်းသူဌေးဦးပုက သက္ကရာဇ်-၁၁၂၅-ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းတိုက်ကြီးပေါ်တွင် မဟာဇေတဝန်-ဟူသောကျောင်းအမည်ကမ္ဗည်းနှင့် သက္ကရာဇ်၁၁၂၅ ခု ကျောင်းတိုက် တှ်သှ်။ ၁၁၂၇ ခု သဌေးမောင်ပုက ဇေတဝန်ကျောင်းကိုဆောံ၍ ဝိစိတ္တာလင်္ကာရဓမ္မဓရထေရ်ကို လှူ၏။ ၁၁၃၃ ခု သာဓု ခေါ်သည်- ဟူသည့် ကမ္ဗည်းစာတို့ကို ရေးထွင်းထားသည်ကို တွေ့ရှိရသည်။ မုံရွေးဇေတဝန်ကျောင်းတော်ကြီးပေါ်တွင် ပထမဦးစွာသီတင်သုံးတော်မူခဲ့သည့်ဆရာတော်မှာ သက်တော်(၄၈)နှစ်ရှိပြီ ဖြစ်သည့် အရှင်ဝိစိတ္တလင်္ကာရသာသနဓ ရမဟာရာဇဂုရုဆရာတော်ဖြစ်သည်။ ဆရာတော်ကြီးသည် သက်တော်(၈၇)နှစ်တွင် ပျံလွန်တော်မူသည်။

သက္ကရာဇ်၁၁၆၄-ခုနှစ်တွင် မုံရွေးဇေတဝန်ကျောင်းတိုက်ကြီး၏ပထမဆရာတော်ဘုရားကြီးပျံလွန်တော်မူသည့်အခါ တပည့်ဖြစ်သည့် အရိယာဝံသအာဒိစ္စရံ သီထေရ်မြတ်က ဒုတိယမုံရွေးဇေတဝန်ဆရာတော် အဖြစ် ဆက်ခံ၍ သီတင်းသုံးတော်မူခဲ့သည်။ ဒုတိယမုံရွေးဇေတဝန်ဆရာတော်သည် ကြေးမုံရွာဇာတိဖြစ်ပြီး သက္ကရာဇ် ၁၁၂၈-ခုနှစ်တွင် ဖွားမြင်တော်မူခဲ့သည်။ မုံရွေးဇေတဝန်ဆရာတော်ကြီး ဝိစိတ္တာရ လင်္ကာရ သဒ္ဓမ္မ မဟာဓမ္မရာဇဂုရုထံတွင် စာပေသင်ကြားတော်မူခဲ့သည်။ သာမဏေဘွဲ့မှာ ရှင်အရိယဝံသ ဖြစ်ပြီး ဉာဏ်ပညာထက်မြက်လှသည်။ ရဟန်းပြုသည့်အခါ ဆရာတော်ကြီးကပင် ရှင်ဘွဲ့အရိယဝံသတွင် အာဒိစ္စရံသီ ဟူသောဘွဲ့ ထပ်ဆင့်၍ အရိယာဝံသ အာဒိစ္စရံသီဟု ရဟန်း ဘွဲ့ချည်ပေးတော်မူခဲ့သည်။

ဆရာတော်အား ရတနာပူရစတုတ္ထမြို့တည်ဘကြီးတော်မင်းကအိန္ဒဝဇီရာလင်္ကာရ သီရိဓဇ မဟာဓမ္မရာဇာဂုရုဘွဲ့တံဆိပ်တော် ကပ်လှူ တော်မူခဲ့သည်။ ထိုသို့ပထမဘွဲ့ တံဆိပ်တော်ကပ်လှူပြီးနောက် အိန္ဒဝဇီရာဘိ လင်္ကာရ သီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဟူသောဘွဲ့တံဆိပ်တော်ကို ဒုတိယတစ်ကြိမ် ထပ်မံလှူဒါန်းတော်မူပြန်သည်။ အင်းဝနေပြည်တော်သို့ပင့်ဆောင်ကာ ထီးလှိုင်ရှင်ဘုရားအနီးတွင် မင်္ဂလာဘုံသာပြာသာဒ်ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၁၁၉၆-ခုနှစ်၊ ဝါဆိုလ၊ သက်တော် (၆၉)နှစ်၊ဝါတော်(၄၉)ဝါအရတွင် ဘဝ နတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် လောကီလောကုတ္ထရာ ကျမ်းဂန်ပေါင်း (၁၀ဝ)ကျော် ကို ရေးသားပြုစုသွားတော်မူခဲ့သည်။ ဘကြီးတော်မင်းလက်ထက် သက္ကရာဇ် ၁၁၉၁-ခုနှစ်၊နယုန်လဆန်း(၁)ရက်နေ့မှ စတင်၍ ၁၁၉၃-ခုနှစ်အထိ နန်းတော်မှန်နန်းတော်ဦးစနုဆောင်တွင် မှန်နန်းရာဇဝင်တော်ကြီးကို ရေးသားရာတွင် ရဟန်းပညာရှိ၊ လူပညာရှိ (၁၂)ဦးတို့နှင့်အတူ ဦးဆောင်ရေးသားပြုစုတော်မူခဲ့သည်။

မဂၤလာရန္အာင္ဘုရား.jpg

ရွှေစည်းခုံစေတီတော်ကြီးနှင့်ရွှေတိုက်ဝန်[ပြင်ဆင်ရန်]

မုံရွေးရွာတောင်ဘက်ရှိ ရွှေစည်းခုံ စေတီတော်ကြီး

မုံရွေးရွာတောင်ဘက်တွင် အထင်ကရတည်ရှိသည့် ရွှေစည်းခုံစေတီတော်ကြီးနှင့်ရွှေကျောင်းကြီးကို တည်ထားခဲ့သူမှာ မုံရွေး၊နွားထိန်းရွာသား ရွှေတိုက်စိုး-ရန္တမိတ်ကျော်စွာ၊ ရွှေတိုက်ဝန်-အတွင်းဝန်မဟာ သေနာပတိနေမျိုးမင်းလှစည်သူ၊ မင်းကြီးမဟာ စည်သူ၊ သက်တော်ရှည်၊ မင်းကြီးမဟာသက်တော်ရှည်-ဟူသည့်ဘွဲ့တံဆိပ်တော်များနှင့် ဘကြီး တော်မင်းက သူကောင်းပြုတော်မူခြင်းခံရသည့် ဦးသာဘော်နှင့် အမတ်ကတော်မယ်ညက်ဖြူတို့ဖြစ်သည်။ ဦးသာဘော်ကို အဘဦးမြတ်ရည်၊ အမိဒေါ်ရွှေသူတို့က သက္ကရာဇ် -၁၁၂၈-ခုနှစ်တွင် မုံရွေးနွားထိန်းရွာတွင် မွေးဖွားခဲ့သည်။ ဦးသာဘော်နှင့် ဒုတိယမုံရွေးဆရာတော်တို့မှာ ငယ်စဉ်က ဆရာတူ တပည့်အဖြစ် ပညာသင်ကြားခဲ့ကြသည်။ အမတ်ကြီးသည် မိဘရပ်ရွာဖြစ်သည့် မုံရွေးရွာတောင်၊နွားထိန်းရွာအနောက်ဘက်ရှိ သန့် ရှင်းညီညာသောရှစ်ဆယ်မြေတွင် ဘဝရှင်မင်းကြီးထံ ခွင့်ပန် ကြားကာ စေတီမဟာရံ တံတိုင်း၊ အတောင်-၅၀ရှိသည့် စည်းခုံစေတီတော်၊ လေးမျက်နှာတွင် ဘုံခုနစ်ဆင့်စေတီဦးအုတ်ပြာဿဒ်ကြီးများ၊ လေးမျက်နှာအဝင်မုခ်ဦး ခြင်္သေ့ကြီးနှစ်စီးစီ၊ ကြေးသွန်း ခေါင်းလောင်း တော်ကြီးနှင့်ရွှေကျောင်းကြီးတို့ကို သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒါန်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး. စေတီယကထာ ခေါ် ရာဇဝင်ချုပ် 
  2. မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး. မုံရွေးမှတ်စု 
  3. မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး. ရာဇောဝါဒကျမ်း 
  4. မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး. ရာဇိန္ဒ ရာဇဝရ မဏ္ဍနီ မည်သည့် မြန်မာမဟာရာဇဝင်ကျော် 
  5. ဦးမောင်မောင်တင်(၁). ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး ပထမတွဲ၊ ဒုတိယတွဲ 
  6. မုံရွေးကြေးမုံအလင်းရောင်စာပေဗိမာန်စာကြည့်တိုက်၏ နှစ်-၅၀ပြည့်၊ ရွှေရတုမှတ်တမ်းများ(၂၀ဝ၁၊နိုဝင်ဘာ)
  7. ဒေါ်ညွန့်ညွန့်(မုံရွေး). သာသနာ့သမိုင်းဝင်မုံရွေးကြေးမုံရွှေမြင်တင်တောင် 
  8. နန္ဒာမင်းလွင်. မုံရွေးသမိုင်းရှာပုံတော်