မုံရွာ တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခ
| ||||||||||||||||||||||||||||
မုံရွာ တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခ (၂၀၂၆) သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) မှ တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်ပဋိပက္ခများ (၂၀၂၁–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တစ်ခု ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မုံရွာခရိုင် တပ်ရင်းများက မုံရွာမြို့နယ် ပလဖစခန်းနှင့် တိုက်နယ်စခန်းများကို ဝင်ရောက်စီးနင်းခဲ့မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သားများအပါအဝင် လူသေဆုံးမှုများ ရှိခဲ့သည်။[၁]
ဖြစ်စဉ်အကျဉ်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်၊ ညနေ ၃ နာရီကျော်ခန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မုံရွာခရိုင် တပ်ရင်း (၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၈) တို့က ပူးပေါင်း၍ မုံရွာမြို့နယ် ပလဖစခန်းနှင့် တိုက်နယ် (၄) ပလဖစခန်းအပါအဝင် နေရာ (၃) ခုကို ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြို့နယ် ပလဖအဖွဲ့ဝင် (၃) ဦး၊ အချုပ်သား (၁) ဦးနှင့် စားသောက်ဆိုင်အနီးတွင် ရှိနေသော အရပ်သား (၂) ဦး စုစုပေါင်း (၆) ဦး သေဆုံးခဲ့သည်။ အရပ်သား ၂ ဦးသေဆုံးရခြင်းမှာ စီးနင်းသူအဖွဲ့က ပစ်ခတ်မှုအတွင်း ဘေးကပ်လျက်ရှိသော တုတ်ထိုးဆိုင်မှ အရပ်သားများ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။[၂]
ပဋိပက္ခ၏ နောက်ခံအကြောင်းရင်း
[ပြင်ဆင်ရန်]တပ်ရင်းများဘက်မှ ဝင်ရောက်စီးနင်းရခြင်းမှာ မုံရွာမြို့နယ် ပလဖအဖွဲ့အပေါ် တိုင်ကြားချက်များရှိခြင်းနှင့် တပ်ရင်းများအကြား ညှိနှိုင်းထိန်းချုပ်၍ မရနိုင်တော့သည့် အခြေအနေများကြောင့်ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ စီးနင်းမှုအပြီးတွင် တပ်ရင်းပူးပေါင်းအဖွဲ့က စခန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သလို ပလဖအဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မြို့နယ် ပလဖတာဝန်ခံ ကိုအာကူးမှာ တိုက်ပွဲကြားတွင် သေဆုံးခဲ့သည်။[၃]
တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးချုပ်ရုံးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ထားသော်လည်း ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းအထိ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ MLAT (2026-06-30)။ မုံရွာ ပလဖ စခန်းကို NUG တပ်ရင်းတွေဝင်ရောက်စီးနင်း သေဆုံးမှုတွေရှိ (in en-US)။ 2026-06-30 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ဇွန် ၃၀ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-06-30)။ 2026-06-30 တွင် ပြန်စစ်ပြီး။
- ↑ မုံရွာမြို့နယ် ပလဖ စခန်းကို NUG-MOD တပ် ဝင်စီးနင်း၊ ပလဖ တာဝန်ခံ ကျဆုံး (in en)။ 2026-06-30 တွင် ပြန်စစ်ပြီး။
- ↑ မုံရွာ ပလဖစခန်း စီးနင်းမှုအပြီး တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ကိုင်ပဋိပက္ခအပေါ် စိုးရိမ်မှုမြင့်တက်။ Mizzima Burmese (၃၀ ဇွန် ၂၀၂၆)။ ၃၀ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။