မီ (ဝတ္ထု)

ဝီကီပီးဒီးယား မှ
မီ
မတ်လ ၂၀၁၆ ခုနှစ်ထုတ် မီ ဝတ္ထုစာအုပ်
စာရေးသူကြည်အေး
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားမဂ္ဂဇင်း ဝတ္ထုရှည်

မီ ဝတ္ထုမှာ မြန်မာစာရေးဆရာမ ကြည်အေး ရေးသားသည့် မဂ္ဂဇင်းဝတ္ထုရှည် တစ်ပုဒ်ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လထုတ် ရှုမဝ မဂ္ဂဇင်း တွင် ဖော်ပြပါရှိသည်။ [၁] မီ ဟူသော မိန်းမတစ်ဦး၏အကြောင်းကို ပတ်ဝန်းကျင်ရှိ ယောက်ျားတို့မှတစ်ဆင့် ပြောပြသွားပြီး လူကြိုက်များသည့် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်သည်။

ဝတ္ထုနောက်ခံ[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် အဆုံးသတ်သွားသည့် တွက်ဆချက် (Dead Reckoning) အမည်ရှိ ရုပ်ရှင်ဇာတ်ကားအား မှီရေးကြောင်း အမှာစာရေးသူ ဒဂုန်တာရာ က ဆိုသည်။ အမှန်စင်စစ် ဇာတ်ကားအား မှီခြင်းထက် ဇာတ်ကောင် လိဇဘတ် စကော့ (Lizabeth Scott) ၏ စရိုက်ကို မှီသည်ဟု ဆိုနိုင်သည်။ ထူးခြားချက်အနေဖြင့် မဂ္ဂဇင်းဝတ္ထုအား အမှာစာရေးသည့်ကိစ္စမှာ ဤဝတ္ထုက ပထမဆုံးဖြစ်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

သဘောကျသူအား ဝမ်းနည်းစေရန်ဟူ၍ တပ်ထဲဝင်လာသည့် တပ်သား ကိုလေး ထံမှ မီ့အကြောင်းများကို ကို သော်ဆွေ စကြားရသည်။ စစ်ပြီးနောက် တပ်မှထွက်ကာ မိဘအလုပ်အားကူရင်း တပ်သား ကိုလေး တသသပြောခဲ့သည့် မီ ကို ရှာမိသည်။ မကြာမီပင် ဟိုတယ်တစ်ခု၌ တွေ့တော့သည်။

မိဘမဲ့ မီ မှာ မွေးစကပင် ခရစ်ယာန် သီလရှင်ကျောင်း၌ နေ၍ ဆယ်တန်းအထိ တက်သည်။ အုပ်ထိန်းသူမရှိသဖြင့် စော်ကားလိုသူတို့ရန်ကြောင့် အလုပ်တစ်ခုမှတစ်ခု မကြာမကြာ ပြောင်းရသည်။ ယခုမူ လောကပါးဝလာသည့် မီ မှာ မိန်းမများအပြောမခံနိုင်သည့် အလုပ်မှန်သမျှကို ရဲရဲတင်းတင်းပင် လုပ်နေတော့သည်။

မီ ၏ လက်ရှိအလုပ်မှာ သူဌေး ဦး တင်မောင် ၏ အတွင်းရေးမှူး ဖြစ်သည်။ ဦး တင်မောင် ၏ အိမ်တွင်ပင် နေသည်။ သူဌေးနှင့် ရင်းရင်းနှီးနှီး နေသကဲ့သို့ မြို့ပိုင် ဦး ဘချစ် ကိုလည်း အနားကပ်ခံသည်။ ထိုအခါ ဦး တင်မောင် နှင့် ဦး ဘချစ် မှာ လူကြီးရန်ဖြစ်နည်းဖြင့် တစောင်စောင် ဖြစ်နေတော့သည်။

တစ်နေ့သော် ဦး တင်မောင် သေဆုံးကြောင်း မီ့ထံမှ စာပို့လာသည်။ မီက ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဖြစ်ကြောင်း ထွက်ဆိုသော်လည်း စုံထောက်များက ဦး ဘချစ်ကို ဖမ်းလိုက်သည်။ မီ အား အပြင်ခေါ်ထုတ်ကာ ဖွက်ယူလာသည့် အလောင်းပေါ်မှ ပုလဲရင်ထိုးကို ကို သော်ဆွေက ပြသည်။ ထိုအခါမှ အခန်းထဲခေါ်ကာ မတရားကြံစည်ရန် ကြိုးပမ်းခြင်းကြောင့် သူသေနတ်ဖြင့်ပင်သူ့အား အဆုံးစီရင်လိုက်ခြင်း ဖြစ်ကြောင်း မီ က ရှင်းပြသည်။ ကနဦးက ရဲလက်အပ်ရန် ကြံစည်သော်လည်း မီ၏ စကားများကြောင့် အရည်ပျော်ရသည့် ကို သော်ဆွေ မှာ သက်သေခံပစ္စည်းကို ရေထဲပစ်လိုက်တော့သည်။

ဦး တင်မောင် သေဆုံးပြီးနောက် မီ က အဒေါ်ကြီးတစ်ဦးနှင့် အခန်းငှား နေသည်။ ထိုအိမ်သို့ လမ်းလျှောက်သွားစဉ် လူမိုက် ရွှေဓားမြောင် ဆိုသူရောက်လာပြီး ဦး တင်မောင် ကို သတ်သူမှာ သူပင်ဖြစ်ကြောင်း ဦး တင်မောင် ပိုင်သည့် ရတနာဘူးကိုလည်း ရခဲ့ကြောင်း၊ ယခုမူ ထွန်းမောင် ဆိုသူနှင့် တတွဲတွဲနေသောကြောင့် သူ့အားရှင်းရန် ကြံနေပြီဟု ထင်မိကြောင်း၊ ကို သော်ဆွေ အားလည်း မီ နှင့် ကင်းကင်းနေသင့်ကြောင်း ပြောကာ လမ်းခွဲသွားသည်။

ထို့နောက် မီ အား ရန်စကားပြောကာ အတန်ကြာ ခပ်ကင်းကင်းနေလိုက်သည်။ သို့သော်လည်း နေထိုင်မကောင်းဟူသော အသံကြားသော် နေကောင်းအောင်နေရန် အမှာပါးဖြစ်သည်။ မကြာမီပင် ကျန်းမာအောင်နေကာ စိတ်သစ်လူသစ် ဖြစ်နေပြီဟူသော စကားများ ကြားလာရသည်။

မကြာမီပင် မီ နှင့် လက်ထပ်လိုက်သည်။ အတိတ်ဟောင်း၏ ခြောက်လှန့်မှုကြောင့် စိတ်ဒဏ်ရာရကာ မီ့ကျန်းမာရေး ချို့ယွင်းလာသည်။ ဆုံးကာနီး၌ ဝေဒနာကို ရှုံ့မဲ့ခံကာ ကို သော်ဆွေ တစ်ခါမျှပင်မကြားဖူးသည့် အမည်တစ်ခုကို ရေရွတ်ကာ အသက်ထွက်သွားသည်။ ကျန်ရစ်သူ ကို သော်ဆွေ မှာ နောင်ဘဝတွင် မီ့အား မီမဖြစ်စေရန် ဆုတောင်း၌သာ နေတော့သည်။

အဓိက ဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • မီ
  • သော်ဆွေ
  • ဦးတင်မောင်
  • ဦးဘချစ်

ရုပ်ရှင် ရိုက်ကူးခြင်း[ပြင်ဆင်ရန်]

မီ ဝတ္ထုကို မီ အမည်ဖြင့် ဒါရိုက်တာ ဏကြီး က ပိုင်ဖြိုးသု (မီ)၊ နေတိုး (ကိုသော်ဆွေ)၊ ရဲအောင် (ဦးဘချစ်)၊ မင်းဦး (ဦးတင်မောင်) တို့ ဖြင့် ရိုက်ကူးကာ ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေး မှ ဖြန့်ချိမည် ဖြစ်ပြီး[၂] ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် ရုံတင်ပြသမည် ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ကြည်အေး။ " မီ"၊ တတိယအကြိမ်။ ရည်မွန်ဦး စာပေ၊ ရန်ကုန်။ ၂၀၀၃၊ အောက်တိုဘာ။
  2. "စာရေးဆရာမကြီး ကြည်အေး၏ နာမည်ကျော်ဝတ္ထု "မီ" ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဒီဇင်ဘာလယ်ပိုင်းတွင် စတင်ရိုက်ကူးမည်" (၆ ဒီဇင်ဘာ ၂၀၁၇). Daily Eleven News. Retrieved on ၂၃ စက်တင်ဘာ ၂၀၁၈. 
  3. "မီ" ဇာတ်ကားကြီးအား မင်္ဂလာ ရုပ်ရှင်ရုံများတွင် စတင်ပြသမည် (၂၁ စက်တင်ဘာ ၂၀၁၈)။ ၂၃ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။