မီးရှူးမီးပန်း

ဝီကီပီးဒီးယား မှ
ပရာ့ဂ်ရှိမီးရှူးမီးပန်းများ

လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့ စသည့်အောင်ပွဲ၊ ပျော် ရွှင်ပွဲများတွင် မီးကျည် မီးပန်းများရှို့၍လည်းကောင်း၊ ဗျောက်အိုး များဖောက်၍လည်းကောင်း စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်း ပတတ်ကြသည်။ တစ်ခါတစ်ရံ ဘုန်းကြီးပျံပွဲများ တွင်ပင် မီးကျည်း မီးပန်းများလွှတ်၍ ကျင်းပလေ့ရှိကြသည်။ မီးကျည်မီးပန်းများသည် တရုတ်နိုင်ငံမှ စတင်ဖြစ်ပေါ်လာ ခဲ့သည်ဟု ယုံကြည်ရသည်။ တရုတ်ရပ်ကွက်များတွင် သေးငယ် သော အခမ်းအနားများမှအစ ကြီးကျယ်ခမ်းနားသော ပွဲတော်များ အထိ မီးကျည်မီးပန်းများအများဆုံး အသုံးပြုကြသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် မီးကျည်မီးပန်းများကို စတင် အသုံးပြုနေချိန်က ဥရောပတိုက်တွင် ထိုပစ္စည်းများ မပေါ်ပေါက် သေးချေ။ ယမ်းမှုန့်များ ပြုလုပ်နိုင်လာမှသာ မီးကျည် မီးပန်းများကို စတင် လုပ်ကိုင်လာကြသည်။ ခရစ် ၁၅၄ဝ ပြည့်နှစ်တွင် အီတလီ နိုင်ငံ၌ မီးကျည် မီးပန်းများကို လုပ်ကိုင်လျက်ရှိလေပြီ။ ၁၇ နှင့် ၁၈ ရာစုနှစ်များတွင်ကား အခမ်းအနား ပျော်ပွဲရွှင်ပွဲများ၌ မီးကျည် မီးပန်းများကို အသုံးပြုလာကြကြောင်းတွေ့ရသည်။ ၁၉ ရာစုနှစ်သို့ ရောက်သောအခါ မီးကျည်မီးပန်းလုပ်သော အတတ်သည် များစွာ အဆင့်အတန်း တိုးတက်လာခဲ့လေသည်။ ယခုခေတ်တွင်ကား အောင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများတွင် ထင်ရှားသည့် အမျိုးသား ခေါင်း ဆောင်များ၏ ရုပ်ပုံ၊ နိုင်ငံတော်အလံပုံ၊ မီးသင်္ဘောပုံ စသည့် အရုပ်မျိုးစုံကို အရောင်မျိုးစုံတို့ဖြင့် ခင်းကျင်းပြသထားနိုင်သည့် အဆင့်တို့ပင် ရောက်ရှိခဲ့လေသည်။

မီးကျည်မီးပန်းလုပ်ရာ၌ ပါဝင်သော အခြေခံ ပစ္စည်း ၃ ခုမှာ ယမ်းစိမ်း၊ ကန့်နှင့် မီးသွေးဖြစ်သည်။ ထိုပစ္စည်း ၃ မျိုးကို ကြိတ်၍ ရသော အမှုန့်တွင် သံမှုန့်၊ သံမဏိမှုန့်၊ ကြေးနီမှုန့်၊ သွပ် မှုန့်၊ ပရုတ်မှုန့် စသည့်အမှုန့်များကို ရောစပ်ထည့်ပေးရသည်။ မီး ကျည်မီးပန်းရှို့ရာ၌ တောက်ပသော ရောင်စုံများထွက်ပေါ်လာခြင်းမှာ သတ္တုများရောစပ်ထားသော ကြောင့် ဖြစ်သည်။ ထိုသတ္တုများအနက် ဆိုဒီယမ်သည် မီးလောင်သောအခါ အဝါရင့်ရောင်ဖြစ်ပေါ်စေသည်။ ကယ်လဆီယမ်သည် အနီရောင်ကို ဖြစ်ပေါ်စေသည်။ စထရွန်ရှီယမ် သည် ကြက်သွေးရောင်ကို ဖြစ်ပေါ်စေသည်။

ဗေရီယမ်သည် အစိမ်း ရောင်ကို ဖြစ်ပေါ်စေပြီးလျှင် ကြေးနီသည် အစိမ်းနှင့် အပြာရောင် များကို ဖြစ်ပေါ်စေသည်။ သံမှုန့် သွပ်မှုန့်တို့ ရောစပ်ပေးခြင်းသည် တောက်ပသည့် မီးပွားကလေးများ ဖြစ်ပေါ်စေသည်။ ပြင်းထန်စွာ ပေါက်ကွဲသည့် မီးကျည်မီးပန်းများ ဖြစ်စေလိုလျှင် ယမ်းမှုန့်များ ကို ညက်စွာကြိတ်၍ ထည့်ပေးရသည်။ ပရုတ်မှုန့်ကား အလွန် ကြည်လင်သော မီးတောက်ကိုဖြစ်စေ၍ အနံ့လည်း မွှေးသည်။

မီးကျည်မီပန်းပြုလုပ်ရာ၌ မီးစွဲလွယ်သည့် အမှုန့်၊ ပေါက် ကွဲတတ်သည့် ဓာတ်ပစ္စည်းများနှင့် စနက်တံပါရပေမည်။ မီးစွဲလွယ် သည့် အမှုန့်ကို ပထမဆုံးမီးစွဲ၍ နောက်ဆုံးပေါက်ကွဲသည့် ဓာတ် ပစ္စည်းသို့ ရောက်သွားသည်။ စနက်တံကား မီးကို တစ်နေရာမှ တစ်နေရာသို့ ရောက်သွားစေသည်။ စနက်တံကို ဂွမ်းမီးစာဖြင့် ပြု လုပ်၍ ယမ်းမှုန့်နှင့် ကော်ရည်တွင် နှစ်ပြီးလျှင် အခြောက်လှန်းထား ရသည်။

မီးကျည်မီးပန်းများသည် ပျော်ပွဲရွှင်ပွဲများအပြင် အခြားကိစ္စ များ၌လည်း များစွာအသုံးဝင်သည်။ ၁၈၄ဝ ပြည့်နှစ်က တရုတ် နိုင်ငံမှ ထွက်သည့် မီးကျည်မီးပန်းများကို တင်ဆောင်လာသော နှစ်ပင်တိုင် ရွက်သင်္ဘောတစ်စင်းသည် ဆူမတြားကျွန်းအလွန်၌ လေမရ၍ ရွက်မတိုက်နိုင်သဖြင့် မသွားနိုင်ဖြစ်ခဲ့၏။ ညဉ့်နက် သန်းခေါင်ယံအချိန်တွင် ပင်လယ်ဓားပြများ ရုတ်တရက် ရောက် လာသဖြင့် သင်္ဘောသားများမှာ ဘာမျှ မလုပ်နိုင်တော့ဘဲ သေဘေး နှင့်သာ ရင်ဆိုင်ရမလောက် ရှိနေလေသည်။

သင်္ဘောမာလိန်မှူးသည် ရုတ်တရက်အကြံရကာ မီးရှုးမီးပန်း တစ်သေတ္တာကိုဖွင့်၍ မီးရှို့ လိုက်ရာ ပြင်းထန်စွာ ပေါက်ကွဲပြီးသော် ဓားပြဗိုလ်တစ်ဦးမှာ အနည်းငယ်ထိခိုက် သွားလေသည်။ ကျန်ဓားပြများလည်း ကြောက် ၍ ထွက်ပြေးကုန်လေသည်။

ဒုံးပျံများနှင့် ရောင်စုံ မီးရှူးမီးပန်းများကို ပင်လယ်ထဲရှိ သင်္ဘောများ အချက်ပေးရာ၌လည်း အသုံးပြုကြသည်။ သို့ဖြင့်ညဉ့် အချိန်အတွင်း သင်္ဘောအချင်းချင်း စကားပြောနိုင် ကြသည်။ အထူး သဖြင့် ဒုံးပျံများကို ပင်လယ်ထဲ၌ သင်္ဘောများဒုက္ခရောက်နေသည့် အခါ သုံးကြသည်။ ညဉ့်အချိန်ပင် လယ်ထဲတွင် ဒုံးပျံကို မြင် သဖြင့် ကယ်ဆယ်နိုင်သောကြောင့် အသက်ပေါင်းများစွာ ချမ်းသာခဲ့ ကြရသည်။ ပထမကမ္ဘာစစ်ပွဲ၌ နောက်တန်း အမြောက်တပ်ကို ဒုံးပျံဖြင့်ပင် အချက်ပေးလေသည်။

မီးကျည်မီးပန်းများသည် ဤမျှ အသုံးဝင်သော်လည်း ပျော် ပွဲရွှင်ပွဲများ၌ မီးလောင်မှုများရှိခဲ့လေသည်။ ထိုကြောင့် သက်ဆိုင်ရာ အစိုးရများက မီးကျည်မီးပန်းနှင့် သက်ဆိုင်သော ပညတ်ချက်များ ကို ထုတ်ပြန်ထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)