မီးကြာလှည့်ခြင်း
| Paper Lantern Lighting Ceremony မီးကြာလှည့်လည်ပွဲ ပွယ်ꩻလေပ်မေႏဗို | |
|---|---|
မီးကြာလှည့်လည်ပူဇော်ပွဲ အခမ်းအနား | |
| တရားဝင်အမည် | မီးထွန်းပွဲတော် |
| လိုက်နာကျင့်သုံးသူများ | မြန်မာနိုင်ငံ |
| အမျိုးအစား | ဘာသာရေး၊ ယဉ်ကျေးမှု |
| အရေးပါမှု | ဝါကျွတ်အခါသမယ |
| လိုက်နာမှုများ | ဗုဒ္ဓဘုရားရှင်ကို ဆီမီးဖြင့် ပူဇော်မှု |
| ရက်စွဲ | သီတင်းကျွတ် လပြည့်ည၊ တန်ဆောင်မုန်းလပြည့်ည |
| ဆက်စပ်သောပွဲများ | Chotrul Duchen (in Tibet) Aeboreum (in Korea) Koshōgatsu (in Japan) Magha Puja (in Thailand, Sri Lanka, Cambodia and Laos) Têt Nguyên Tiêu (in Vietnam) |
မီးကြာလှည့်ခြင်း ဆိုသည်မှာ ဖရောင်းတိုင် ထွန်းထားသော ရောင်စုံစက္ကူမီးပုံးများ ကိုင်ဆောင်ကာ ဘုရားကျောင်းကန်များတွင် စီတန်းလှည့်လည်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် အတွေ့ရများပြီး ကယားပြည်နယ်နှင့် အချို့သော တိုင်းဒေသကြီး အစိတ်အပိုင်းနှင့် ပြည်နယ်များတွင် ပြုလုပ်လေ့ရှိသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ညနှင့် တန်ဆောင်မုန်းလပြည့်ညကဲ့သို့သော အခါကြီးရက်ကြီးညများတွင် မီးကြာလှည့်ခြင်းပြုကြသည်။[၁] အခါကြီးရက်ကြီးမဟုတ်သော်လည်း အဆင်ပြေရာရက်များ၌ ကထိန်သင်္ကန်း ကပ်လှူကြချိန် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတလျောက်တွင် မီးကြာလှည့်ကြသည်များလည်းရှိသည်။ ကျေးလက်ဘက်တွင် ကထိန်ခင်းမည့်နေ့မတိုင်ခင် ညပိုင်း၌ ကထိန်ပွဲတော်အတွက် ပြုလုပ်ထားသည့် ပဒေသာပင်ကြီးများထက်တွင် အတွင်းပိုင်းတွင် ဖယောင်းတိုင်မီးထွန်းထားသော ရောင်စုံမီးကြာပန်းများ ချည်နှောင်လျက် ဘုရားမီး ပူဇော်ကြသည်။ မီးပဒေသာပင်ကို လူနှစ်ဆယ်ဝန်းကျင်က ထမ်းပိုးပြီး အိုးစည်ဗုံမောင်းများတီးလျက် တပျော်တပါးကခုန်ကြသည်။ မြို့ပြများတွင်မူ မီးပဒေသာပင် အမြင့်များဖြင့် လှည့်လည်ပူဇော်ခြင်းမပြုပဲ မီးကြာပွင့် သို့မဟုတ် ရောင်စုံမီးပုံး တစ်ခုနစ်ခုကို ကုက္ကားသဏ္ဌာန်ဝါးတံတွင် ချည်နှောင်ကာ အတန်းလိုက် လှည့်လည်ပူဇော်မှု ပြုကြသည်။
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာကိုးကွယ်သော ကျေးရွာများတွင်လည်း တန်ဆောင်မုန်းလရောက်တိုင်း မီးကြာလှည့်လည်ပွဲများကို ပြုလုပ်လေ့ရှိသည်။[၂]

ယောဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ ကျေးလက်အရပ်များတွင်လည်း မီးကြာလှည့်ပွဲကို သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများအတွင်း ကျင်းပကြသည့် အလေ့ရှိသည်။ ဘုရားရှင်အား ရည်မှန်းပူဇော်သော အဆိုပါမီးကြာလှည့်လည်ပွဲအပြင် မီးကြာကိုင် သမီးပျိုများကို သနပ်ခါးပါးတို့ပြီး ကြိုဆိုကြသည့် ဓလေ့လည်းရှိသည်။[၃]
ဝေါဟာရ ရင်းမြစ်
[ပြင်ဆင်ရန်]ပအိုဝ်းဘာသာတွင် ရောင်စုံစက္ကူဖြင့် ပြုလုပ်ထားသော ဖရောင်းတိုင်ထည့် ထွန်းညှိရသည့် မီးပုံးငယ်ကို မေႏဗိုဟုခေါ်ပြီး မြန်မာဘာသာတွင် ပန်းကြာပွင့်မီးပုံးဟု အဓိပ္ပါယ်ရသည်။ မီးကြာဟု အလွယ်ခေါ်ကြပြီး မီးကြာကို ဝါးတံတွင် ကြိုးနှင့်ချည်၍ ကျောင်းကန်ဘုရား ပရဝုဏ်အတွင်း လက်ယာရစ် လှည့်လည်ပူဇော်ခြင်းကို မီးကြာလှည့်လည်ပွဲဟု ခေါ်ကြသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ခွန်ရာဇာ (28 October 2019)။ တောင်ကြီးမြို့က ပအိုဝ်းရိုးရာ မီးပဒေသာ မီးကြာလှည့်လည်ပူဇော်ပွဲ (ဓာတ်ပုံ)။ Democratic Voice of Burma။ 26 April 2025 တွင် ပြန်စစ်ပြီး။
- ↑ မယ်စဲ့မြို့တွင် ရိုးရာဓလေ့ တန်ဆောင်တိုင်မီးကြာလှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ။
- ↑ ဇော်မျိုးသန့် (ပြန်/ဆက်) (14 October 2019)။ ဆောမြို့တွင် မီးကြာလှည့်ဆီမီးပူဇော်၍ သနပ်ခါးပါးတို့ပွဲကျင်းပ။ NPE။ 26 April 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုထဲက ပအိုဝ်း (Pa'Oဘာသာစကားဖြင့်)။ PNO ထုတ် ၁၅ နှစ်ပြည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်။ p. 179။