မိုနိုတိုက် စာစီစနစ်

ဝီကီပီးဒီးယား မှ
(မိုနိုတိုက်စာစီစက် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မိုနိုတိုက် စာစီစစ်သည် ရှေးစာပုံနှိပ်စက်ကဲ့သို့ လက်ဖြင့် စာစီခြင်း၊ စာဖောင်ပြုလုပ်ခြင်း စသော အလုပ်များ မရှိတော့ဘဲ၊ စက်ဖြင့်သာ ပြီးစီးသည့်ခေတ်မှီ လက်နှိပ်စာစီစက် ဖြစ်သည်။ မိုနိုတိုက် လက်နှိပ်စာစီစက် တစ်ခုသည် စာစီသမား ၅ ဦး ၆ ဦး၏ အလုပ်ကို လုပ်ကိုင်နိုင်သည်။ လက်နှိပ်စာစီ စက်နှင့် ဖောက်ထားသော စာရွက်လိပ်ကို စာလုံးသွန်းစက် ထဲသို့ ထည့်လိုက်ရုံနှင့် မိုနိုစာလုံးသစ်များနှင့် အသင့်စီပြီး စာဖောင်များ ထွက်လာတော့၏။ သို့ဖြင့် စာအုပ်ထုတ်လုပ်ငန်း သည် များစွာတွင်ကျယ်၍ လျင်မြန်လာလေသည်။

မိုနိုတိုက် စာစီစက်တွင် စက် ၂ ခု ပါဝင်သည်၊ တစ်ခုမှာ စာလုံးဖောက်စက်ဖြစ်၍ ကျန်တစ်ခုမှာ စလုံးပုံသွန်း စက်ဖြစ်၏။ စာလုံးဖောက်စက်တွင် အလိုရှိသော အက္ခရာ အလိုက် ခလုတ်ကိုနှိပ်ပေးသောအခါ စက်အပေါ်ဖက်တွင် တပ်ဆင်ထားသော စာရွက်ပေါ်၌ အပေါက်များ ဖြစ်ပေါ်လာ သည်။ ထိုအပေါက်များမှာ စာလုံးသွန်းရာ၌ ဆိုင်ရာအက္ခရာပုံ ကို သွန်းရန် ထိန်းပေးသည့် အပေါက်များသာ ဖြစ်သည်။ ထိုကြောင့် အပေါက်များဖောက်ထားသော စာရွက်ကို ပုံသွန်း စက်တွင် တပ်ဆင်လိုက်သောအခါမှ လိုအပ်သော အက္ခရာစာ လုံးများကို ပုံသွန်းစက်က သွန်းပေးလေသည်။ အက္ခရာတစ်လုုံး နှင့် တစ်လုံး ကွဲပြားသကဲ့သို့ အထိန်းစာရွက်ပေါ်ရှိ အပေါက် များလည်း ကွဲပြားကြသည်။ စာစီစက်၌ အပေါက်များ ဖောက် ရာတွင် လည်းကောင်း၊ စာလုံးသွန်းစက်၌ အက္ခရာပုံများ သွန်း ရာတွင်လည်းကောင်း လေဖိအားကို အသုံးပြုထားလေသည်။

မိုနိုတိုက် စာစီစက်ကို ရိုက်နှိပ်နေစဉ် စာကြောင်း တစ်ကြောင်း ဆုံးခါနီးတွင် လက်နှိပ်စက်ကဲ့သို့ ခေါင်းလောင်း ငယ်ကလေးမှ အသံမြည်လာသည်။ ထိုအခါ စာစီစက်ရိုက် သူသည် စက်တစ်နေရာရှိ ညွှန်တံကပြသည့်အတိုင်း လိုအပ် သော ကြားခံတုံးကိုစာကြောင်းပြည့် ဖြစ်အောင် ခလုတ်နှိပ်၍ ထည့်ပေးရသည်။

စာလုံးသွန်းစက်တွင် (၁) လျှပ်စစ်ဓာတ်အားနှင့် ဖြစ်စေ၊ ဓာတ်ငွေ့မီးနှင့် ဖြစ်စေ အရည်ကျိုထားသော သတ္တု အရည်ကျိုခွက်တစ်ခု၊ (၂) အက္ခရာ တစ်လုံးစီ ပုံသွန်းပေးသည့် ပုံစံခွက်၊ (၃) အက္ခရာပေါင်း ၂၂၅ လုံး စာနေရာရှိသော ပုံစံ ခွက်ဘောင်နှင့် (၄)စာလုံးသွန်းရန်အတွက် လေကိုဖိအားဖြင့် ပန်းသွင်းပေးသည့် ကရိယာတို့ ပါဝင်သည်။ စာလုံးသွန်းစက်တွင် အထိန်းစာရွက်ကို ထည့်၍ စက်ကို လည်စေသောအခါ သတ္တု အရည်ကျိုခွက်ပေါ်၌ မှောက်ထားသည့် မေးထရစ်ခွက်ခေါ်သည့် ပုံစံခွက်များထဲသို့ သတ္တုရည် ပန်း၍တက်လာပြီးလျှင် အက္ခရာ စာလုံးများကို ပုံသွန်းပေးသည်။ သို့သော် လိုင်နိုတိုက်နှင့် ကွဲလွဲပုံမှာ လိုင်နိုတိုက်၌ တစ်ကြိမ်လျှင် စာတစ်ကြောင်းစာကို ပုံသွန်းပေး၍ မိုနိုတိုက်၌မူ အက္ခရာ တစ်လုံးချင်းကိုသာ ပုံသွန်း ပေးလေသည်။


ထိုကြောင့် ပုံသွန်းရရှိသော စာလုံးများ၌ အမှားတွေ့ခဲ့သော် လိုင်နိုတိုက်နှင့် သွန်းထားသော စာလုံးဖြစ်က စာတစ်ကြောင်း လုံးပြန်လည်သွန်းလုပ်ရသော်လည်း၊ မိုနိုတိုက်နှင့် သွန်းထား သော စာလုံးဖြစ်က မှားသည့် စာလုံးများကို တစ်လုံးချင်း ပြန်လည် သွန်းလုပ်ရန်သာ လိုပေသည်။ အခြား ကွဲလွဲချက် တစ်ခုမှာ လိုင်နိုတိုက်၌ စာစီစက်နှင့် ပုံသွန်းစက်ကို ပူးတွဲ ထား၍ မိုနိုတိုက်၌မူ တစ်ခုစီ သီးခြားထားသည်။ ထိုကြောင့် မိုနိုတိုက်ကို သုံးရာတွင် စာစီစက်နှင့် စာလုံးသွန်းစက်တို့ကို တစ်မြို့စီ၊ သို့မဟုတ် တစ်နေရာစီထား၍ စာစီနိုင် ပုံသွန်း နိုင်ပေသည်။

မိုနိုတိုက်နှင့် စာစီခြင်း၊ စာလုံးသွန်းခြင်းဖြင့် ရရှိ သော ပုံနှိပ်စာလုံးများကို တစ်ဖန် လိုင်နိုတိုက်မှာကဲ့သို့ပင် စာမျက်နှာအလိုက် ဖောင်သွင်းပေးပြီးလျှင် ပုံနှိပ်စက်တွင် တပ်ဆင်ရိုက်နှိပ်နိုင်ပေသည်။ မိုနိုတိုက်နှင့် သွန်းလုပ်ရရှိသော ပုံနှိပ်စာလုံးများကို တစ်လုံးချင်း ပြန်လည် ပြင်ဆင်နိုင်ခြင်း၊ ဤစက်တွင် စာစီနှင့်ပုံသွန်းစက်ကို တစ်နေရာစီ ခွဲခြားထားနိုင်ခြင်းတို့ ကြောင့် မိုနိုတိုက်ကို စာအုပ်စာတမ်းများရိုက်နှိပ်သည့် ပုံနှိပ်တိုက်ကြီးများ၌ အသုံးများကြ၏။ သို့သော် လိုင်နို တက်ဖြင့် စာများကို ပိုမိုလျင်မြန်စွာ စီနိုင်သွန်းနိုင်သည့် အတွက် သတင်းစာတိုက်ကြီးများ၌ လိုင်နိုတိုက်ကို အသုံးများကြသည်။ မိုနိုတိုက် စာစီစက်ကို တဲလဗက် လန်စတန်ဆိုသူ အမေရိကန်တစ်ဦးက ၁၈၈၇ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။ မိုနိုဟူသော စကားမှာ တစ်ခုဟု အဓိပ္ပါယ်ရသဖြင့် စာတစ်လုံး ချင်း စီပေးနိုင် သွန်းပေးနိုင်သော ဤစက်ကို မိုနိုတိုက်ဟု ခေါ်တွင်ခြင်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)