မာတိကာသို့ ခုန်သွားရန်

မိတ္တာမိတ္တဇာတ်

ဝီကီပီးဒီးယား မှ

ဇာတ်တော် ၂-ဇာတ်ရှိပါသည်။

ဒုကနိပါတ် - ၅။ ရုဟကဝဂ် -၁၉၇ - မိတ္တာမိတ္တဇာတ်။ ။ မိတ်ဆွေနှင့် ရန်သူကို ခွဲခြားနိုင်ရန် တပည့်တို့အား ညွှန်ကြား ဆုံးမသော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ပြင်ဆင်ရန်]

ဆရာတပည့်ပြု သတ်ပုတ်မှု

[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ငါယူလျှင် ဥပဇ္ဈာယ်ဆရာ အမျက်ထွက်လိမ့်မည်မဟုတ်ဟု နှလုံးသွင်းကာ ဥပဇ္ဈာယ်ဆရာ ထားသော အဝတ်လွှာပိုင်းတစ်ခုကို အကျွမ်းဝင်သဖြင့် ယူ၍ ဖိနပ်အိတ်ချုပ်ပြီးမှ ဥပဇ္ဈာယ်ဆရာအား ပန်ကြားလေ၏။

ထိုအခါ ဥပဇ္ဈာယ်ဆရာသည် တပည့်အား “ရဟန်း ... ငါ့အဝတ်လွှာပိုင်းကို အဘယ်ကြောင့်ယူနည်း” ဟု မေးလေ၏။ “အရှင်ဘုရား ... အရှင် အမျက်ထွက်လိမ့်မည်မဟုတ်ဟု နှလုံးသွင်းကာ အကျွမ်းဝင်သဖြင့် ယူမိပါသည်” ဟု ပြောလေ၏။ “ရဟန်း ... ငါနှင့်သင် ဘယ်မှာ အကျွမ်းဝင်ဖူးသနည်း”ဟု ပြောဆိုပြီးလျှင် ထ၍ သတ်ပုတ်လေ၏။

ထိုဆရာတပည့်တို့အကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်းတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ မိမိအတူနေ တပည့်နှင့် အကျွမ်းမဝင်သည်မဟုတ်၊ ရှေးအခါ၌လည်း အကျွမ်းမဝင်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[ပြင်ဆင်ရန်]

လိုက်နာမဆင်ခြင် သေပွဲဝင်

[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ရသေ့ရဟန်းပြုကာ အဘိညာဉ် သမာပတ်ကိုဖြစ်စေ၍ ရသေ့ အပေါင်းတို့ ဆရာဖြစ်လျက် ဟိမဝန္တာတွင် နေလေ၏။

ထိုတပည့်အပေါင်းတို့တွင် တပည့်ရသေ့တစ်ယောက်သည် ဆရာရသေ့စကားကို နားမထောင်ဘဲ အမိသေသော ဆင်ငယ်တစ်စီးကို မွေးမြူလေ၏။ ထိုဆင်ငယ် ကြီးလတ်သော် ရသေ့ကိုသတ်၍ တောသို့ဝင်လေ၏။

တပည့်အများ ဆုံးမငြား

[ပြင်ဆင်ရန်]

ထိုရသေ့အလောင်းကို သင်္ဂြိုဟ်ပြီးသော် ရသေ့အပေါင်းသည် ဆရာရသေ့ကို ခြံရံကုန်လျက် “အရှင်ဘုရား ... အဆွေခင်ပွန်းသည်ကို လည်းကောင်း၊ ရန်သူဖြစ်သည်ကို လည်းကောင်း ဘယ်အကြောင်းဖြင့် သိရပါမည်နည်း” ဟု မေးလျှောက်ကြသည်ရှိသော် ဆရာရသေ့သည် တပည့်တို့အား -

“တပည့်တို့ ... ရန်သူသည် ရန်ဘက်ကိုမြင်လျှင် ပြုံးရွှင်ခြင်းမရှိ၊ ရန်ဘက်စကားကို ကြားလျှင် နှစ်သက်ခြင်းမရှိ၊ ရန်ဘက်နှင့် မျက်နှာချင်းဆိုင်၍ ကြည့်ရှုခြင်းမရှိ၊ ရန်ဘက်၏ ဆန့်ကျင်ဘက်ကိုပြု၏”။

“ပညာရှိသည် ထိုအကြောင်းလေးပါးကိုမြင်၍ လည်းကောင်း၊ ကြား၍ လည်းကောင်း ဤသူကားငါ့ရန်သူဖြစ်သည်ဟု သိရာ၏။ ထိုအကြောင်းလေးပါးတို့သည် ရန်သူ၌ တည်ရှိကုန်၏” – ဟု ရန်သူဖြစ်သည်ကို လည်းကောင်း၊ အဆွေခင်ပွန်းဖြစ်သည်ကို လည်းကောင်း သိနိုင်ရန် အကြောင်းလေးပါးကို ပြောကြား ဖြေဆိုလေ၏။

ဇာတ်ပေါင်း

[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်ငယ်ကို မွေးမြူသော ရသေ့သည် - ယခုအခါ အတူနေတပည့်။

ဆင်ငယ်သည် - ဥပဇ္ဈာယ်ဆရာ။

ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။

ဆရာရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

[ပြင်ဆင်ရန်]

(၁) မပြုံးမရွှင်၊ ရန်ဘက်မြင်၊ ကြားလျှင်မနှစ်လို။

(၂) မျက်နှာမဆိုင်ချင်၊ ပြုဆန့်ကျင်၊ လေးအင်ရန်သူဆို။

(၃) အကြောင်းလေးပါး၊ မရှိငြား၊ မှတ်သားမိတ်ဆွေကို။

မိတ္တာမိတ္တဇာတ် ပြီး၏။[]


ဒွါဒသကနိပါတ် - ၄၇၃-မိတ္တာမိတ္တဇာတ်

ဗြဟ္မဒတ်မင်းကြီးမေးကြားအပ်သော မိတ်ဆွေနှင့်ရန်သူ၊ ပေါင်းအပ်သူ၊ မပေါင်းအပ်သူ ထိုသူနှစ်ယောက်တို့ကို ခွဲခြားပြောကြားအပ်သဖြင့် ဆုလာဘ်များစွာ ချီးမြှင့်ခြင်းခံရသော ပညာရှိအမတ်အကြောင်း။

---

ပစ္စုပ္ပန်ဝတ္ထု

ရန်သူမိတ်ဆွေ ခွဲ သိလေ

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ အမတ်တစ်ယောက်သည် ကောသလမင်းအား အလွန်ကျေးဇူးများသတတ်။ ကောသလမင်းကြီးလည်း ထိုအမတ်ကို အလွန်မြတ်နိုးတော်မူ၏။ ကြွင်းသော အမတ်တို့သည် မနာလိုဝန်တိုသဖြင့် ကောသလမင်းကြီးထံ ကုန်းတိုက်ကြ၏။ မင်းကြီးသည် စုံစမ်းဆင်ခြင်လတ်သော် တစ်စုံတစ်ရာအပြစ်ကိုမမြင်။ ထိုအခါ ကောသလမင်းကြီးသည် “ငါကား ထိုအမတ်၏ အဆွေခင်ပွန်းအဖြစ်ကို၎င်း၊ ရန်သူအဖြစ်ကို၎င်း အဘယ်သို့ သိနိုင်အံ့နည်း”ဟု ကြံစည်မိလေ၏။

ထို့နောက် မင်းကြီးသည် ထိုအကြောင်းကိုသိရန် မြတ်စွာဘုရားကို လျှောက်ထားမည်ဟု နံနက်စာစားပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... လူဖြစ်သောသူသည် မိမိအဆွေခင်ပွန်းအဖြစ်ကို၎င်း၊ ရန်သူအဖြစ်ကို၎င်း အဘယ်သို့ သိရပါအံ့နည်း”ဟု လျှောက်လ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး ရှေးအခါ၌လည်း ဤပြဿနာမျိုးဖြစ်ပေါ်လာရာ ပညာရှိတို့ ဖြေဆိုသောနည်းဖြင့်သိရ၍ ရန်သူ့ကို ရှောင်ကြဉ်လျက် အဆွေခင်ပွန်းကို မှီဝဲဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

---

အတိတ်ဝတ္ထု

ရန်နှင့်မိတ်ကို ခွဲခြားလို

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပညာရှိအမတ်ဖြစ်၏။ ထိုအခါ မင်း၏အကျိုးစီးပွားကို ကျင့်သော အမတ်တစ်ယောက်ကို ကြွင်းသောအမတ်တို့သည် မင်းကြီးထံကုန်းတိုက်ကြ၏။ မင်းကြီးသည် ထိုအမတ်အပေါ်၌ အပြစ်ကိုမမြင်။ ထိုအခါမင်းကြီးသည် အဆွေခင်ပွန်း၏အဖြစ်၊ ရန်သူ၏အဖြစ်ကို သိလိုသည်ဖြစ်၍–
“အို-သုခမိန်... လူတစ်ယောက်ကို ဘယ်အမှုကို မြင်၍၎င်း၊ ဘယ်စကားကိုကြား၍၎င်း ရန်သူအဖြစ်ကိုသိရာသနည်း၊ သိရအောင်အဘယ်သို့ လုံ့လပြုရာသနည်း”
ဟု ရန်သူလက္ခဏာကို သိလိုသဖြင့် စုံစမ်းမေးမြန်းလေ၏။

ပညာစွမ်းပင် စုံစမ်းဆင်ခြင်

ထိုအခါ သုခမိန်သည် ရန်သူ၏ လက္ခဏာထင်စွာသိရှိအောင် ပြောကြားလိုသဖြင့်–
“မြတ်သောမင်းကြီး... ရန်ဘက်ကို မြင်၍ မပြီးရင် ရန်ဘက်ကိုမြင်၍ မနှစ်သက်၊ ရန်ဘက်ကိုမြင်လျှင် မျက်နှာလွှဲ၏၊ ဆန့်ကျင်ဘက်လုပ်၏”။
“ရန်ဘက်၏ရန်သူတို့ကို မှီဝဲ၏၊ ရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ၊ မချီးမွမ်းသောသူတို့ကို တားမြစ်၏၊ ဆဲရေးသောသူကို ချီးမွမ်း၏”၊
“ရန်ဘက်အား လျှို့ဝှက်သော မိမိစကားကို မပြောကြား၊ ရန်ဘက်၏ လျှို့ဝှက်သောစကားကို မလျှို့ဝှက်၊ ရန်ဘက်၏အမှုကို မချီးမွမ်း၊ ပညာဉာဏ်ကို မချီးမွမ်း”၊
“ရန်ဘက်စီးပွားချမ်းသာ ဆုတ်ယုတ်ခြင်း၌ နှစ်သက်၏၊ စီးပွားချမ်းသာပါများခြင်း၌ မနှစ်သက်၊ ကောင်းမြတ်သော ဘောဇဉ်ကို ရသည်ရှိသော် ရန်ဘက်အား မအောက်မေ့၊ ရန်ဘက်၏ဆင်းရဲခြင်းကိုလည်း မစောင့်ရှောက် ဤအကြောင်းလက္ခဏာဆယ့်ခြောက်ပါးတို့ကား ရန်သူ၌တည်ရှိကုန်၏၊ ထိုအကြောင်းလက္ခဏာတို့ကို မြင်၍ ကြား၍ ဤသူကား ရန်သူဟု သိရာ၏”
ဟု ရန်သူအဖြစ်သိကြောင်း လက္ခဏာတို့ကို အကျယ်တဝင့် ပြောကြားလေ၏။

ပေါင်းဖော်အပ်စွာ မိတ်ဆွေရှာ

မင်းကြီးသည် ရန်သူ၏ လက္ခဏာတို့ကို ကြားနာပြီးလျှင် တစ်ဖန် မိတ်ဆွေ၏အဖြစ်ကို သိလိုသဖြင့်–
“အို-သုခမိန်... လူတစ်ယောက်ကို ဘယ်အမှုကို မြင်၍၎င်း၊ ဘယ်စကားကိုကြား၍၎င်း အဆွေခင်ပွန်းအဖြစ်ကို သိရာသနည်း၊ သိရအောင် ဘယ်သို့ လုံ့လပြုရာသနည်း”—
ဟု အဆွေခင်ပွန်း၏ လက္ခဏာကို မေးပြန်၏။ ထိုအခါ သုခမိန်သည်—
“မြတ်သောမင်းကြီး... ကွေကွင်းနေသော အဆွေခင်ပွန်းကို အောက်မေ့၏၊ ရောက်လာသော အဆွေခင်ပွန်းကို အလွန်နှစ်သက်၏၊ အဆွေခင်ပွန်း ရွှင်လန်းခြင်းကို အလိုရှိ၏၊ အဆွေခင်ပွန်းစကားကို နှစ်သက်၏။

ပေါင်းအပ် မပေါင်းအပ် ထိုနှစ်ရပ်

အဆွေခင်ပွန်း၏ အဆွေခင်ပွန်းတို့ကို မှီဝဲ၏၊ ရန်သူတို့တို မမှီဝဲ၊ အဆွေခင်ပွန်းအား ဆဲရေးသောသူတို့ကို တားမြစ်၏၊ ကျေးဇူးကို ပြောဆိုသူတို့ကို ချီးမွမ်း၏။
“အဆွေခင်ပွန်းအား မိမိ လျှို့ဝှက်သောစကားကို ပြောကြား၏၊ အဆွေခင်ပွန်း၏ လျှို့ဝှက်သောစကားတို့ကို လျှို့ဝှက်ထား၏၊ အဆွေခင်ပွန်း၏အမှုကို ချီးမွမ်း၏၊ ပညာဉာဏ်ကို ချီးမွမ်း၏”။
“အဆွေခင်ပွန်း၏ စီးပွားချမ်းသာ ပေါများခြင်း၌ နှစ်သက်၏၊ စီးပွားချမ်းသာ ဆုတ်ယုတ်ခြင်း၌ မနှစ်သက်၊ ကောင်းမြတ်သော ဘောဇဉ်ကိုရလတ်သော် အဆွေခင်ပွန်းအား အောက်မေ့၏၊ အဆွေခင်ပွန်းအား စောင့်ရှောက်၏”။ ဤအကြောင်းလက္ခဏာ တစ်ဆယ့်ခြောက်ပါးတို့ကား အဆွေခင်ပွန်း၌ တည်ရှိကုန်၏၊ ထိုအကြောင်းလက္ခဏာတို့ကိုမြင်၍ ကြား၍ ဤသူကား အဆွေခင်ပွန်းဟုသိရာ၏”—
ဟု အဆွေခင်ပွန်းအဖြစ် သိကြောင်း လက္ခဏာတို့ကို အကျယ်တဝင့် ပြောကြားပြန်၏။ ထိုအခါ မင်းကြီးသည် ပညာရှိအမတ် ပြောကြားဆုံးမအပ်သော တရားစကားတို့ကို ကြားနာရသဖြင့် အလွန်နှစ်သက်ကြည်ညိုသည်ဖြစ်၍ ပညာရှိအမတ်အား များစွာသော စည်းစိမ်ချမ်းသာတို့ကို ပေးလေ၏။

---

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့...

  • ထိုအခါ ဗာရာဏသီမင်းသည်-ယခုအခါ အာနန္ဒာ။
  • ပညာရှိအမတ်သည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

---

ဆောင်ပုဒ်

(၁) မြင်-မရွှင်ပျို့၊ မနှစ်မြို့၊ ဘေးသို့မျက်နှာထား။
(၂) ဆန့်ကျင်လုပ်တောင်း၊ ရန်သူပေါင်း၊ မပေါင်းခင်ပွန်းများ။
(၃) ချီးမွမ်းမြစ်ကာ၊ ဆဲချီးကာ၊ လျှိုရာမပြောကြား။
(၄) ပြောကြားလျှိုရာ၊ မှု-ပညာ၊ ကောင်းစွာမချီးငြား။
(၅) ဆုတ်ယုတ်ဝမ်းသာ၊ ပေါမသာ၊ မေ့ကာဘောဇဉ်စား။
(၆) မစောင့်ရှောက်ပြန်၊ ဆွဲခြောက်တန်၊ ရန်သူသိကြောင်းများ၊
(၇) ကွာလျှင်လွမ်းလို၊ လာနှစ်မြို့၊ ရွှင်ဘို့လိုရှိငြား။
(၈) စကားနှစ်ထောင်း၊ ခင်ပွန်းပေါင်း၊ မပေါင်းရန်သူများ။
(၉) ဆဲရေးမြစ်ကာ၊ ချီးချီးကား လျှို့ရာကုန်ပြောကြား။
(၁၀) အမှုပညာ၊ ချီးကျူးကာ၊ လျှို့ရာလျှို့ဝှက်ထား။
(၁၁) ပေါများဝမ်းသာ၊ ဆုတ်မသာ၊ စားရာမမေ့ငြား၊
(၁၂) စောင့်ရှောက်ခင်ပွန်း၊ ဆယ့်ခြောက်ခန်း၊ ခင်ပွန်းသိကြောင်းများ။
မိတ္တာမိတ္တဇာတ်ပြီး၏။

ဒွါဒသကနိပါတ်စကားပြေပြီး၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ