မိစ္ဆာဇီဝ

ဝီကီပီးဒီးယား မှ

မှားယွင်း-ဖောက်ပြန်-မမှန်ကန်-သော အသက်မွှေးမှု၊ မိစ္ဆာဇီဝ။ (ပစ္စည်းလာဘ် လာဘအတွက် ဝါကြွားခြင်း, လာဘ်ကိုမျှော်၍ပြောဆိုခြင်း, ပစ္စည်းအတွက် အရိပ်နိမိတ် ပြုခြင်း မိမိ၏ အနည်းငယ်သော ပစ္စည်း လာဘ်လာဘဖြင့် သူတစ်ပါး၏ များစွာသော လာဘ်ကို ရှာမှီးဆောင်ယူလိုခြင်း စသည်သည် မိစ္ဆာအာဇီဝမည်၏။ [၁]

ခဲဖွယ် ဘောဇဉ်စသည်တို့အတွက် ဖြစ်စေအပ်သော ကာယဒုစရိုက် ဝစီဒုစရိုက်သည် မိစ္ဆာအာဇီဝ မည်၏။ [၂]

၂၁-ပါးသော မအပ်သောရှာမှီးခြင်းဖြင့် ရှာမှီး၍ အသက်မွေးခြင်းသည် မိစ္ဆာဇီဝမည်၏။ [၃]

သမ္မာအာဇီဝကိုလည်း ကြည့်ပါ

အသက်မွေးခြင်းတည်းဟူသော အကြောင်းကြောင့် ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ ကာယဒုစရိုက် (၃)ပါး၊ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပဝါစာ, ဝစီဒုစရိုက်လေးပါး ပေါင်း (၇)ပါးတို့မှ ရှောင်ကြဉ်လျှင် သမ္မာအာဇီဝ ဖြစ်၏၊

အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဖြစ်၏၊ အသက်မွေးခြင်းဟူသော အကြောင်းမရှိဘဲ သက်သက် ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်လျှင် သမ္မာကမ္မန္တဟု ဝိရတီ (၃)ပါးကို အကျဉ်းအားဖြင့် မှတ်သားထားပါ။

ထို (၃)ပါးတို့တွင် သမ္မာအာဇီဝ၏ ဆန့်ကျင်ဘက် အပြန်အားဖြင့် မိစ္ဆာအာဇီဝဖြစ်ပုံ များများသဘောပေါက်အောင် လေ့လာမှတ်သားပါ။ ထို့ကြောင့် မိစ္ဆာအာဇီဝဟူသည် မကောင်းသောအားဖြင့် မမှန်ကန်သောအားဖြင့် အသက်မွေးရသော ခိုးဆိုးတိုက်ခိုက် လုယက်သတ်ဖြတ် လိမ်ညာ, အနိုင်အထက်ပြု၍ စီးပွားရှာခြင်း၊ မုဆိုး တံငါ သားငါးမွေးမြူရေးလုပ်၍ အသက် မွေးခြင်း၊ မတရား ရှေ့နေလိုက်ခြင်း၊ လာဘ်ပေး လာဘ်ယူခြင်း၊ တံစိုးလက်ဆောင် ယူခြင်း၊ သတ်မှတ်ထားသော လခ, လုပ်အားခထက် အပိုရအောင် ကြံဆောင် စီးပွားရှာ အသက်မွေးခြင်းမှန်သမျှတို့သည် မိစ္ဆာအာဇီဝ (မကောင်း သော အသက်မွေးခြင်း) ဖြစ်သည်။ အလေး တင်း တောင်း ချိန်ခွင် လိမ်၍ ရောင်းဝယ်ခြင်းတို့သည်လည်း မိစ္ဆာအာဇီဝဟုပင် ဆိုရသည်။ လူကုန်သွယ် ခြင်း, လက်နက်ကုန်သွယ်ခြင်း, အဆိပ်ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါး ကုန် သွယ်ခြင်း, သားစား မွေးမြူရေးလုပ်ခြင်းဖြင့် စီးပွားရှာခြင်းသည်လည်း မိစ္ဆာဇီဝပင် ဖြစ်သည်။

ရဟန်းတော်များမှာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ် (၆)ပါး၊ လွန်ကျူးခြင်းဖြင့် ယုတ်မာသော အသက်မွေးခြင်း၊ ဒါယကာ ဒါယိကာမတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှာ ပန်းပေးခြင်း, သစ်သီးပေးခြင်း စသော ကုလဒူသန (၈)ပါး၊ ပစ္စည်းရှာဖွေရာ၌ ကုဟန (၃)ပါးလပန (၁၃)ပါး၊ နေမိတ္တိကတာ (၆)ပါးနိပ္ပေသိကတာ (၁၁)ပါးအနေသန (၂၁)ပါး၊ လာဘ, သက္ကာရ, သိလောက, ပါပိစ္ဆာ အကြောင်းတို့ဖြင့်လည်းကောင်း, လာဘေန လာဘနိဇီဂီသနတာတို့ဖြင့်လည်းကောင်း, အပဝါရိတ အညာတကဝိညတ္တိတို့ကြောင့်လည်းကောင်း ရသော ပစ္စည်းဖြင့် အသက်မွေးခြင်း၊ ဗြဟ္မဇာလသုတ်လာ တိရစ္ဆာနဝိဇ္ဇာတို့ဖြင့်လည်းကောင်း ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ဟောခြင်း၊ ဆေးကုခြင်း၊ ချဲအတိတ် ထီအတိတ် ပေးခြင်းတို့ဖြင့်လည်းကောင်း ရသော ပစ္စည်းတို့ဖြင့် ယုတ်မာသော အသက်မွေးခြင်းသည် မိစ္ဆာဇီဝ မည်၏၊ [၄]

မြင့်မြတ်သူပီပီ ဝိနည်းတော်နှင့်အညီ[ပြင်ဆင်ရန်]

ရဟန်းတော်ဘဝဟူသည် မြင့်မြတ်သောဘဝ ဖြစ်သည်၊ ဥပသမ္ပဒကံဖြင့် ယုတ်နိမ့်သော အိမ်ရာတည်ထောင် လူတို့ဘောင်မှ မြင့်မြတ်သော အိမ်ရာမထောင် ရဟန်းဘောင်သို့ ရောက်ရှိခဲ့သည်။ အမျိုးလေးပါးတွင် မည်သည့်အမျိုး၊ မည်သည့်အဆင့်အတန်းမှ သာသနာ့ဘောင်သို့ ဝင်ရောက်သည်ဖြစ်စေ ရဟန်းဖြစ်သည်နှင့် တပြိုင်နက် သကျပုတ္တ သာကီဝင်မင်းသား ဘုရားရှင်၏သားတော်အဖြစ်ရောက်ရှိလာကြသူများဖြစ်သည်။ သံသရာဘေးကို ကြံတွေးကြောက်ရွံ့၍ ရဟန်းပြုလာသူများဖြစ်သဖြင့် တစ်ဘဝတာ ခံစားရမည့် ယာယီ လောကီသုခချမ်းသာများကို ပယ်စွန့်ထားသည့်သူများ ဖြစ်သည်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးများကို အလှူခံ၍ သုံးဆောင်ကြသူများ ဖြစ်သည်။ [၅]

ရဟန်းတော်ဘဝဟူသည် ငှက်နှင့်တူသည်ဟု ဆိုလေ့ရှိ ကြသည်။ ငှက်သည် တစ်ပင်မှ တစ်ပင်သို့ ပျံသန်းသွားသောအခါ မည်သည့်ဝန်ပိုမျှ မပါဘဲ လွတ်လွတ်လပ်လပ် ပျံသန်း သွားသကဲ့သို့ ရဟန်းတော်ဟူသည်လည်း ပရိက္ခရာရှစ်ပါးမှ တပါး အခြားဝန်ပို မပါဘဲ မိမိလိုရာသို့ ကြွသွားနိုင်သည်။ ပစ္စည်းပစ္စယ သံယောဇဉ်ဝန်ပိုမပါဘဲ ချမ်းသာ လွယ်ကူစွာ ကြွသွားနိုင်ကြသည်။

မြင့်မြတ်သောရဟန်းဘဝ ရရှိလာသူဖြစ်သဖြင့် မြင့်မြင့် မြတ်မြတ် ကျင့်ကြံနေထိုင်ရန် မြတ်စွာဘုရားသည် ဝိနည်း စည်းကမ်းများဖြင့် သတ်မှတ် ပညတ် ကန့်သတ်ပေးတော် မူခဲ့သည်။

ကုလဒူသကသိက္ခာပုဒ်တော်သည် မြင့်မြတ်သော ရဟန်းဘဝ ပီသစေရန် ရည်သန် ပညတ်တော်မူခဲ့သော သိက္ခာပုဒ်များစွာထဲမှ တစ်ပုဒ် ဖြစ်ပါသည်။ လူဒါယကာတို့နှင့် ကပ္ပိယကာရကတို့ သိထားလျှင် ရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ ဖော်ပြပါမည်။ [၅]

ကုလဒူသနအမှု[ပြင်ဆင်ရန်]

ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒ (မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသား)ဟူသော အမျိုး(၄) ပါးကို ဖျက်ဆီးသော ရဟန်းကို ကုလဒူသကရဟန်းဟု ခေါ်၏၊ ကုလဒူသကရဟန်းသည် ပုံမှန် သဒ္ဓါတရားဖြင့် လှူဒါန်းနေသူများကို ပန်းပေးခြင်း၊ သစ်သီး ပေးခြင်း၊ ရေချိုးဆပ်ပြာမှုန့် ပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါး ပေးခြင်း၊ ဒန်ပူပေးခြင်း၊ ခြေဖြင့် သွားရောက်၍ လူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေးခြင်း၊ ဆေးကုသပေးခြင်း ဟူ၍ စာပေကျမ်းဂန်တွင် ရှစ်မျိုး ဖော်ပြထားသည့် ကုလဒူသန အမှုများကို ပြုလုပ်ဆောင်ရွက်လေ့ရှိ၏။

လူတို့သည် ရဟန်းတော်များကို နဂိုက သဒ္ဓါတရားမှန် ကြည်ညို လှူဒါန်းနေကြသည်။သို့သော် “ဒါနံ သဗ္ဗတ္ထ သာဓကံ = ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေနိုင်၏” ဟူသော စကားကို သဘောကျ၍ ရဟန်းတစ်ပါးပါးက သူ့ကို ကြည်ညိုအောင် ထိုဒါယကာတို့အား ပန်းပေးခြင်း စသည်ကို ပြုလုပ်လိုက်၏။ ထိုရဟန်းအား လှူချင်စိတ်ဖြစ်ကာ ချစ်ခင် လာပေမည်။သို့သော် ထိုကဲ့သို့ ပေးကမ်းခြင်းမရှိသော လဇ္ဇီသူမွန်သီလဝန်အရှင်မြတ်တို့အား မလှူချင်၊ မတန်းချင်၊ မဆည်းကပ်ချင်၊ မကိုးကွယ်ချင်တော့သဖြင့် ထိုဒါယကာတို့၏ အစစ်အမှန် အဖိုးတန် သဒ္ဓါတရားကား ပျက်စီးသွားလေပြီ၊ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ ဆပ်ပြာမှုန့် ဆပ်ပြာခဲ၊ ဝါးများ သစ်များ၊ သွားပွတ်တံများပေး၍ မိမိကို ကြည်ညိ လာအောင် ပြုလုပ်မှုများသည် အဖိုးတန် သဒ္ဓါအစစ်ကို ဖျက်ဆီးရာရောက်သဖြင့် ကုလဒူသနအမှုဟု ခေါ်သည်။ ကုလဒူသနအမှုကြောင့် ဖြစ်ပေါ်လာသော ကြည်ညိုမှု၊ လှူဒါန်းမှု စသည်တို့သည် သဒ္ဓါတရား အတုများသာ ဖြစ်လေသည်။

လူဒါယကာများက စေခိုင်း၍ ခြေဖြင့် လျှောက်သွားကာ ပြောဆိုဆောင်ရွက်ပေးခြင်း၊ အစေအပါး အခိုင်းအစေ ခံခြင်း၊ ဆေးကုပေးခြင်းတို့ကိုလည်း ကုလဒူသနမှု ဟု ခေါ်ဆိုလေသည်။ အမျိုးလေးပါးတို့၏ သဒ္ဓါတရား အစစ်အမှန်ကို ဖျက်ဆီးသူကို ကုလဒူသက၊ ဖျက်ဆီးကြောင်း ဝတ္ထုရှစ်ပါးကို ကုလဒူသန၊ ဖျက်ဆီးမှုကို ကုလဒူသနအမှုဟု ခေါ်ဆိုကြသည်။[၅]

မိစ္ဆာဇီဝ[ပြင်ဆင်ရန်]

ကုလဒူသနအမှု ရှစ်မျိုးအပြင် ရဟန်းတော်တို့ မဆောင်ရွက်သင့်သော အမှုများလည်း ရှိသေးသည်၊ စာပေတို့တွင် အနေသနဟု ခေါ်သည်။ ရဟန်းတော်တို့နှင့် မသင့် လျော်သော ရဟန်းတော်တို့ မအပ်စပ်သော ပစ္စည်းရှာဖွေမှုဟု အဓိပ္ပာယ်ရသည်။ ထိုအနေသနများကား-ပန်းပေးခြင်း စသောရှစ်ပါးအပြင် ဗေဒင်ဟောခြင်း၊ ဒကာ ဒကာမတို့ကို မြှောက်ပင့်ခြင်း၊ ကလေးများကို ချီပိုးယုယခြင်း စသည်ဖြင့် ဒကာ ဒကာမတို့ လှူချင်လာအောင် ပြုလုပ်ခြင်းများ ဖြစ်လေသည်။ ထိုကဲ့သို့ အနေသနမှု ပြုလုပ်၍ရသော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းကို “မိစ္ဆာဇီဝ = ယုတ်ညံ့သော အသက် မွေးခြင်း”ဟု ခေါ်လေသည်။ အာဇီဝပါရိသုဒ္ဓိသီလလည်းကြည့်။

ရဟန်းတော်ဘဝဟူသည် ဂန္ထဓုရ (စာပေပရိယတ္တိ သင်ယူမှုတာဝန်)နှင့် ဝိပဿနာဓုရ (ကမ္မဋ္ဌာန်း ဘာဝနာ ပွားများမှု ပဋိပတ္တိတာဝန်) နှစ်ရပ်သာ ရှိသည်။ ဒကာ ဒကာမတို့အား ပေးဖို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း၊ ရေလောင်းခြင်း စသော ရဟန်းတို့နှင့် မလျော်သော အကျင့်များကို ပြုကျင့်နေလျှင် ပါပသမာစာရ = ယုတ်မာသောအကျင့် ကျင့်သူဖြစ်ပေမည်။ [၅]

ကုလဒူသနအပြစ်[ပြင်ဆင်ရန်]

ကုလဒူသနအမှုကို ပြုလုပ်လျှင် အာပတ်သင့်၏၊ ထိုကုလဒူသနအမှုကြောင့် ရလာသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းများကို ကုလဒူသက ရဟန်းနှင့်တကွ သီတင်းသုံးဘော်(၅) ဦးလုံးပင် မသုံးစွဲကောင်းပေ၊ သုံးစွဲသူတိုင်း အပြစ်သင့်၏။

သက်ဆိုင်ရာဝိနည်းကံဖြင့် ကုစားသဖြင့် ကံငြိမ်း ပြီးနောက် ရဟန္တာဘဝရောက်သော်လည်း ထိုကုလဒူသနမှဖြင့် ဆက်ဆံမိသော ဒကာဒကာမတို့ထံမှ ပစ္စည်းကို အလှူ မခံရပေ။ ဘာကြောင့် အလှူမခံပါသလဲဟု လူတို့က လျှောက် ကြလျှင် “ရှေးတုန်းက သင်တို့အား ကုလဒူသနအမှုဖြင့် ချီးမြှောက်မိလို့”ဟု ပြောရမည်။ ရှေးတုန်းက ချီးမြှောက် ပေးကမ်းခဲ့လို့ ယခုလို လှူခြင်းမဟုတ်ပါ၊ ယခုအခါ ကောင်းစွာ နေ၍ ကြည်ညို၍ လှူပါသည်ဟု လျှောက်လျှင်ကား ခံယူ ကောင်းပါသည်။

မသိစဉ်တုန်းက ကုလဒူသနအမှု ပြုမိခဲ့သူ ရဟန်းတော်များသည်လည်း နောင်တရ၍ ကောင်းစွာ နေထိုင်လျှင် ဤနည်းအတိုင်း အလှူမခံဘဲ ရှောင်ကြဉ်နေရမည်။ လူတို့က သဒ္ဓါတရားဖြင့် လှူပါကြောင်း လျှောက်ထား၍ အလှူခံလျှင် မူကား အပြစ်လွတ်ပါသည်။

ကပ္ပိယကာရကတို့သိမှတ်ဖွယ်[ပြင်ဆင်ရန်]

ကုလဒူသကသိက္ခာပုဒ်သည် မြင့်မြတ်သောသူ ဖြစ်ပါလျက် မြင့်မြင့်မြတ်မြတ်မနေသူများ၊ ပစ္စည်းလေးပါးကို မတရား ရှာဖွေလိုသူများအတွက် ဟန့်တားရန် ပညတ်အပ်သော သိက္ခာပုဒ် ဖြစ်ပါသည်။ လူမှုရေးအရ စာနာထောက်ထား ကူညီသင့်သူများလည်း ရှိနေတတ်သေးသဖြင့် ကုလဒူသနမဖြစ်သော ခြွင်းချက်များကိုလည်း ပါရာဇိကဏ် အဋ္ဌကထာတွင် ဖွင့်ဆိုထားပါသည်။

မိဘနှစ်ပါး၊ မိမိ၏ဝေယျာဝစ္စများကို ပြုလုပ်ဆောင်ရွက် ပေးသူ၊ ရိက္ခာပြတ်၍ ကျောင်းကပ်လာသူ၊ ကျောင်းမှာ မကျန်း မမာ ဖြစ်နေသူ၊ ကျောင်းသားများ၊ ရှင်လောင်းများကိုမူ ပေးစရာရှိက ပေးကောင်း၏၊ ဆေးလည်း ကုကောင်း၏ဟု ခြွင်းချက်ထားသဖြင့် ရဟန်းတော်တို့သည် မိမိ၌ ပိုလျှံနေသော ပစ္စည်းများကို ဒကာဒကာမတို့အား စွန့်ကြဲပေးကမ်းလိုပါက ကုလဒူသနမှု မဖြစ်ရလေအောင် ကျောင်းပေါ်ကို တံမြက် လှည်းခိုင်းခြင်း၊ ကျောင်းဝင်းကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ သပိတ်များ ပန်းကန်များဆေးခိုင်းခြင်း စသည်ဖြင့် ဝေယျာဝစ္စများကို စေခိုင်းပြီးမှ စွန့်ပါမူ လွတ်နိုင်ကောင်းပါသည်။ ကပ္ပိယကာရကတို့က ပေးသင့်သူများကို ပေးကမ်းခြင်း၊ ဒကာ ဒကာမတို့ မှာကြားစေခိုင်းလိုက်သည်များကို ဆောင်ရွက်ပေး ခြင်းဖြင့် ရဟန်းတို့အား ကုလဒူသန မဖြစ်အောင် ကူညီဆောင်ရွက်ပေး နိုင်ပါသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. မ၊၃၊၁၁၉။
  2. ဒီ၊ဋ္ဌ၊၂၊၃၉၂၊
  3. သုတ္တနိ၊ဋ္ဌ၊၁၊၁၇၈-၉။ ခုဒ္ဒက၊ဋ္ဌ၊၂၀၂။ သီ၊ဋီ၊သစ်၊၂၊၉၈။)
  4. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၇၉-၈၅။