မာသထူးဝါး
| မာသထူးဝါး | |
|---|---|
| ဒေသခံအမည် | စကောကရင်: မီသၤထူဝါ |
| အမည်ရင်း | မာသထူဝါး |
| အခြားအမည်များ | ဝမ်ယီဟွာ |
| မွေးဖွား | ၁၀ အောက်တိုဘာ ၂၀၀၇ |
| မူလတိုင်းပြည် | မြဝတီ–မဲဆောက်မြို့နယ်စပ် |
| ဂီတဟန် | |
| အလုပ်အကိုင် | အဆိုတော် |
| တူရိယာ | အသံ |
| တက်ကြွသည့်နှစ်များ | ၂၀၁၈–လက်ရှိ |
မာသထူးဝါး (စကောကရင်: မီသၤထူဝါ) (အင်္ဂလိပ်: Wan Yihwa & Martha Htoowah; ကိုရီးယား: 완이화) (၁၀ အောက်တိုဘာ ၂၀၀၇ မွေးဖွား) သည် မြန်မာနိုင်ငံဖွား တောင်ကိုရီးယားနိုင်ငံတွင် အခြေချနေထိုင်သော ကရင်လူမျိုး အဆိုတော်တစ်ဦးဖြစ်သည်။ သူမသည် မြန်မာသီချင်းများနှင့် ကိုရီးယားသီချင်းများကို သီဆိုလျက်ရှိပြီး ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အပါအဝင် နိုင်ငံတကာ အနုပညာပွဲများတွင် ပါဝင်ဖျော်ဖြေခဲ့သူ ဖြစ်သည်။ [၁]
ငယ်ဘဝ ဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]မာသထူးဝါးကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ–မြန်မာနိုင်ငံ နယ်စပ်ရှိ မြဝတီနှင့် မဲဆောက်မြို့ အနီးဒေသတွင် မွေးဖွားခဲ့သည်။ သူမ၏ မိဘများမှာ ကရင်အဆိုတော် စောတင်ထွေးအေး (ထူးဝါး) နှင့် မမိုင် တို့ဖြစ်ကြသည်။ မွေးချင်းမောင်နှမ သုံးဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။
ငယ်စဉ်ကာလတွင် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး သူမ၏ ဖခင်ဖြစ်သူ စောတင်ထွေးအေးသည် ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ [၂]
၂၀၁၆ ခုနှစ်တွင် မိသားစုနှင့်အတူ တောင်ကိုရီးယားနိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့် တောင်းခံခဲ့ပြီး အဆိုပါနိုင်ငံသို့ ပြောင်းရွှေ့အခြေချ နေထိုင်လာခဲ့သည်။ [၃]
၂၀၂၂ ခုနှစ် မေလတွင် သူမ၏ မိခင် မမိုင်သည် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ [၄]
ဂီတ လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]မာသထူးဝါး၏ အနုပညာအမည်မှာ ဝမ်ယီဟွာဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်အင်ချွန်းမြို့၌ ကျင်းပသည့် ဒေသဆိုင်ရာ သီချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ နိုင်ငံရပ်ခြားနေထိုင်သူများ သီချင်းပြိုင်ပွဲ၏ နောက်ဆုံးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာဘာသာဖြင့် သီဆိုထားသော တစ်ကိုယ်တော်သီချင်း I Want a Home (အိမ်လေးတစ်လုံးလိုချင်တယ်) ကို ထုတ်ဝေခဲ့ပြီး ၂၄ ကြိမ်မြောက် ကျင်းပသည့် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေခဲ့သည်။ [၅]
၂၀၂၀ ခုနှစ်တွင် KBS ၏ National Trot Championships သီချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Ahn Ye-eun ၏ Magic Lily (상사화) သီချင်းဖြင့် လူသိများလာခဲ့သည်။ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု့ နောက်ပိုင်းတွင်မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ဖော်ပြရန် ရည်ရွယ်ကာ The Spring of Myanmar နှင့် Everything Will Be Okay စသည့် သီချင်းများကို ထုတ်ဝေခဲ့သည်။ [၆]
၂၀၂၃ ခုနှစ် မေလတွင် မာသထူးဝါးကို Gyeonggi Province မီးသတ်ဌာန၏ ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ [၇]
ကိုးကားချက်
[ပြင်ဆင်ရန်]- ↑ Performance Lineup for the Opening Ceremony Announced (in en) (2019-09-29)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ ကိုရီးယားမှာ ထွန်းလင်းတောက်ပနေတဲ့ မြန်မာနိုင်ငံက ကြယ်ပွင့်လေး (in my) (2021-02-17)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ 'Dad, I miss you': Teen refugee's tearful tribute touches Koreans' hearts (in en) (2021-01-07)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ အဆိုတော် မာသထူးဝါး၏ မိခင် ကွယ်လွန် (in my) (2022-05-29)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ BIFF starts off with 'Horse Thieves' (in en) (2019-10-04)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ 14-year-old refugee sings for Myanmar spring (in en) (2021-05-17)။ 2025-12-26 တွင် ပြန်စစ်ပြီး။
- ↑ ကရင်လူမျိုးအဆိုတော် မာသထူးဝါးကို တောင်ကိုရီးယားနိုင်ငံက သံတမန်အဖြစ် ခန့်အပ် (in my) (2023-03-13)။ 2025-12-26 တွင် ပြန်စစ်ပြီး။