ဂျော့ မာရှယ်

ဝီကီပီးဒီးယား မှ
(မာရှယ်၊ ဂျော့ မှ ပြန်ညွှန်းထားသည်)
ဂျော့ မာရှယ်

အမေရိကန် ဗိုလ်ချုပ်မှူးနှင့် နိုင်ငံပြုသုခမိန်ကြီး ဂျော့ ကက်တလက်မာရှယ်သည် အမေရိကန်တရားဝန်ကြီး ဂျွန်မာရှယ်၏ မြေးတော်စပ်၍ ၁၈၈ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ယူနီယန်တောင်းမြို့၌ ဖွားမြင်လေ သည်။ သူ၏ဖခင်မှာ ပစ္စည်းဥစ္စာ ကုံလုံပြည့်ဝသော ကုန်သည် တစ်ဦးဖြစ်၏။ ဝက်စပွိုင့်စစ်တက္ကသိုလ်သို့ ဝင်ခွင့်မရခဲ့၍ ဗာဂျီးနီးယားစစ်ကျောင်းသို့ တက်ရောက် သင်ကြားခဲ့ရသည်။ ၁၉ဝ၁ ခုနှစ် တွင် ဗိုလ်ရာထူးကိုရခဲ့သည်။

၁၉ဝ၈ ခုနှစ်တွင် စစ်ဗိုလ်အတတ်သင် ကောလိပ်သို့ တက်ရောက်သင်ကြားခဲ့ရာ ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် ဗိုလ်အဆင့်အတန်းဖြင့်ပင် ဗိုလ်ကြီးများ၊ ဗိုလ်မှူးများပါဝင်သောအတန်း၌ နည်းပြဆရာအဖြစ် ခန့်အပ်ခြင်းခံရလေသည်။ ၁၉၁၃ ခုနှစ်တွင် ဖိလစ်ပိုင်ကျွန်းရှိ စစ်တပ်တွင် ဗိုလ်အဆင့်အတန်းဖြင့် အမှုထမ်းခဲ့သည်။ ထိုသို့ အမှုထမ်းခဲ့စဉ်က မာရှယ်သည် စစ်ဦးစီးချုပ်ကြီး၏ ချီးကျူးခြင်းကို ခံရလောက်အောင်ပင် ထူးချွန်စွာ အမှုထမ်းခဲ့ပေသည်။ ၁၉၁၇ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်အတန်းဖြင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ အမှတ် ၁ တပ်မတွင် စစ်ဆင်မှုရေးရာ လက်ထောက်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ရလေသည်။

တစ်နှစ်အတွင်းမှာပင် ဗိုလ်မှူးကြီး ရာထူးသို့ တို့မြှင့်ခန့်ထားခြင်းခံရပြီးနောက် အမှတ် ၁ အမေရိကန်တပ်မ၏ စစ်ဆင်ရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရလေသည်။ ထိုသို့ စစ်ဆင်ရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားမျာကို ဆောင်ရွက်ရာတွင် မာရှယ်သည် လူ ၅ သိန်းနှင့် အမြောက်၂၇ဝဝ ပါသော စစ်တပ် ကြီးကို စိန်မီအီယယ်မှ အာဂွန်းစစ်မျက်နှာသို့ ဂျာမန်တို့မသိအောင် ရက်သတ္တ ၂ ပတ်အတွင်း ပြောင်းရွှေ့နိုင်ခဲ့သောကြောင့် စစ်ဆင်မှုရေးရာတွင် အထူးပင် ကျွမ်းကျင်သူ ဖြစ်သည်ဟု အသိအမှတ်ပြုကြလေသည်။ ဗိုလ်မှူးချုပ်အထိ ရာထူးတိုးတက်ခဲ့သော်လည်း ပထမကမ္ဘာစစ်ပြီးသောအခါ မာရှယ်မှာ ဗိုလ်ကြီးအဆင့်အတန်းဖြင့် ဗိုလ်ချုပ်မှူး ပါးရှင်း၏ စစ်ဖက်ဆိုင်ရာ ကိုယ်ရံတော်အဖြစ် ဆက်လက် အမှုထမ်းရလေသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဗိုလ်မှူးရာထူးကို ရခဲ့သည်။၁၉၂ဝ ပြည့်နှစ်တွင် ဗိုလ်မှူးရာထူးကို ရခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် ဒုဗြိုလ်မှူးကြီးဖြစ်လာခဲ့၍ ၁၉၃၃ ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်လာလေသည်။ ၁၉၃၆ ခုနှစ်တွင် ဗိုလ်မှူးချုပ် ဖြစ်လာ၍ ၁၉၃၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ရာထူးကို တိုးတက်ရရှိခဲ့၏။

ထိုအတောအတွင်း တရုတ်နိုင်ငံတွင် ၃ နှစ်အမှုထမ်းခဲ့၍ စစ်တက္ကသိုလ်တွင် သင်တန်းဆရာအဖြစ်ဆောင်ရွက်ခဲ့၏။ ယင်းသို့ စစ်ဖက်ရာထူး အမျိုးမျိုးတွင် အမှုထမ်းခဲ့ရာ ၁၉၃၉ ခုနှစ် ဇူလိုင်လ တွင် သူ့ထက် အမှုထမ်းသက် ရင့်သူမျာကို ကျော်လွန်ကာ ယာယီ စစ်ဦးစီးချုပ်အဖြစ် ခန့်ထားခြင်းခံရလေသည်။ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသည့်နေ့ (၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့) တွင် မာရှယ်သည် ဗိုလ်ချုပ်မှူးရာထူးနှင့် စစ်ဦးစီးချုပ်အဖြစ် ခန့်ထားခြင်းခံရပြန်သည်။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားစအချိန်က အမေရိကန်စစ်တပ်မှာ လူ ၃ သိန်းခန့်သာ ရှိသေး၍ တိုက်ရန် အဆင်သင့်မဖြစ်သေးချေ။ မာရှယ်သည် ထိုမျှ အင်အားနည်းပါးလှသော စစ်တပ်ကို ခေတ်မှီ စစ်တပ်ကြီးတစ်ခု ဖြစ်လာအောင် ကြိုးပမ်းခဲ့လေသည်။ ၁၉၄၄ ခုနှစ်အကုန်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံ တပ်မတော်မှာ တပ်သားပေါင်း ၉ သန်းခန့် ပါဝင်၍ ကမ္ဘာပေါ်တွင် အကြီးဆုံး စစ်တပ်ကြီးတစ်ခု ဖြစ်လာလေသည်။ မာရှယ်သည် ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန်တပ်များ ချီတက် စစ်ဆင်ရေးတွင် ကြိုးကိုင်ဖြစ်ခဲ့၏။ အင်အားတောင့်တင်းသော တပ်များကို ဖွဲ့စည်းခဲ့သလို လူတော်လူကောင်း စစ်ဗိုလ်များကို ရွေးချယ်ကာ စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ သို့ဖြစ်၍ အောင်ပွဲအလီလီ ရရှိခဲ့ပေသည်။ ထိုမျှမကသေး၊ မာရှယ်သည် မဟာမိတ် စစ်ဦးစီးချုပ်များတွင်လည်း ခေါင်းဆောင်ကာ စစ်ဆင်မှုရေးရာများကို စီစဉ်ခဲ့လေသည်။ ဂျပန်များ လက်နက်ချပြီးနောက် ၁၉၄၅ ခုနှစ်တွင် စစ်ဦးစီးချုပ်အဖြစ်မှ နုတ်ထွက်၍ တရုတ်နိုင်ငံ ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် ပြုလုပ်ပေးရန် အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်ထားစေလွှတ်ခြင်း ခံရလေသည်။ သို့သော် တရုတ်နိုင်ငံတွင် သူ၏လုပ်ငန်းမအောင်မြင် ခဲ့ပေ။ ၁၉၄၆ ခုနှစ် မတ်လတွင် ဆိုဗီယက် ရုရှနိုင်ငံသို့ သံအမတ် အဖြစ် စေလွှတ်ခြင်းခံရလေသည်။ သို့သော် ထိုရာထူးတွင် ကြာရှည် မထမ်းရွက်ခဲ့ရချေ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင်အမေရိကန် ပြည်ထောင်စုနိုင်ငံ၏ နိုင်ငံတော် ဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရပြန်လေသည်။

မာရှယ်သည် ၁၉၄၇ ခုနှစ်တွင် မော်စကိုမြို့တော်၌ ကျင်းပ ခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံသို့ အမေရိကန်ကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့လေသည်။ ထိုနှစ် ဇွန်လ ၅ ရက်နေ့ တွင် ဟားဗတ်တက္ကသိုလ်၌ ဗိုလ်ချုပ်မှူး မာရှယ်က မိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် ဥရောပနိုင်ငံများသည် စီးပွားရေး ပြန်လည် ထူထောင်ရေး စီမံကိန်းများကို ပူးပေါင်းရေးဆွဲကြရန်နှင့် ထိုသို့ ပူးပေါင်းရေးဆွဲပြီးသောအခါ အမေရိကန် ပြည်ထောင်စုနိုင်ငံက အစားအစာ၊ ထင်းမီး၊ ကုန်ကြမ်းအသုံးအဆောင် ကိရိယာတန်ဆာပလာ များ စသည်ဖြင့် ကူညီရန်ပြုလုပ်ထားကြောင်း ဖော်ပြခဲ့ရာ ထိုအစီ အစဉ်သည် နောင်တွင် မာရှယ်စီမံကိန်း ဟု ထင်ရှားလာသည်။ ယင်းစီမံကိန်းကို ကုလသမဂ္ဂက ထောက်ခံသည့်ပြင် ဂရိတ်ဗြိတိန်၊ ပြင်သစ်၊ နယ်သလာ၊ ဗဲလဂျီယမ်၊ လပ်ဇင်းဗတ်၊ အီတလီ၊ အိုက်စ လန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဂရိ၊ တူရကီ၊ ဩစတြီးယား၊ အယ်ယာ၊ အနောက်ဂျာမနီ၊ ဆွစ်ဇာလန်နှင့် ပေါ်တူဂီစသော နိုင်ငံများမှ အစိုးရတို့က ထိုစီမံကိန်းကို ပူးပေါင်းလုပ်ကိုင်ရန် သဘောတူကြောင်း ဖော်ပြခဲ့လေသည်။

၁၉၄၈ ခုနှစ် ကုန်ခါနီးတွင် ဗိုလ်ချုပ်မှူး မာရှယ်သည် ကျောက်ကပ်ရောဂါ စွဲကပ်သဖြင့် ခွဲစိတ်ကုသခြင်း ခံရပြီးနောက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်တော့သည်။ သူ၏နေရာတွင် ဒင်းအာချီဆန်က ဆက်ခံသည်။ ထိုနှစ်တွင် အမေရိကန် ကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်း ခံရလေသည်။ သို့သော် ကိုရီးယားစစ်ပွဲဖြစ်ပြီး နောက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရပြန်၍၊ ၁၉၅၁ ခုနှစ် စက်တင်ဘာလတွင် ထိုရာထူးမှ နုတ်ထွက်ခဲ့လေ သည်။ ဂျော့မာရှယ်သည် ၁၉၅၃ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုဖြင့် ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)