မာမွတ် အမာဒီနီဂျက်
မာမွတ် အမာဒီနီဂျက် Mahmoud Ahmadinejad | |
|---|---|
၂၀၀၉ ခုနှစ်တွင် မာမွတ် အမာဒီနီဂျက် | |
| ဆဋ္ဌမမြောက် အီရန်နိုင်ငံ၏ သမ္မတ | |
| တာဝန်သက်တမ်း ၃ ဩဂုတ် ၂၀၀၅ – ၃ ဩဂုတ် ၂၀၁၃ | |
| အမြင့်ဆုံးခေါင်းဆောင် | အယာတိုလာ အလီ ခါမေနီ |
| ယခင်လူ | မိုဟာမက် ခါတာမီ |
| ဆက်ခံသူ | ဟာဆန် ရူဟာနီ |
| တီဟီရန်မြို့တော်ဝန် | |
| တာဝန်သက်တမ်း ၂၀ မေ ၂၀၀၃ – ၂၈ ဇွန် ၂၀၀၅ | |
| ယခင်လူ | မိုဟာမက်-ဟိုစိန် မိုဂီမီ (ယာယီ) |
| ဆက်ခံသူ | အလီ ဆာအီဒ်လူး (ယာယီ) |
| အာဒဘီလ်ပြည်နယ် အုပ်ချုပ်ရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၂၈ နိုဝင်ဘာ ၁၉၉၃ – ၂၉ အောက်တိုဘာ ၁၉၉၇ | |
| ယခင်လူ | ပြည်နယ်အသစ် တည်ထောင်ခြင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မာမွတ် ဆဘတ်ဂီယန် ၂၈ အောက်တိုဘာ၊ ၁၉၅၆ အီရန်နိုင်ငံ |
| နိုင်ငံရေးပါတီ | Dolate Bahar |
| ကြင်ဖော် | အဇမ် အယ်လ်-ဆာဒတ် ဖာရာဟီ |
| သားသမီး | ၃ ဦး |
| ပညာရေး | အီရန် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (BSc, PhD) |
| လက်မှတ် | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၆ – ၁၉၈၈ |
| တပ် | ဟမ်ဇာ ဒေသဆိုင်ရာ စစ်ဌာနချုပ် |
| Commands | အမှတ် (၆) အထူးတပ်မ၏ တိုက်ခိုက်ရေး အင်ဂျင်နီယာတပ်ဖွဲ့ |
| တိုက်ပွဲ/စစ်ပွဲများ |
|
မာမွတ် အမာဒီနီဂျက် (အင်္ဂလိပ်: Mahmoud Ahmadinejad; ၂၈ အောက်တိုဘာ ၁၉၅၆ မွေးဖွား) သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အီရန်နိုင်ငံ၏ ဆဋ္ဌမမြောက် သမ္မတအဖြစ် ဆက်တိုက် တာဝန်ယူခဲ့သည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ပြတ်ပြတ်သားသား ခုခံကာကွယ်ခြင်း၊ အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ပြည်တွင်း၌ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် နိုင်ငံတကာသတင်းမီဒီယာများ၏ အာရုံစိုက်မှုကို အထူးခံခဲ့ရသည်။[၁]
သမ္မတဖြစ်မလာမီက တီဟီရန်မြို့တော်ဝန် အဖြစ် တာဝန်ယူခဲ့ဖူးပြီး အဆိုပါရာထူးတွင် လူထုအခြေပြု ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် လူကြိုက်များခဲ့သည်။ နိုင်ငံရေးရာထူးများမတိုင်မီက အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တွင် စစ်မှုထမ်းခဲ့ပြီး အီရန်-အီရတ်စစ်ပွဲအတွင်း စစ်မြေပြင်အတွေ့အကြုံများ ရှိခဲ့သူလည်းဖြစ်သည်။[၂]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]မာမွတ် အမာဒီနီဂျက်ကို ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အီရန်နိုင်ငံ၊ ဆမ်နန်ပြည်နယ်၊ ဂါမ်ဆာအနီးရှိ အာရာဒန်ရွာတွင် မွေးဖွားခဲ့သည်။ သူ၏မိခင် ခါနွန်မှာ အစ္စလာမ်ဘာသာရေး တမန်တော် မိုဟာမက်၏ တိုက်ရိုက်သွေးသားတော်စပ်သူများဟု ယုံကြည်ရသူများအား ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော "ဆယက်ဒါ" (Sayyida) တစ်ဦး ဖြစ်သည်။ သူ၏ဖခင် အာမက်မှာ ပါရှန်းလူမျိုး ကုန်စုံဆိုင်ပိုင်ရှင်နှင့် ဆံပင်ညှပ်သမားတစ်ဦးဖြစ်ပြီး ကုရ်အာန်ကျမ်းကို သင်ကြားပေးသူ ဘာသာရေးကိုင်းရှိုင်းသည့် ရှီအာမွတ်စလင်(မ်) တစ်ဦး ဖြစ်သည်။[၃]
မာမွတ် တစ်နှစ်သားအရွယ်တွင် သူ၏မိသားစုသည် တီဟီရန်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။၁၉၇၆ ခုနှစ်တွင် အမာဒီနီဂျက်သည် အီရန်နိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခဲ့သည်။ သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအရ ထိုနှစ်တွင် ပါဝင်ဖြေဆိုသူ ၄၀၀,၀၀၀ အနက် အဆင့် ၁၃၂ ရရှိခဲ့ပြီး တီဟီရန်ရှိ အီရန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (IUST) သို့ မြို့ပြအင်ဂျင်နီယာ ဘွဲ့ကြိုကျောင်းသားအဖြစ် ချက်ချင်းတက်ရောက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် နိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ အာဒဘီလ်ပြည်နယ်၏ မြို့တော်ဝန်အဖြစ် တာဝန်ယူနေစဉ် ၁၉၉၇ ခုနှစ်တွင် အီရန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှပင် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာနှင့် စီမံကိန်းဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။[၄]
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အမာဒီနီဂျက်သည် အီရန်နိုင်ငံ၊ အနောက်အဇာဘိုင်ဂျန်ပြည်နယ်တွင် မာကူ (Maku) နှင့် ခွိုင် (Khoy) မြို့တို့တွင် ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ တိုက်ရိုက်ခန့်အပ်ခံရသော အုပ်ချုပ်ရေးရာထူးအချို့ကို ရယူခဲ့သည်။နောက်ပိုင်းတွင် ကာဒစ်စတန်ပြည်နယ် အုပ်ချုပ်ရေးမှူးချုပ်၏ အကြံပေးအဖြစ် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။အီရတ်နိုင်ငံ သမ္မတ ဆဒမ်ဟူစိန် က အီရန်ကို ကျူးကျော်တိုက်ခိုက်ရန် အမိန့်ပေးပြီးနောက် အမာဒီနီဂျက်သည် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏ ထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သတင်းများစွာက ဆိုကြသည်။ သို့သော် သူ၏ အကြံပေးဖြစ်သူ မိုဂျတာဘာ ဆာမာရီ ဟာရှီမီကမူ "သူသည် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် သို့မဟုတ် တရားဝင်အရာရှိတစ်ဦး လုံးဝမဟုတ်ခဲ့ဖူးဘဲ ဘာဆီဂျီ (Basiji) ပုံစံမျိုးဖြင့် စေတနာ့ဝန်ထမ်းသာ ဖြစ်ခဲ့သည်" ဟု ဆိုသည်။[၅]
အမာဒီနီဂျက်သည် ၁၉၈၆ ခုနှစ်တွင် သူ၏ တက္ကသိုလ်ဟောင်း၌ မဟာသိပ္ပံဘွဲ့လွန် အစီအစဉ်အတွက် ကမ်းလှမ်းခြင်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် ထိုတက္ကသိုလ်၌ ကထိကအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာနှင့် ယာဉ်သွားလာမှုဆိုင်ရာ စီမံကိန်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။အီရန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အစ္စလာမ်မစ် တော်လှန်ရေးအပြီးတွင် အမာဒီနီဂျက်သည် "Office for Strengthening Unity" အဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၎င်းအဖွဲ့အစည်းမှာ ကျောင်းသားများအနေဖြင့် ပေါ်ပေါက်လာနေသော စစ်သွေးကြွ "မိုဂျာဟီဒင်-အေ ခါလ်" (Mojahedin-e Khalq) အဖွဲ့အစည်းနှင့် စာနာမှု သို့မဟုတ် မဟာမိတ်ပြုခြင်းများ မရှိစေရန်အတွက် တည်ထောင်ထားခြင်း ဖြစ်သည်။[၆]တီဟီရန်တွင် ပါရဂူဘွဲ့ သင်ယူနေစဉ်အတွင်း ၁၉၉၃ ခုနှစ်မှစ၍ အသစ်ဖွဲ့စည်းလိုက်သော အာဒဘီလ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် သမ္မတ မိုဟာမက် ခါတာမီက သူ့ကို ရာထူးမှ ဖယ်ရှားလိုက်သည့်အခါ သူသည် တက္ကသိုလ် သင်ကြားရေးလောကသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။[၇]
တီဟီရန်မြို့တော်ဝန် (၂၀၀၃-၂၀၀၅)
[ပြင်ဆင်ရန်]၂၀၀၃ ခုနှစ် တီဟီရန်မြို့တော်ဝန် ရွေးကောက်ပွဲတွင် တီဟီရန်မြို့တော်ကောင်စီအတွက် "Alliance of Builders of Islamic Iran" မှ ရှေးရိုးစွဲ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရသည်။ ကောင်စီက အမာဒီနီဂျက်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။မြို့တော်ဝန်အဖြစ် တာဝန်ယူစဉ်တွင် ယခင် အလယ်အလတ်လမ်းစဉ်လိုက်သော မြို့တော်ဝန်များ၏ ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သူသည် ယခင်က တည်ထောင်ခဲ့သော ယဉ်ကျေးမှုစင်တာများ၏ လုပ်ဆောင်ချက်များကို ဘာသာရေးအရ အလေးပေးမှုများ ပြုလုပ်ခဲ့ပြီး၊ မြူနီစီပယ်ရုံးများတွင် အမျိုးသားနှင့် အမျိုးသမီး ဓာတ်လှေကားများ ခွဲခြားအသုံးပြုရန် ကြော်ငြာခဲ့ကာ အီရန်-အီရတ်စစ်ပွဲတွင် ကျဆုံးခဲ့သူများကို တီဟီရန်ရှိ မြို့လယ်ရင်ပြင်ကြီးများတွင် မြှုပ်နှံရန် အကြံပြုခဲ့သည်။ ထို့အပြင် ယာဉ်သွားလာမှုစနစ်ကို တိုးတက်စေရန် လုပ်ဆောင်ခဲ့ပြီး ဆင်းရဲသားများအတွက် အခမဲ့ ဟင်းရည်များ ဝေငှပေးခြင်းကဲ့သို့သော ပရဟိတလုပ်ငန်းများကို အလေးပေးလုပ်ဆောင်ခဲ့သည်။[၈]
သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ၂၀၀၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် တီဟီရန်မြို့တော်ဝန်ရာထူးမှ နုတ်ထွက် ခဲ့သည်။ နှစ်နှစ်ကြာ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပြီးနောက် အမာဒီနီဂျက်သည် ၂၀၀၅ ခုနှစ် "World Mayor" ဆုအတွက် နောက်ဆုံးအဆင့်ဝင် (၆၅) ဦးထဲမှ တစ်ဦးဖြစ်ခဲ့သည်။ ကိုယ်စားလှယ်လောင်း (၅၅၀) ထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အာရှမှ (၉) ဦးသာ ပါဝင်သည်။ သူသည် ထိပ်တန်း (၁၀) စာရင်းဝင်ရန် ခိုင်မာသော ကိုယ်စားလှယ်လောင်း သုံးဦးထဲတွင် ပါဝင်သော်လည်း သူသည် နုတ်ထွက်သွားခဲ့သည်။[၉]
၂၀၀၅ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် သမ္မတသက်တမ်းအစ
[ပြင်ဆင်ရန်]အီရန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့တွင် ဒုတိယအကျော့ မဲပေးမှုကို ပြုလုပ်ခဲ့သည်။ အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်းနှစ်ခု ဆက်တိုက် တာဝန်ယူပြီးနောက် သမ္မတဟောင်း မိုဟာမက် ခါတာမီသည် ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ပထမအကျော့တွင် မည်သည့် ကိုယ်စားလှယ်လောင်းမျှ မဲအများစု မရရှိခဲ့သဖြင့် ဒုတိယအကျော့တွင် သမ္မတဟောင်း အက်ဘာ ရာဖ်ဆန်ဂျာနီ (Akbar Rafsanjanī) နှင့် တီဟီရန်မြို့တော်ဝန် မာမွတ် အမာဒီနီဂျက်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ပထမအကျော့တွင် ဒုတိယနေရာမှ ရပ်တည်ခဲ့သော်လည်း အမာဒီနီဂျက်သည် ဒုတိယအကျော့တွင် မဲ ၆၃% ဖြင့် အနိုင်ရရှိခဲ့သည်။ အမာဒီနီဂျက်၏ အောင်ပွဲအတွက် ဗလီကွန်ရက်များ၏ စည်းရုံးမှု၊ ရှေးရိုးစွဲ/အစွန်းရောက် မဲဆန္ဒရှင်များ၏ ထောက်ခံမှုနှင့် အဂတိလိုက်စားသော အထက်တန်းလွှာများကို ဆန့်ကျင်ပြီး "နိုင်ငံရေးသွေးသစ်" ကို လိုလားသည့် မဲဆန္ဒရှင်များက အထောက်အကူပြုခဲ့သည်။ [၁၀]
အမာဒီနီဂျက်သည် ရွေးကောက်ပွဲတွင် ၆၂% (အချို့အချက်အလက်များအရ ၆၃%) မဲရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီက သမ္မတအဖြစ် အတည်ပြုပေးခဲ့သည်။ ထိုအခမ်းအနားတွင် အမာဒီနီဂျက်က ခါမေနီ၏ လက်ကို နမ်းရှိုက်ခြင်းဖြင့် သစ္စာရှိမှုကို ပြသခဲ့သည်။ သူရွေးကောက်ခံရပြီးနောက်တွင် အနောက်နိုင်ငံ မီဒီယာအချို့က သူသည် ၁၉၇၉ ခုနှစ် တီဟီရန်ရှိ အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့သည့် ကျောင်းသားများထဲတွင် ပါဝင်သည်ဟု ဖော်ပြခဲ့ကြသော်လည်း အဆိုပါစွပ်စွဲချက်ကို အီရန်အစိုးရ၊ အီရန်အတိုက်အခံများနှင့် CIA တို့က ငြင်းပယ်ခဲ့သည်။အမာဒီနီဂျက်သည် ဝန်ကြီးများကို ရွေးချယ်ရာတွင် ပါလီမန်၏ အတည်ပြုချက်ကို ရယူရသည်။ ဩဂုတ်လ ၅ ရက်နှင့် ၁၄ ရက်နေ့များတွင် အမည်စာရင်း တင်သွင်းခဲ့သော်လည်း ပါလီမန်က ရေနံဝန်ကြီးရာထူးအတွက် အဆိုပြုသူများကို ပယ်ချခဲ့ပြီး အခြားအဆင့်မြင့် ရာထူးများအတွက်လည်း ကန့်ကွက်ခဲ့သည်။ နောက်ဆုံးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ ဝန်ကြီးအဖွဲ့ကို အတည်ပြုပေးခဲ့သည်။[၁၁]
၂၀၀၆ ခုနှစ် ကောင်စီနှင့် ကျွမ်းကျင်သူများ လွှတ်တော် ရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၀၆ ခုနှစ်တွင် ပြုလုပ်သည့် မြို့တော်ကောင်စီ ရွေးကောက်ပွဲတွင် အမာဒီနီဂျက်၏ အဖွဲ့သည် ရှုံးနိမ့်ခဲ့သည်။ ၎င်းသမ္မတဖြစ်လာပြီးနောက် ပထမဆုံး ပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွင် သူ၏ မဟာမိတ်များသည် ကျွမ်းကျင်သူများ လွှတ်တော် (Assembly of Experts) နှင့် ဒေသန္တရ ကောင်စီများတွင် အနိုင်မရခဲ့ပေ။ မဲပေးသူ ၆၀% ခန့်ရှိခဲ့သည့် ရလဒ်များသည် ပိုမိုအလယ်အလတ်ကျသော မူဝါဒများဘက်သို့ ပြောင်းလဲလာမှုကို ပြသနေသည်။ နိုင်ငံရေး လေ့လာသုံးသပ်သူများက ဤရလဒ်သည် အမာဒီနီဂျက်နှင့် မက်စ်ဘာ ရာဇီ (Mesbah Yazdi) တို့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။[၁၂]
၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် ဆန္ဒပြပွဲများ
[ပြင်ဆင်ရန်]၂၀၀၈ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် အမြင့်ဆုံးခေါင်းဆောင် ခါမေနီက အမာဒီနီဂျက်ကို နောက်ငါးနှစ် သမ္မတအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ပြန်လည်အရွေးခံရမှုကို ထောက်ခံကြောင်း အရိပ်အမြွက် ပြသခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေါင်း ၃၉,၁၆၅,၁၉၁ ခုရှိခဲ့ရာ အမာဒီနီဂျက်က မဲ ၂၄,၅၂၇,၅၁၆ (၆၂.၆၃%) ဖြင့် အနိုင်ရခဲ့ပြီး မီရ်-ဟိုစိန် မူဆာဗီ (Mir-Hossein Mousavi) က မဲ ၁၃,၂၁၆,၄၁၁ (၃၃.၇၅%) ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။[၁၃]
သို့သော် ရွေးကောက်ပွဲရလဒ်များကို မူဆာဗီနှင့် အမာဒီနီဂျက် နှစ်ဖက်စလုံးက အငြင်းပွားခဲ့ကြပြီး ရွေးကောက်ပွဲတွင် မသမာမှုများ ရှိခဲ့သည်ဟု ယုံကြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ခါမေနီက အမာဒီနီဂျက်ကို သမ္မတအဖြစ် တရားဝင် အတည်ပြုပေးခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သမ္မတဟောင်း မိုဟာမက် ခါတာမီ၊ အက်ဘာ ရာဖ်ဆန်ဂျာနီနှင့် အတိုက်အခံခေါင်းဆောင် မီရ် ဟိုစိန် မူဆာဗီတို့က သပိတ်မှောက်ခဲ့ကြသည်။ ကျိန်ဆိုပွဲနေ့တွင် အတိုက်အခံ ဆန္ဒပြသူများသည် ပါလီမန်ပြင်ပတွင် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်ခဲ့ရသည်။ အမာဒီနီဂျက်က "တရားဝင် ဘာသာတရား၊ အစ္စလာမ်မစ် တော်လှန်ရေး စနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်သွားမည်" ဟု ကတိပြုခဲ့သည်။ ပြင်သစ်၊ ဂျာမနီ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်တို့က ဂုဏ်ပြုစာများ မပေးပို့ခဲ့ကြပေ။[၁၄]
ဒုတိယသက်တမ်းအတွင်း ဝန်ကြီးအဖွဲ့ ပြောင်းလဲမှုများနှင့် နိုင်ငံရေးအကျပ်အတည်းများ
အမာဒီနီဂျက်သည် သူ၏ ဒုတိယသက်တမ်းအတွက် အငြင်းပွားဖွယ်ရာ ဝန်ကြီးအဖွဲ့ဝင်များကို ခန့်အပ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် အမာဒီနီဂျက်၏ အစိုးရသည် ဝန်ကြီးလေးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဥပဒေရေးရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေ (အပိုဒ် ၁၃၆) အရ ဝန်ကြီးအဖွဲ့ဝင် တစ်ဝက်ကျော်ကို အစားထိုးလိုက်ပါက လွှတ်တော်က ပြင်ဆင်ထားသော အဖွဲ့ဝင်အသစ်များကို အတည်မပြုပေးမချင်း ဝန်ကြီးအဖွဲ့သည် အစည်းအဝေးလုပ်ခွင့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခွင့် မရှိပေ။ လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်၏ ပြန်လည်အတည်ပြုချက် မရရှိမချင်း ဝန်ကြီးအဖွဲ့၏ အစည်းအဝေးများနှင့် ဆုံးဖြတ်ချက်များသည် တရားမဝင်ကြောင်း ကြေညာခဲ့သည်။[၁၅]
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် လွှတ်တော်သည် ဝန်ကြီးလောင်း ၂၁ ဦးအနက် ၁၈ ဦးကို အတည်ပြုပေးခဲ့ပြီး အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးကို ပယ်ချခဲ့သည်။ ဆိုဆန် ကက်ရှာဗာဇ် (Sousan Keshavarz)၊ မိုဟာမက် အလီယာဘာဒီ (Mohammad Aliabadi) နှင့် ဖာတီမာ အဂျော်လူ (Fatemeh Ajorlou) တို့သည် ပညာရေး၊ စွမ်းအင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနများအတွက် အတည်ပြုခြင်း မခံခဲ့ရပေ။ မာဇီယေ ဗာဟစ် ဒါ့စ်ဂျာဒီ (Marzieh Vahid Dastjerdi) မှာမူ အစ္စလာမ်မစ် သမ္မတနိုင်ငံတွင် လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဖြစ်လာသည့် ပထမဆုံးသော အမျိုးသမီး ဖြစ်သည်။ထိူမတိုင်ခင် ၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် အမာဒီနီဂျက်သည် အလီ ကိုဒန် (Ali Kordan) ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ကိုဒန်၏ ပါရဂူဘွဲ့သည် အတုအယောင်ဖြစ်ကြောင်းနှင့် ထိုဘွဲ့ကို ချီးမြှင့်သည်ဟုဆိုသော အောက်စဖို့ဒ်တက္ကသိုလ် (Oxford University) တွင် ကိုဒန်ဘွဲ့ရရှိခဲ့သည့် မှတ်တမ်းမရှိကြောင်း ပေါ်ပေါက်လာပြီးနောက် အီရန်လွှတ်တော်အမတ်များ၊ မီဒီယာများနှင့် လေ့လာသူများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ ထို့အပြင် ၁၉၇၈ ခုနှစ်က ကိုယ်ကျင့်တရားဆိုင်ရာ စွပ်စွဲချက်ဖြင့် ထောင်ဒဏ်ကျခံခဲ့ရကြောင်းလည်း ပေါ်ပေါက်လာခဲ့သည်။၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် အမာဒီနီဂျက်က ကိုဒန်ကို လွှတ်တော်က ရာထူးမှ ဖယ်ရှားခြင်း (Impeachment) ကို ကန့်ကွက်ကြောင်း ကြေညာခဲ့ပြီး လွှတ်တော်သို့လည်း တက်ရောက်ရန် ငြင်းပယ်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် အီရန်လွှတ်တော်က ကိုဒန်ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ လွှတ်တော်အမတ် ၁၈၈ ဦးက သူ့ကို ဆန့်ကျင်မဲ ပေးခဲ့ကြသည်။ ကိုဒန်ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် အမာဒီနီဂျက်၏ ဝန်ကြီးအဖွဲ့တစ်ခုလုံးကို လွှတ်တော်က ပြန်လည်စစ်ဆေးရန် လိုအပ်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။[၁၆]
ပါလီမန်နှင့် ပဋိပက္ခများ
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အီရန်နိုင်ငံ စာရင်းစစ်ချုပ်ရုံး (Supreme Audit Court) က ၂၀၀၆-၂၀၀၇ ခုနှစ် ဘတ်ဂျက်မှ ပိုလျှံသော ရေနံဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၀၅၈ ဘီလီယံကို အစိုးရက နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ပြန်လည်မသွင်းခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။ လာဂျာနီ (Larijani) နှင့် အမာဒီနီဂျက်တို့ကြား တင်းမာမှုများသည် ၂၀၁၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။အမာဒီနီဂျက်က စာရင်းစစ်ချုပ်ရုံးကို "ပေါ့ဆမှု" ရှိသည်ဟု ဝေဖန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် ပြည်သူများကို အစိုးရအား ဆန့်ကျင်လာစေရန် "လှုံ့ဆော်မှု" ဖြစ်စေသည်ဟု ဆိုသည်။၂၀၁၁ ခုနှစ်၊ မေလတွင် အမာဒီနီဂျက်က ဝန်ကြီးဌာန ၈ ခုကို ပေါင်းစပ်ခြင်းနှင့် ဝန်ကြီး ၃ ဦးကို လွှတ်တော်၏ သဘောတူညီချက်မရယူဘဲ ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် လွှတ်တော်အမတ်အချို့က သူ့ကို ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ လွှတ်တော် သတင်းဝဘ်ဆိုက်၏ ဖော်ပြချက်အရ လွှတ်တော်အမတ် မိုဟာမက် ရီဇာ ဘာဟိုနာ (Mohammad Reza Bahonar) က "ဥပဒေအရ အရေးယူမှုသည် မေးခွန်းထုတ်ခြင်းဖြင့် စတင်ပြီး သတိပေးချက်များဖြင့် ဆက်လက်လုပ်ဆောင်ကာ ရာထူးမှ ဖယ်ရှားခြင်းဖြင့် အဆုံးသတ်လိမ့်မည်" ဟု ပြောကြားခဲ့သည်။ မေလ ၂၅ ရက်နေ့တွင် လွှတ်တော်က အမာဒီနီဂျက်သည် ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ အီရန်နိုင်ငံသား ၉ သန်းအထိ ငွေသားဝေငှခြင်းဖြင့် ရွေးကောက်ပွဲ မသမာမှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ဤမဲခွဲမှုသည် အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီနှင့် ဆက်စပ်နေသော ရှေးရိုးစွဲ သတင်းဝဘ်ဆိုက်များတွင် စွပ်စွဲချက်များ ပေါ်ပေါက်ပြီး နာရီပိုင်းအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အမြင့်ဆုံးခေါင်းဆောင်က စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း အရိပ်အမြွက်ပြသခဲ့သည်။ အဆိုပါ အငြင်းပွားမှုများသည် အမာဒီနီဂျက်၏ ရန်လိုသော မူဝါဒများနှင့် အာဏာအလွဲသုံးစားမှုများကို ရှေးရိုးစွဲသမားများနှင့် အမြင့်ဆုံးခေါင်းဆောင် ခါမေနီတို့က လက်မခံနိုင်သည့်အတွက် ဖြစ်ပွားသော ပဋိပက္ခ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။[၁၇]
ယင်းအပြင် ၂၀၁၂ ခုနှစ်၊ မတ်လ/မေလတွင် ကျင်းပခဲ့သော ပါလီမန် ရွေးကောက်ပွဲတွင် အမာဒီနီဂျက်သည် ရှုံးနိမ့်ခဲ့သည်။ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီ၏ "အခြေခံမူဝါဒသမား" (Principlist) မဟာမိတ်များက လွှတ်တော်နေရာ ၂၉၀ အနက် လေးပုံသုံးပုံခန့်ကို အနိုင်ရရှိခဲ့ပြီး အမာဒီနီဂျက်ကို ထောက်ခံသူများမှာမူ နေရာအနည်းငယ်သာ ရရှိခဲ့သည်။[၁၈]
သမ္မတသက်တမ်းအပြီး နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ်တွင် သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် အမာဒီနီဂျက်သည် အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ၊ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် လုံခြုံရေးအဖွဲ့အစည်းများအကြား အမြင်သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းနောက်ပိုင်းတွင် အီရန်နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ စိစစ်ရေးအဖွဲ့ဖြစ်သော Guardian Council က အမာဒီနီဂျက်အား သမ္မတရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို အကြိမ်ကြိမ် ပိတ်ပင်တားမြစ်ခဲ့သည်။[၁၉]
သမ္မတရာထူးမှ ထွက်ခွာပြီးနောက်ပိုင်းနှစ်များတွင် အမာဒီနီဂျက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၌ မိမိ၏ပုံရိပ်ကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းလာခဲ့သည်။ ၎င်းသည် လူမှုကွန်ရက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ပို့စ်များတင်ခြင်း၊ အမေရိကန် တက္ကသိုလ် ဘောလုံးအသင်းများအား ဂုဏ်ပြုခြင်း၊ အမေရိကန် ရပ် (Rap) အဆိုတော် တူပက် ရှာကူး (Tupac Shakur) ၏ စကားများကို ကိုးကားခြင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို "နိုင်ငံရေးအဂတိလိုက်စားမှုကို တိုက်ဖျက်နေသူ" အဖြစ် ချီးကျူးပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။[၂၀]သို့သော်လည်း အစ္စရေး အမျိုးသားလုံခြုံရေး အင်စတီကျူ (INSS) မှ အီရန်လေ့လာရေးအစီအစဉ် ခေါင်းဆောင် ရာ့ဇ် ဇင်မစ် (Raz Zimmt) ကမူ ဤလုပ်ဆောင်ချက်များသည် အမာဒီနီဂျက်အနေဖြင့် အစွန်းမရောက်သော ပုံရိပ်တစ်ခုကို အီရန်ပြည်တွင်းနှင့် အနောက်ကမ္ဘာသို့ ဖန်တီးပြသရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း သုံးသပ်သည်။ ဇင်မစ်က အမာဒီနီဂျက်ကို "သမ္မတသက်တမ်းတစ်လျှောက်လုံး လူကြိုက်များဝါဒ (Populism) နှင့် အခွင့်အရေးသမားဝါဒကို ကျင့်သုံးသူ" ဟု ဝေဖန်ခဲ့ပြီး၊ ၎င်းသည် အီရန်နိုင်ငံသား သန်း ၉၀ အနက်မှ အာဏာကို ဆက်လက်ရယူရန် လုံလောက်သော လူထုထောက်ခံမှု အတိုင်းအတာတစ်ခုကို မည်သည့်အခါကမျှ မရရှိခဲ့ဖူးကြောင်း ထောက်ပြခဲ့သည်။[၂၁]
ဝေဖန်ခံရမှုများ
[ပြင်ဆင်ရန်]သမ္မတသက်တမ်းအတွင်း အမာဒီနီဂျက်သည် အီရန်တွင်ရော ကမ္ဘာတစ်ဝန်းတွင်ပါ အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ပြည်တွင်း၌ သူ၏ စီးပွားရေးမူဝါဒများကြောင့် ဝေဖန်ခံခဲ့ရပြီး မြောက်အမေရိကနှင့် ဥရောပရှိ အဖွဲ့အစည်းများက လူ့အခွင့်အရေးကို လျစ်လျူရှုသည်ဟု စွပ်စွဲခံခဲ့ရသည်။ အီရန်ပြင်ပတွင် သူသည် အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်တိုင်းနှင့် အာရပ်နိုင်ငံများအပေါ် ရန်လိုမှုကြောင့် ဝေဖန်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် အမာဒီနီဂျက်သည် နိုင်ငံ၏ လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်အတွက် ဓာတ်ဆီခွဲတမ်းစနစ်ကို မိတ်ဆက်ခဲ့ပြီး ပုဂ္ဂလိကနှင့် ပြည်သူပိုင် ဘဏ်လုပ်ငန်းများ ကောက်ခံနိုင်သည့် အတိုးနှုန်းများကို လျှော့ချခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် သူ၏ ရွေးကောက်ခံရမှုမှာ အငြင်းပွားဖွယ်ရာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ရပြီး ပြည်တွင်း၌ ဆန္ဒပြမှုများ ပေါ်ပေါက်လာစေခဲ့ကာ အနောက်နိုင်ငံများ၏ ဝေဖန်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သူသည် အစ္စရေးကို ဖျက်ဆီးပစ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သူလည်း ဖြစ်သည်။[၂၂]
ဒုတိယသက်တမ်းအတွင်း အမာဒီနီဂျက်သည် ပါလီမန်နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ပြုပြင်ပြောင်းလဲရေးသမားများ၊ အခြားသော ရိုးရာဝါဒီများအပြင် အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီနှင့်ပါ အာဏာလုပွဲများ ဖြစ်ပွားခဲ့သည်။ ၎င်းမှာ ထောက်လှမ်းရေးဝန်ကြီး ဂိုလမ်-ဟိုစိန် မိုဆန်နီ-အီဂျီကို ရာထူးမှ ထုတ်ပယ်ခြင်းနှင့် သူ၏ အငြင်းပွားဖွယ်ရာ နီးကပ်သော အကြံပေးပုဂ္ဂိုလ် အက်စ်ဖန်ဒီယာ ရာဟင် မာရှေးအီကို ထောက်ခံခြင်းတို့ကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် အမာဒီနီဂျက်သည် သူ၏ သမ္မတသက်တမ်းနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရန်အတွက် အစ္စလာမ်မစ် အတိုင်ပင်ခံလွှတ်တော် (ပါလီမန်) သို့ ဆင့်ခေါ်ခြင်းခံရသည့် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ ပထမဆုံးသော သမ္မတ ဖြစ်လာခဲ့သည်။[၂၃]
၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အမာဒီနီဂျက်သည် အမြင့်ဆုံးခေါင်းဆောင် ခါမေနီ၏ ကန့်ကွက်မှုများကြားမှ ၂၀၁၇ သမ္မတရွေးကောက်ပွဲတွင် တတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။ သူ၏ အမည်စာရင်းတင်သွင်းမှုကို Guardian Council က ပယ်ချခဲ့သည်။ ၂၀၁၇-၁၈ အီရန်ဆန္ဒပြပွဲများအတွင်း အမာဒီနီဂျက်သည် လက်ရှိ အီရန်အစိုးရကို ဝေဖန်ခဲ့သည်။ သူသည် ၂၀၂၁ သမ္မတရွေးကောက်ပွဲနှင့် ၂၀၂၄ အီရန်သမ္မတရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း သူ၏ အမည်စာရင်းတင်သွင်းမှုများမှာ ပယ်ချခံခဲ့ရသည်။[၂၄]
၂၀၂၆ အီရန်စစ်ပွဲ ကာလ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၆ အီရန်စစ်ပွဲ၏ ပထမဆုံးနေ့တွင် တီဟီရန်မြို့၊ နာမာ့ခ် (Narmak) ရှိ အမာဒီနီဂျက်ပိုင်ဆိုင်သည့် နေအိမ်တစ်လုံး တိုက်ခိုက်ခံခဲ့ရပြီး ပျက်စီးသွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သူ၏ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်နေသည့် IRGC အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။ တိုက်ခိုက်မှုအတွင်း သူသေဆုံးသွားကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းသတင်းများက ယင်းကို ငြင်းပယ်ခဲ့သည်။ ၂၀၂၅-၂၀၂၆ အီရန်ဆန္ဒပြပွဲများအပြီးတွင် အာဏာပိုင်များက သူ၏ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားခဲ့သော်လည်း The Atlantic ၏ ဖော်ပြချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သူသည် တရားဝင် ကန့်သတ်ချက်များမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မေလတွင် ထွက်ပေါ်လာသော New York Times ၏ သတင်းတစ်ပုဒ်အရ အမေရိကန်နှင့် အစ္စရေးအရာရှိများသည် အမာဒီနီဂျက်အား အိမ်တွင်းအကျယ်ချုပ်မှ လွတ်မြောက်စေရန်နှင့် ခါမေနီလွန်ကာလ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပံ့ပိုးကူညီရန် အစီအစဉ်တစ်ရပ်ကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။[၂၅]
အဆိုပါသတင်းကို သံသယဖြင့် ကြည့်ရှုခဲ့ကြပြီး၊ The Guardian ကလည်း အဆိုပါအစီအစဉ်များကို မဖြစ်နိုင်သော အရာများ သို့မဟုတ် ဖြစ်နိုင်ချေရှိသော သတင်းမှားများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြကြောင်း မှတ်ချက်ပြုခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် အလီ ခါမေနီ၏ နိုင်ငံတော်ဈာပနအခမ်းအနား၌ သူ့ကို တွေ့ရှိခဲ့ရသည်။[၂၆][၂၇]
နယူးယောက်တိုင်းမ်စ်၏ ဖော်ပြချက်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် မေလတွင် နယူးယောက်တိုင်းမ်စ် (The New York Times) သတင်းဌာနက အမေရိကန်နှင့် အစ္စရေးအရာရှိများသည် ၂၀၂၆ အီရန်စစ်ပွဲအပြီးတွင် မာမွတ် အမာဒီနီဂျက်ကို အီရန်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် တင်မြှောက်ရန် သို့မဟုတ် ပံ့ပိုးကူညီရန် အစီအစဉ်တစ်ရပ်ကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။ အဆိုပါသတင်းတွင် စစ်ပွဲအစောပိုင်းကာလ၌ အမာဒီနီဂျက်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ၎င်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် အဆိုပါအစီအစဉ်မှာ အောင်မြင်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။[၂၈]
သို့သော်လည်း အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်၍ အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံရေး လေ့လာသူများကြားတွင် သံသယများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။ လေ့လာသူအများစုက ဤအစီအစဉ်သည် လက်တွေ့တွင် မဖြစ်နိုင်ကြောင်း သို့မဟုတ် ဖြစ်နိုင်ချေရှိသော သတင်းမှား (Disinformation) တစ်ခုသာဖြစ်ကြောင်း သုံးသပ်ကြသည်။ အစ္စရေး အမျိုးသားလုံခြုံရေး အင်စတီကျူ (INSS) မှ ဒန်နီ ဆစ်ထရီနိုဝစ်ဇ် (Danny Citrinowicz) ကဲ့သို့သော ပညာရှင်များကလည်း အမာဒီနီဂျက်သည် ပြည်တွင်း၌ ခိုင်မာသော အာဏာအခြေပြုမှု မရှိသလို တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ထောက်ခံမှုကိုလည်း ရရှိမည်မဟုတ်ကြောင်း ထောက်ပြခဲ့ကြသည်။ နယူးယောက်တိုင်းမ်စ်ကမူ ၎င်းတို့၏ သတင်းရင်းမြစ်များအပေါ် "ယုံကြည်မှုအပြည့်" ရှိကြောင်းနှင့် သက်ဆိုင်ရာ အရာရှိများစွာကို မေးမြန်းပြီးမှသာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။[၂၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Mahmoud Ahmadinejad | Biography, Politics, Education, & Facts" (in en)၊ Encyclopædia Britannica။
- ↑ Tait၊ Robert။ "Hardline mayor with a humble man-of-the-people image" (in en-GB)၊ The Guardian၊ 2005-06-19။
- ↑ Melman၊ Yossi; Javedanfar၊ Meir (2007)။ The Nuclear Sphinx of Tehran: Mahmoud Ahmadinejad and the State of Iran။ Basic Books။ pp. 1–3။ ISBN 9780786718870။
- ↑ "Iran's president launches weblog"၊ BBC၊ 14 August 2006။
- ↑ Bozorgmehr၊ Najmeh။ "Interview transcript: Mojtaba Samareh-Hashemi"၊ Financial Times၊ 30 May 2008။
- ↑ Mahmoud Ahmadinejad။ Iran Chamber Society။ 10 July 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2009 တွင် ပြန်စစ်ပြီး။
- ↑ Hassan၊ Hussein D. (16 January 2007)။ Profile and Statements of President Mahmoud Ahmadinejad။ Library of Congress။ 6 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2009 တွင် ပြန်စစ်ပြီး။
- ↑ Ahamd Bozorgian (MP): 'The Separation of men and women's elevators is an advantageous policy. It would help to grow.'။ Entekhab News။ 14 January 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2006 တွင် ပြန်စစ်ပြီး။
- ↑ World Mayor: World Mayor 2005 finalists။ 2025-05-17 တွင် ပြန်စစ်ပြီး။
- ↑ Wright၊ Robin (2008)။ Dreams and Shadows: The Future of the Middle East။ Penguin Press။ ISBN 9781101202760။
- ↑ Clip DrIman CNN – at Tofoiran (6 September 2006)။ 15 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2011 တွင် ပြန်စစ်ပြီး။
- ↑ Blair၊ Edmund။ "Results in Iranian Vote Seen as Setback for Ahmadinejad"၊ 18 December 2006။
- ↑ "Ahmadinejad 'leads in Iran election'"၊ BBC၊ 13 June 2009။
- ↑ "Defiant Iran president takes oath"၊ BBC၊ 5 August 2009။
- ↑ Deshmukh၊ Jay။ "Ahmadinejad 'sacks four Iran ministers'"၊ 26 July 2009။
- ↑ "Statement: Mr Ali Kordan"၊ The University of Oxford၊ 15 August 2008။
- ↑ "Iran examines missing oil revenue"၊ United Press International၊ 16 February 2009။
- ↑ Ghajar၊ Shayan (25 May 2011)။ Is Ahmadinejad on His Way Out?။ 25 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2017 တွင် ပြန်စစ်ပြီး။
- ↑ News Tabnak
- ↑ "Ahmadinejad in new appointment"၊ 5 August 2013။
- ↑ "Iran disqualifies Ahmadinejad from bid to regain presidency"၊ The Guardian၊ 20 April 2017။
- ↑ Daragahi၊ Borzou။ "Spy flap weakens Iranian President Mahmoud Ahmadinejad"၊ Los Angeles Times၊ 2 May 2011။
- ↑ "Iran calls off Ahmadinejad parliament probe"၊ Al Jazeera၊ 21 November 2012။
- ↑ "The Reincarnation of Mahmoud Ahmadinejad" (in en)၊ Foreign Policy။
- ↑ Wintour၊ Patrick။ "US and Israel ‘hoped to install Ahmadinejad as Iran’s leader’" (in en-GB)၊ The Guardian၊ 2026-05-20။
- ↑ News၊ Mekong (2026-07-07)။ သေဆုံးခဲ့ပြီဆိုသည့် အီရန်သမ္မတဟောင်း အမာဒီနီဂျက် အယာတိုလာခါမေနီ ဈာပနတွင် ပြန်ပေါ်လာ (in my-MM)။ 2026-07-07 တွင် ပြန်စစ်ပြီး။
- ↑ Ahmadinejad attends Khamenei funeral procession – state media (in en) (2026-07-06)။ 2026-07-07 တွင် ပြန်စစ်ပြီး။
- ↑ Mazzetti၊ Mark။ "Early War Goal Was to Install Hard-Line Former President as Iran’s Leader" (in en-US)၊ The New York Times၊ 2026-05-19။
- ↑ အီရန်စစ်ပွဲရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်လာတဲ့သမ္မတဟောင်း Ahmadinejad (in my) (2026-05-31)။ 2026-07-07 တွင် ပြန်စစ်ပြီး။