မာကွမ်းစာချုပ်

ဝီကီပီးဒီးယား မှ
ဂျပန်တို့ ရေးဆွဲထားသည့် မာကွမ်းစာချုပ် လက်မှတ်ရေးထိုးနေစဉ် ပန်းချီကား။

မာကွမ်းစာချုပ်သည် မန်ချူးအစိုးရနှင့် ဂျပန်အင်ပါယာတို့ ၁၈၉၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ဂျပန်နိုင်ငံ ရှီမိုနို စဲအိကိတွင် ရေးထိုးခဲ့သည့် စာချုပ်ဖြစ်သည်။ ဂျပန်တို့က ရှီမိုနို စဲအိကိ စာချုပ်ဟု ခေါ်သည်။ မာကွမ်းစာချုပ် ချုပ်ဆိုပြီးနောက် တရုတ်နှင့် ဂျပန်အကြား ကျာဝူစစ်ပွဲ (ပထမတရုတ်ဂျပန်စစ်ပွဲ) ကို အဆုံးသတ်စေခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ၁၈၉၅ ခုနှစ် မတ်လ ၂၅ မှ ဧပြီ ၁၇ အထိ ကျင်းပခဲ့သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

တရုတ်နှင့် ဂျပန် နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ရာ ရှီမိုနို စဲအိကိမြို့ရှိ ရွှန်းပန်းရို ဂေဟာ။

၁၈၉၄ ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ်၌ တုန်းရွှယ်တန် အရေးအခင်းဖြစ်ပွားရာ ကိုရီးယား၏ တောင်းဆိုမှုကြောင့် ချင်းမင်းဆက်က စစ်တပ်စေလွှတ်ကာ တရုတ်-ဂျပန် ထျဲန်းကျင်းစာချုပ်အရ ဂျပန်တို့ကို အသိပေးခဲ့သည်။ ယင်းအဖြစ်အပျက် အဆုံးသတ်ပြီးနောက် ဂျပန်တို့က တပ်ဆုတ်ရန် ငြင်းပယ်ခဲ့ပြီး ကိုရီးယားတွင် တပ်စွဲထားသည့် မန်ချူးတပ်ကို ရှောင်တခင် တိုက်ခိုက်ခဲ့သည်။ မန်ချူးအစိုးရမှ ဂျပန်အား စစ်ကြေညာခဲ့သည်။ ထိုနှစ်သည် တရုတ်သက္ကရာဇ်အရ ကျာဝူနှစ် ဖြစ်သောကြောင့် တရုတ်သမိုင်းတွင် ကျာဝူစစ်ပွဲဟု အမည်တွင်သည်။ ဤစစ်ပွဲတွင် တရုတ်တို့ စစ်ရုံးပြီး ထိုင်ဝမ်အား စစ်လျော်ကြေးအဖြစ် ဂျပန်တို့ထံ ပေးအပ်ခဲ့သည်။

စာချုပ်ပါ အကြောင်းအရာ[ပြင်ဆင်ရန်]

  1. ကိုရီးယားသည် အချုပ်အခြာ အာဏာ သီးခြားလွတ်လပ်သည့် နိုင်ငံအဖြစ် တရုတ်က အသိအမှတ်ပြုသည်။ ကိုရီးယားမှ တရုတ်သို့ အခမ်းအနားများ၊ လက်ဆောင်ပဏ္ဍာများ ဆက်သမှု လုံးဝရပ်ဆိုင်းရမည်။
  2. တရုတ်က လျောင်တုန်းကျွန်းဆွယ်၊ ထိုင်ဝမ်၊ ဖုန်ဟူကျွန်းစုပေါ်ရှိ မြို့များ၊ စစ်ရေး အဆောက်အဦးများနှင့် အုပ်ချုပ်ရေး အာဏာကို ဂျပန်အား လွှဲပြောင်း ပေးအပ်ရမည်။
  3. နှစ်ဘက်မှ အရာရှိများ စေလွှတ်ကာ နယ်နမိတ် ရေးဆွဲပြီး ထိုနယ်နမိတ်များသို့ သွားရောက် စစ်ဆေးကာ အသိအမှတ် ပြုရမည်။
  4. တရုတ်မှ ဂျပန်အား ငွေသား လျန် (၃၇ ဂရမ်နီးပါး) သန်း ၂၀၀ (ဂျပန်ငွေ သန်း ၃၀၀) စစ်လျော်ကြေး ပေးရမည်။
  5. လွှဲအပ်ဒေသနေ ပြည်သူများသည် မိမိပိုင် ပစ္စည်းဥစ္စာများအား လွတ်လပ်စွာ ရောင်းချကာ ပြောင်းရွှေ့နိုင်သည်။ စာချုပ် အတည်ဖြစ်ပြီး ၂ နှစ်ကြာပြီးနောက် ထိုဒေသများတွင် နေထိုင်သူများအား ဂျပန်နိုင်ငံသားအဖြစ် သတ်မှတ်မည်။
  6. တရုတ်မှ ဂျပန်တို့ကို ဆားရှိ၊ ချုန်ချင့်၊ စူးကျိုး၊ ဟန်ကျိုး စသည့်မြို့များ၌ ကုန်သွယ်ခွင့်ပေးပြီး ဂျပန်အား အခွင့်ထူးခံ နိုင်ငံအဖြစ် အသိအမှတ် ပြုရမည်။ တရုတ်၏ ကုန်သွယ်ခွင့်ပြု မြို့များတွင် ဂျပန်ကောင်စစ်ဝန်ရုံးများ ထားရှိခွင့်၊ စက်ရုံများ ဆောက်လုပ်ခွင့်နှင့် စက်ပစ္စည်းအမျိုးမျိုး တင်သွင်းခွင့်ပြုရမည်။
  7. တရုတ်မြေပေါ်ရှိ ဂျပန်တပ်များ ၃ လအတွင်း ဆုတ်ခွာပေးရမည်။
  8. တရုတ်က ဂျပန်ကို ရှန်းတုန်းပြည်နယ် ဝေးဟိုင်ဝေ့တွင် တပ်စွဲခွင့် ပြုရမည်။ စစ်လျော်ကြေးငွေ ပြည့်ပြည့်တင်းတင်း မပေးပါက ဂျပန်တို့ တပ်ဆုတ်မည်မဟုတ်။
  9. တရုတ်သည် ဂျပန်သုံ့ပန်းများအား ညှင်းပန်းခြင်း၊ ပစ်ဒဏ်ပေးခြင်း မပြုရ။ ဂျပန်တပ်အား ကူညီသူ တရုတ်လူမျိုးများအားလည်း ပစ်ဒဏ်မပေးရ။
  10. စာချုပ်အတည်ဖြစ်ချိန်မှစ စစ်ပွဲရပ်ဆိုင်းသည်။

အကျိုးဆက်[ပြင်ဆင်ရန်]

အနောက် အင်အားစုများ စွက်ဖက်ခြင်း[ပြင်ဆင်ရန်]

မာကွမ်းစာချုပ် ချုပ်ဆိုပြီး ၆ ရက်အတွင်း တရုတ်ပြည်၏ ဆိပ်ကမ်းအချို့ကို နိုင်ငံခြား ကုန်သွယ်ခွင့် ပြုခဲ့ခြင်းကို တရုတ်ပြည်တွင် မူလက ကူးသန်းရောင်းဝယ်မှု များပြားသည့် ရုရှ၊ ပြင်သစ်နှင့် ဂျာမနီတို့က ဝင်ရောက် စွက်ဖက်လာသည်။ ၎င်းတို့က ထိုစဉ်က အနောက်တိုင်းသားများ အာသာဟုခေါ်သည့် လွီရွှင့်ဆိပ်ကမ်း ဂျပန်လက်အောက် ကျရောက်သွားမည်ကို စိုးရိမ်၍ ဂျပန်တို့ လျောင်တုန်းကျွန်းဆွယ်မှ နောက်ဆုတ်ပေးရန် တောင်းဆိုကြသည်။

စစ်ရေးခြိမ်းခြောက်မှုကြောင့် ၁၈၉၅ နိုဝင်ဘာတွင် ဂျပန်တို့က လျောင်တုန်းကျွန်းဆွယ်ကို စွန့်လွှတ်ရန် သဘောတူ လိုက်သည်။ တဆက်တည်းတွင် တရုတ်တို့ထံ စစ်လျော်ကြေး လျန် သန်း ၃၀ ထပ်တိုးပေးရန် တောင်းဆိုသည်။ လအနည်းငယ်အတွင်း ရုရှတို့သည် လျောင်တုန်းကျွန်းဆွယ်တွင် မန်ချူးအစိုးရ ကန့်ကွက်သည့် ကြားမှာပင် ဟာပင်းမှ အာသာဆိပ်ကမ်းသို့ ရထားလမ်း ဖောက်လုပ်သည်။ နောက်ဆုံးတွင် မျက်နှာမပျက်ရလေအောင် ရုရှတို့က လျောင်တုန်းဒေသကို ငှားရမ်းဖို့ သဘောတူလိုက်သည်။ ၂ နှစ်တာ ကာလအတွင်း ဗြိတိသျှ၊ ဂျာမနီနှင့် ပြင်သစ်တို့သည် စီးပွားရေး၊ နိုင်ငံရေးအရ အင်အားနည်းနေသည့် တရုတ်အပေါ် အခွင့်ကောင်းယူခဲ့ပြီး တရုတ်ရှိ အရေးပါသည့် ဒေသများကို ထိန်းချုပ်လာသည်။

ဤသို့သော ကြီးနိုင်ငယ်ညှဉ်းအဖြစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ပိုက်ကြည့်ခဲ့တာ ဂျပန်တို့၏ မျက်စိရှေ့မှာပင် ဖြစ်သည်။ ဤသင်ခန်းစာကို ကြည့်၍ ဂျပန်တို့သည် စက်မှုလုပ်ငန်းနှင့် စစ်ရေးအပိုင်းတွင် ခေတ်မှီတိုးတက်သည့် နိုင်ငံဖြစ်ရန် ကြိုးပမ်းခဲ့ရာ ဆယ်စုနှစ်နောက်ပိုင်းတွင် ဖြစ်ပွားသည့် ရုရှ ဂျပန်စစ်ပွဲတွင် ဂျပန်တို့၏ အင်အားကို အထင်းသား တွေ့မြင်နိုင်သည်။