မဟာသီဟနာဒသုတ်

ဝီကီပီးဒီးယား မှ

အာဇီဝကဂိုဏ်းဝင် ကဿပရသေ့ကို အကြောင်းပြု၍ ဤသုတ် ဖြစ်ပေါ်လာရသည်။ ကဿပသည် ဘုရားမြတ်စွာထံ ချဉ်းကပ်ပြီး အကျင့်သီလများနှင့် စပ်လျဉ်း၍ ပြောဆိုဆွေးနွေးသည်။ အထူးသဖြင့် ဤသုတ်၌ အာဇီဝက ရသေ့တို့၏ အကျင့်များနှင့်ပတ်သက်သည့် အကြောင်းများကို တွေ့ရှိရသည်။ ကဿပသီဟနာဒသုတ် စုဆောင်းချိန်ဝယ် အိန္ဒိယပြည်၌ အတ္တကိလမထာနုယောဂ (ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်ကလူပြုသောအကျင့်)သည် အတော်အတန် ခေတ်စားလျက်ရှိနေပြီဟု အနောက်တိုင်း အမျိုးသမီးပညာရှိ မစ္စစ်ရီးဇ်ဒေဝစ် (လန်ဒန်ဒေဝီ) ကဆိုသည်။

ဤသုတ်တွင် အောက်ပါ တရားများကို ဟောတော်မူသည်။

  • ဒသဗလ = အားတော်ဆယ်ပါး၊
  • စတုဝေသာရဇ္ဇ = ရဲရင့်ခြင်းလေးပါး၊
  • အဋ္ဌပရိသာ = ပရိသတ်ရှစ်ပါး၊
  • စတုယောနိ = ယောနိလေးပါး၊
  • ပဉ္စဂတိ = ဂတိငါးပါး၊
  • အာဇီဝကတို့၏အကျင့်များ။[၁]

[၂] ဘုရားရှင် ဥရုညာမြို့ ကဏ္ဏကတ္ထလမိဂဒါယ၌ သီတင်းသုံးတော်မူနေစဉ်- အစေလကဿပက “အရှင်ဂေါတမသည် ခြိုးခြံသောအကျင့်အားလုံးနှင့် ခေါင်းပါးစွာ အသက်မွေးမှု၊ ခြိုးခြံစွာကျင့်သူအားလုံးကို တစ်ဖက်သတ် ပြက်ရယ်ပြုရှုတ်ချ၏ဟု ကြားဖူးပါသည်။ ထိုပြောဆိုသူတို့ ပြောဆိုသည့်အတိုင်း မှန်ပါသလော့၊ အကျွန်ုပ်တို့သည် အရှင်ဂေါတမကို စွပ်စွဲရန်အလိုမရှိပါ”ဟု မေးလျှောက်ပါသည်။

ဘုရားရှင်က ကဿပ၊ ထိုသူတို့သည် ငါဆိုသည့်အတိုင်း ပြောဆိုကြသည် မဟုတ်ကုန်၊ ငါဘုရားကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲပြောဆိုကြကုန်၏-ဟု မိန့်တော်မူပြီး “ခေါင်းပါးစွာအသက်မွေးသော ခြိုးခြံစွာကျင့်သူအချို့ သေပြီးနောက် ငရဲသို့ရောက်နေသူနှင့် နတ်ပြည်သို့ရောက်နေသူတို့ကို ငါဘုရား ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်တော်မူ၏။

-ဆင်းရဲနည်းစွာနေလေ့ရှိသော ခြိုးခြံစွာကျင့်သူ သေလွန်ပြီးနောက် ငရဲ၌ ဖြစ်နေသူအချို့နှင့် နတ်ပြည်၌ဖြစ်နေသူအချို့ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ငါဘုရား မြင်တော်မူ၏။ “ကဿပ၊ ငါဘုရားသည် ခြုံခြုံစွာကျင့်သူတို့၏ လားရောက်ရာအရပ်၊ သွားရောက်ရာအရပ်၊ သေခြင်း၊ ဖြစ်ခြင်းကို ဟုတ်မှန်သည့်အတိုင်း သိမြင်တော်မူ ခြင်းကြောင့် ခေါင်းပါးစွာအသက်မွေးသော ခြိုးခြံစွာကျင့်သူအားလုံးကို အဘယ်ကြောင့် တစ်ဖက်သတ် ပြက်ရယ်ပြုအံ့နည်း၊ ရှုတ်ချအံ့နည်း။

ကဿပ၊ သားမြီးဖျားကို ပစ်ခွဲနိုင်သော လေးသမားနှင့်တူကုန်သော သူတစ်ပါးတို့၏အယူကို လေ့လာအပ်ပြီးကုန်သော သိမ်မွေ့သောဉာဏ်ပညာရှိကြကုန်သော ပညာရှိ သမဏ, ဗြာဟ္မဏတို့သည် ပညာဖြင့် မှားသောအယူတို့ကို ဖျက်ဆီးလျက် လှည့်လည်နေကြကုန်၏။ ငါဘုရား၏အယူဝါဒသည် အချို့နေရာ၌ ထိုသမဏ, ဗြာဟ္မဏတို့အယူနှင့် တူကုန်၏။ အချို့နေရာ၌ မတူညီ။

ကဿပ၊ ထိုသမဏ, ဗြာဟ္မဏတို့သည် မတူညီသောအရာကိုထား၍ တူညီ သောအရာ၌ ဆရာအချင်းချင်းဖြစ်စေ၊ တပည့်သံဃာအချင်းချင်းဖြစ်စေ မေးမြန်းစိစစ် ကြလျှင် အကုသိုလ်အရာ၌ ရဟန်းဂေါတမသည် အကြွင်းမဲ့ပယ်၍ကျင့်၏၊ အခြားဂိုဏ်း ဆရာတို့သည် အနည်းငယ်ကိုသာပယ်၍ ကျင့်ကုန်၏ဟု ငါဘုရားကိုသာ များသောအားဖြင့် ချီးမွမ်းကြကုန်ရာ၏။

ကုသိုလ်အရာ၌ ကုသိုလ်တရားတို့ကို ရဟန်းဂေါတမသည် အကြွင်းမဲ့ဆောက် တည်၍ကျင့်၏၊ အခြားသောဂိုဏ်းဆရာတို့သည် အနည်းငယ်သာဆောက်တည်၍ ကျင့်ကုန်၏ဟု ငါဘုရားကိုသာ များသောအားဖြင့် ချီးမွမ်းကြကုန်ရာ၏။ ငါဘုရား၏ တပည့်သံဃာတို့ကိုသာ များသောအားဖြင့် ချီးမွမ်းကြကုန်ရာ၏။

ကဿပ မဂ္ဂင်ရှစ်တန် လမ်းအမှန်ကိုကျင့်သည်ရှိသော် “ရဟန်းဂေါတမသည် သာလျှင် ဆိုသင့်သောအခါ၌သာ ဆိုလေ့ရှိ၏။ ဟုတ်သည်ကိုသာဆိုလေ့ရှိ၏။ အကျိုး နှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏။ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏ဟု ကိုယ်တိုင်ပင် သိမြင်လိမ့်လတ္တံ့ဟု မိန့်တော်မူ၏။ ထိုအခါ အစေလကဿပသည် တက္ကတွန်းတို့၏ ခြိုးခြံသောအကျင့် (၇၀) ကျင့်သုံးကြပုံကိုလျှောက်ထားပါသည်။

ကဿပ ထိုတက္ကတွန်းတို့၏ ခြိုးခြံသောအကျင့် (၇၀)တို့သည် သီလနှင့် ပြည့်စုံခြင်း၊ သမာဓိနှင့်ပြည့်စုံခြင်း၊ ပညာ၏ပြည့်စုံခြင်းကို မပွားများရသေး။ မျက်မှောက် မပြုအပ်သေးသည်ရှိသော် စင်စစ်အားဖြင့် သမဏအလုပ်၊ ဗြာဟ္မဏအလုပ်မှ ဝေးသည်သာတည်း။

ကဿပ ရဟန်းသည် ရန်မရှိသော၊ ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွားများ၏။ အာသဝတို့၏ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက်ရောက်နေ၏။ ကဿပ၊ ဤရဟန်းကို သမဏဟူ၍ လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ သမဏအလုပ်သည် ခဲယဉ်းလှချေ၏။ ဗြာဟ္မဏအလုပ်သည် ခဲယဉ်း လှချေ၏ဟူသော စကားသည် လောက၌ ပြောဆိုရိုးတံထွာ ဓမ္မတာပင်တည်း။

အစေလကတို့၏ကျင့်ဝတ်များကို သူကြွယ်ဖြစ်စေ၊ သူကြွယ်၏သားဖြစ်စေ၊ အယုတ်ဆုံး အိုးထိန်းကျွန်သည်သော်လည်း ပြုကျင့်ခြင်းငှာစွမ်းနိုင်ပေ၏။ ခဲယဉ်းသော သမဏ, ဗြာဟ္မဏတို့၏အလုပ်သည် ခြိုးခြံသောအကျင့်မှ တစ်ပါးတခြားသာလျှင်ဖြစ်၏။ ထိုကြောင့် သမဏ, ဗြာဟ္မဏတို့၏အလုပ်သည် ခဲယဉ်းလှချေ၏ဟု ပြောဆိုရန်မသင့်ချေ။

မေတ္တာဘာဝနာပွားများနေသော အရဟတ္တဖိုလ်ကိုမျက်မှောက်ဘဝ၌ ပြည့်စုံ ရရှိနေသော ရဟန်းကိုသာ သမဏ, ဗြာဟ္မဏဟုဆိုအပ်ပေ၏ဟု မိန့်တော်မူသည်။

အစေလကဿပက-အရှင်ဂေါတမ သမဏ, ဗြာဟ္မဏကို သိနိုင်ခဲ၏ဟု လျှောက်၏။ ဘုရားရှင်က ကဿပ ဤစကားသည် လောက၌ ပြောဆိုရိုးတံထွာ ဓမ္မတာပေတည်း။

ကဿပ အစေလကတို့၏အကျင့်သည် ခြိုးခြုံသောအကျင့်မှတစ်ပါး အခြား ဖြစ်ပေ၏။ ထိုအစေလကတို့၏အကျင့်၊ အစေလကတို့၏အကျင့်ကို သူကြွယ်ဖြစ်စေ၊ သူကြွယ် သားဖြစ်စေ၊ အယုတ်ဆုံးအားဖြင့် အိုးထိန်းကျွန်မဖြစ်စေ သိလည်းသိစွမ်းနိုင် သေး၏။

ကဿပ၊ မေတ္တာပွားများနေသော မျက်မှောက်ဘဝ၌မှာပင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု ရရှိပြည့်စုံနေသော ရဟန်းကိုသာ သမဏ, ဗြာဟ္မဏဟု ဆိုအပ် ပေ၏။

အစေလကဿပက အရှင်ဂေါတမ သီလ၏ပြည့်စုံခြင်း၊ စိတ်၏ပြည့်စုံခြင်း၊ ပညာ၏ပြည့်စုံခြင်းသည် အဘယ်ပါနည်း။

ဘုရားရှင်က ဘုရားရှင်ပွင့်တော်မူသည်ကစ၍ သာမညဖလသုတ်ဒေသနာတော်အတိုင်း ရဟန္တာဖြစ်တော်မူသည်အထိ သီလ, သမာဓိ, ပညာဒေသနာတော်ကို ဟောတော်မူပါသည်။ ဤအရဟတ္တဖိုလ်မှတစ်ပါး ထူးမြတ်သော သီလသမ္ပဒါ၊ သမာဓိသမ္ပဒါ၊ ပညာသမ္ပဒါ မရှိတော့ပုံကို အကျယ်တဝင့်ဟောကြားတော်မူပါသည်။

ကဿပ၊ ရှိသမျှ ဖြူစင်မွန်မြတ်သော သီလအရာ၌ မိမိနှင့်တူမျှသူကိုပင် မြင်တော်မမူ၊ မိမိထက်လွန်ကဲသူကို အဘယ်မှာမြင်ချေအံ့နည်း။ မွန်မြန်သော အဓိသီလအရာ၌ ငါဘုရားသည်သာ အလွန်မြတ်ဆုံးဖြစ်၏။

လွန်မြတ်သော အားထုတ်လုံ့လပြု၍ မကောင်းမှုကိုပယ်ခြင်း “အဓိဇေဂုစ္ဆ” အရာ၌ ငါဘုရားသည်သာ အလွန်မြတ်ဆုံးဖြစ်၏။

လွန်မြတ်သော အဓိပညာအရာ၌ ငါဘုရားသည်သာ အလွန်မြတ်ဆုံးဖြစ်၏။

ကိလေသာတို့မှလွတ်မြောက်ခြင်း “အဓိဝိမုတ္တ အရာ၌ ငါဘုရာသည်သာ အလွန်မြတ်ဆုံးဖြစ်၏။

အညတိတ္ထိယပရိဗိုဇ်တို့သည် “ရဟန်းဂေါတမသည် ရဲရင့်သောစကားကို ပရိသတ်အလယ်၌လည်း မြွက်ဆို၏”ဟု ပြောကြားအပ်ကုန်၏။ “မကြောက်မရွံ့လည်း မြွက်ဆို၏”ဟု ပြောကြားအပ်ကုန်၏။ “ပြဿနာအမေးခံရလျှင် ထိုမေးသူတို့အား ဖြေကြား၏။ ပြဿနာဖြေဆိုခြင်းဖြင့် မေးသူတို့၏စိတ်ကို နှစ်သက်စေနိုင်၏။ ထိုရဟန်းဂေါတမ၏စကားကို နာကြားထိုက်၏ဟုလည်း ထင်မြင်ကြကုန်၏။ ကြည်ညို သူတို့ပြုသင့်သော ပူဇော်ခြင်းကိုလည်းပြုကြကုန်၏။ ဟောကြားတိုင်းဖြစ်ရန်လည်း ကျင့်ကြကုန်၏။ ကျင့်သူတို့သည်လည်း ရဟန်းဂေါတမ၏စိတ်ကို နှစ်သက်စေနိုင်ကုန်၏။ ကဿပ ငါဘုရား ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ ခြိုးခြံသောအကျင့်မြတ်ကို ကျင့်သော နိဂြောဓပရိဗိုဇ်သည် အလွန်အားထုတ်ခြင်း လုံ့လဖြင့် မကောင်းမှုကို ပယ်ခြင်း “အဓိဇေဂုစ္ဆ”အရာ၌ ပြဿနာမေးသည်ရှိသော် ထိုနိဂြောဓအား ငါသည် ဖြေကြားခဲ့၏။ ထိုသို့ဖြေကြားသည်ရှိသော် ထိုနိဂြောဓသည် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်လေ၏ဟု ဘုရားရှင်ကမိန့်တော်မူပါသည်။

အစေလကဿပသည် မိမိလည်း ဘုရားရှင်၏တရားတော်ကို ကြားနာရ၍ အလွန်ဝမ်းမြောက်ပါကြောင်း၊ တရားတော်ကိုချီးမွမ်းလျှောက်ထားပြီးလျှင် သရဏဂုံ ဆောက်တည်၍ ရှင်ရဟန်းအဖြစ်ကိုရလိုပါကြောင်း လျှောက်ထားလေသည်။

ဘုရားရှင်က အညတိတ္ထိယ ပရိဝါသကို မိန့်ကြားတော်မူပါသည်။ အစေလ ကဿပက အညတိတ္ထိယ ပရိဝါသကို မိမိအနေဖြင့် လေးလသာမက လေးနှစ် တိုင်အောင် ကျင့်လိုပါကြောင်း ရဟန်းပြုပေးရန်သာလျှောက်ထားပါသည်။

ဘုရားရှင်က ပုဂ္ဂလဝေမတ္တကို သိတော်မူခြင်းကြောင့် ရဟန်းပြုခွင့်ပေးတော် မူပါသည်။ အစေလကဿပသည် ဘုရားရှင်အထံတော်၌ ရှင်ရဟန်းပြုခွင့်ရသဖြင့် ရဟန်းပြုပြီး မကြာမီ တစ်ပါးတည်းကိန်းအောင်းလျက် မမေ့မလျော့သောသတိဖြင့် ပြင်းပြင်းထန်ထန် ရဟန်းတရားကိုအားထုတ်ရာ အာသဝေါကင်းကွာ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များစွာ ဖွင့်ဆိုထားပါသည်။


-မ၊၁၊၉၇-၁၁၈။ မ၊၁၊မြန်၊၁၀၅-၁၂၄။ မ၊ဋ္ဌ၊၁၊၃၂၅-၃၅၉။ မ၊ဋီ၊၂၊၁၅-၄၀။

-မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၂-သီဟနာဒဝဂ္ဂ၊ ဒုတိယသုတ်။

ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်၏အပြင်အပ အပရပူရတောအုပ်၌ သီတင်းတော်မူစဉ် လိစ္ဆဝီမင်းသား သုနက္ခတ္တ ဤဘုရားသာသနာတော်မှ ထွက်ခွာ သွား၍ မကြာမြင့်မီ ဝေသာလီမြို့ရှိ ပရိသတ်၌-“ရဟန်းဂေါတမအား ဥတ္တရိ မနုဿဓမ္မထက်သာလွန်သော အရိယာဖြစ်ရန်စွမ်းနိုင်သော ဉာဏ်အမြင်မရှိ၊ ရဟန်း ဂေါတမသည် ကြံစည်ယူဆလျက် စူးစမ်းလေ့လာပြီး အလိုလိုထင်မြင်လာသော တရားကိုဟောကြား၏။ ရဟန်းဂေါတမဟောကြားသော ထိုတရားကို ဟောကြားတိုင်း ပြုကျင့်သူအား ဝဋ်ဆင်းရဲကုန်ခြင်းအကျိုးငှာ (ကောင်းစွာထုတ်ဆောင်နိုင်)ဖြစ်နိုင်၏ဟု ပြောဆိုနေသည်။

ထိုစကားကို ဝေသာလီမြို့တွင် ဆွမ်းခံဝင်နေသော အရှင်သာရိပုတ္တရာ ကြားသိရသဖြင့် ဘုရာညာရှင်အား လျှောက်ထားပါသည်။ ဘုရားရှင်က “သာရိပုတ္တရာ၊ မောဃပုရိသ သုနက္ခတ္တသည် အမျက်ထွက်လေ့ရှိ၏၊ အမျက်ထွက်ခြင်းကြောင့် ငါဘုရား၏ ကျေးဇူးမဲ့(အပြစ်)ကို ပြောဆိုမည်ဟု ရည်ရွယ်လျက် ငါဘုရား၏ ဂုဏ်ကျေးဇူးကိုသာ ချီးမွမ်းပြောဆိုပေ၏”ဟု မိန့်ကြားတော်မူပြီး သဗ္ဗညုတဉာဏ်တော်, ဣဒ္ဓိဝိဓဉာဏ်တော်, ဒိဗ္ဗသောတဉာဏ်တော်, စေတောပရိယဉာဏ်တော်, ဒသဗလ ဉာဏ်တော်, စတုဝေသာရဇ္ဇဉာဏ်တော်၊ အဋ္ဌပရိသအကမ္ပနဉာဏ်တော်, စတုယောနိပရိစ္ဆေဒကဉာဏ်တော်, ပဉ္စဂတိပရိစ္ဆေဒဉာဏ်တော် ခုနစ်ဌာန ရှစ်ဌာနတို့၌ ဉာဏ် ဖြစ်ပုံ၊ အာသဝက္ခယဉာဏ်ဖြစ်ပုံ ဒုက္ကရကာရိကာသုဒ္ဓိ, ဥပေက္ခာဝိဟာရ အာဟာရ သုဒ္ဓိ, သံသာရသုဒ္ဓိ, ဥပပတ္တိသုဒ္ဓိ, အာဝါသသုဒ္ဓိ, ယညသုဒ္ဓိ, အဂ္ဂိပါရိစရိယသုဒ္ဓိတို့ကို ဥပမာ ဥပမေယျတို့ဖြင့် အကျယ်ဟောကြားတော်မူပါသည်။

အရှင်နာဂသမာလ၏ လျှောက်ထားချက်အရ ဤသုတ်တော်ကို “လောမဟံသနသုတ်တော်”ဟုလည်း ခေါ်နိုင်ကြောင်း မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဝေသာလီမြို့တော် ဝဇ္ဇီနိုင်ငံတော်၊ ဝဇ္ဇီမင်းမျိုးတို့ အစစွာ ဖြစ်ပေါ်လာပုံနှင့်တကွ မှတ်သားဖွယ်ဖွင့်ဆိုချက် များစွာရှိပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ်ဖွင့်ဆိုချက်များ ရှိပါသည်။ [၃]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
  2. -ဒီ၊၁၊၁၅၃-၁၆၆။ ဒီ၊မြန်၊၁၊၁၈၅-၂၀၁။ ဒီ၊ဋ္ဌ၊၁၊၂၈၇-၂၉၉။ ဒီ၊ဋီ၊၁၊၃၄-၃၆၀။ သီ၊ဋီ၊သစ်၊၂၊၃၄၆-၃၆၇။ -ဒီဃနိကာယ၊ သီလက္ခန္ဓဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ