မဟာဝိသုဒ္ဓါရုံဆရာတော်

ဝီကီပီးဒီးယား မှ

မဟာဝိသုဒ္ဓါရုံ ဆရာတော် (၄ ဇူလိုင် ၁၈၃၈–၆ ဩဂုတ် ၁၉၁၆)သည် ရွှေဘိုမြို့ တောင်လက်စမွန်ရွာ၍ သူဌေး ဦးမီု၊ ဒေါ်မိတို့မှ သက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် ဝါဆိုလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ မောင်မောက်ဖြစ်သည်။ ၈ နှစ်သား အရွယ်တွင် စမွန်ရွာ မဟာရုံတိုက် အရှင်နန္ဒမထေရ်ထံတွင် မိဘများက အပ်နှံ၍ စာပေသင်ကြားသည်။ ၁၃ နှစ်သားအရွယ်တွင် ယင်းဆရာတော်ထံ၌ပင် သာမဏေ အဖြစ်သို့ရောက်သည်။

ဘွဲ့ရှင်ဝိသုဒ္ဓါစာရ ဖြစ်သည်။ သာမဏေဝတ်ဖြင့် ၄ ဝါအရ သက္ကရာဇ် ၁၂၁၇ ခုနှစ်၊ ၁၇ နှစ်သားအရွယ်တွင် ထိုအခါက ရွှေဘိုနယ် ခေါတောရွာ တောရ၌ သီတင်းသုံးနေတော်မူသော ရွှေကျင် ဆရာတော် ဘုရားကြီးထံသို့ရောက်၍ ပိဋကတ်ကျမ်းဂန်များကို သင်ကြားတော်မူသည်။ ပိဋကတ်ကျမ်းဂန်များကို သာမက သက္ကတကျမ်းများကိုလည်း လေ့လာသင်ကြားတော်မူသည်။ သက္ကတကျမ်းများကို သင်ကြား ရာ၌ ရှေးဆရာများ ရေးသားခဲ့သော သက္ကတဘာသာ မြန်မာ နိဿယ ကျမ်းများကို ကြည်၍လည်းကောင်း၊ သက္ကတဘာသာ တတ်သော ဗြာဟ္မဏလူမျိုး ဟိန္ဒူပုဏ္ဏားတို့နှင့် နှီးနှော၍ လည်းကောင်း လေ့လာသင်ကြားသည်ဟု သိရ သည်။ သက္ကတ ဘာသာကို ကောင်းစွာ တတ်ကျွမ်းတော်မူသည်။

အသက် နှစ်ဆယ်ပြည့်သောအခါ ၁၂၁၉ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ရွှေဘိုနယ်၊ သရိုင်ရွာ သိမ်ကြီးတွင် ရွှေကျင်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်တော်မူသည်။ ဘွဲ့တော် ဦးဝိသုဒ္ဓါစာရပင် ဖြစ်သည်။ ရဟန်းဝါ ၃ ဝါရသောအခါ မန္တလေးမြို့ မဟာဓမ္မိကာရာမ ရွှေကျင်ကျောင်းတိုက်သို့ရောက်ရှိကာ ရွှေကျင်ဆရာတော် ဘုရားကြီးထံ နည်းခံ သင်ကြား၍ စာသင်သားများကို စာပေပို့ချတော်မူသည်။ ဝိသုဒ္ဓါရုံ ဆရာတော်သည် ပရိယတ္တိ အရာ၌ ဆရာနည်းစုံစုံ ရရှိရန်အတွက် မြို့ပြင်ကြီးဆရာတော် အရှင်စန္ဒဝံသာ လင်္ကာရ၊ အင်းဝဆရာတော် အရှင်မဉ္စူ၊ မင်းတဲဆရာတော် အရှင်ဥတ္တမ စသော ဆရာတော်များထံ၌လည်း နည်းခံသင်ကြားတော်မူသည်။

ဝိသုဒ္ဓါရုံ ဆရာတော်သည် ရဟန်းဝါ ၁၄ ဝါရသောအခါ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ အလယ်နန်း ဆင်ဖြူရှင်မ မိဖုရားကြီး ဆောက်လုပ်သော မန္တလေးမြို့အရှေ့ပြင် မဟာဝိသုဒ္ဓါရာမ ကျောင်းတိုက်ကြီးကို အလှူခံတော်မူရသည်။ ထိုအခါမှစ၍ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဟု ကျော်စောထင်ရှားတော်မူသည်။ သက္ကရာဇ် ၁၂၃၅ ခုနှစ် ရဟန်းဝါ ၁၆ ဝါအရတွင် မင်းတုန်းမင်းတရားကြီး လှူဒါန်းဆက်ကပ်သည့် ဝါသုဒ္ဓါစာရကဝိဓဇ မဟာဓမ္မရာဇဂုရု ဟူသော ဘွဲ့တံဆိပ်တော်ကို အလှူခံရသည်။

သက္ကရာဇ် ၁၂၄၆ ခုနှစ် ဝါတော် ၂၅ ဝါရတွင် သီပေါမင်းတရား လှူဒါန်း ဆက်ကပ်သည့် ဝိသုဒ္ဓါစာအရ ကဝိဓဇဓိပတိသိရိပဝရ မဟာဓမ္မရာဇာ ဓိရာဇဂုရု ဟူသောတံဆိပ်တော်ကိုလည်း အလှူခံတော်မူရသည်။ ဗြိတိသျှ အစိုးရလက်ထက်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်း အလှူခံရသည်။

မဟာဝိသုဒ္ဓါရုံ ဆရာတော်သည် ရွှေကျင် ဆရာတော် ဘုရားကြီး မရှိသည့်နောက် ရွှေကျင်ဂိုဏ်းကြီး၏ ဦးစီးဦးကိုင် ရွှေကျင် သာသနာပိုင်ကြီးအဖြစ်ဖြင့် ရွှေကျင်ဂိုဏ်းကြီးကို အုပ်ချုပ်တော်မူလေသည်။ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၌ တပည့်ကြီးပေါင်း မြောက်မြားစွာ ထွန်းကားတော်မူသည်။ ယင်းသို့တပည့်ကောင်းများ ထွန်းကားခြင်းမှာ ရွှေကျင်ဂိုဏ်းကြီး ၏ သာသနာပိုင် ဖြစ်တော်မူသောကြောင့်သာ မဟုတ်ဘဲ ကိုယ်တော်တိုင် သင်ကြား ချီးမြှောက်တော် မူသောကြောင့် လည်း ဖြစ်သည်။ အထူးအားဖြင့် မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး သည် တပည့်မွေးကောင်းသည်ဟု ကျော်ကြားတော်မူသည်။

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးသည် သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါ၊ မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် ဝါဆိုလဆန်း ၈ ရက် သောကြာနေ့တွင် မန္တလေးမြို့၌ ပျံလွန်တော်မူသည်။

ပြုစုခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

မဟာဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးသည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

  1. ကစ္စည်း ပဏာမ အကောက်
  2. ကမ္မဝါစာ နိသျမူသစ်
  3. ဂိဟိစာရိတ္တကျင့်ခန်းနှင့် ဥပါသကပတိပဒါကျမ်း
  4. ဆိဒ္ဒပိဓာနနီကျမ်း
  5. ဆန္ဒောမဉ္ဇရီပါဌ်
  6. ဆန္ဒောမဉ္ဇရီနိသျ
  7. ဆန္ဒောမဉ္ဇရီ လင်္ကာ
  8. ဆှူဏ္ဏရံသီဝဏ္ဏနာကျမ်း
  9. ဉာဏောဒယကျမ်း
  10. ဒေါင်းဋီကာဟောင်း
  11. ဓာတွတ္ထသဂြိုဟ် ပါဌ်
  12. ဓာတွတ္ထသင်္ဂြိုဟ်နိသျ
  13. နေတထ၊ိဟာရ·ဒီပနီသစ်
  14. နိက္ခမ္မုယျောဇနကျမ်
  15. ပရမတ္ထသရူပဘေဒနီ
  16. ပရိဝါသဝိနိစ္ဆယကျမ်း
  17. မဓုသာရ သတ်ပုံ
  18. မစ္ဆကဏကပဟာန်စာတမ်း
  19. မုစ္စနင်္ဂပကာသနီ
  20. ရွှေကျင်နိကာယစာရိတ္တ ဥပဒေကျမ်း
  21. ရွှေကျင်ဝံသာနုရက္ခကျမ်း
  22. ရွှေစက်တော်ဘုရားရှိခိုး ဂါထာပါဌ်အနက်
  23. ဝိနယကောသ¬ကျမ်း
  24. ဝိသုဒ္ဓါရု့သုတ်နက်
  25. ဝိသုဒ္ဓါရုံအဆုံး အဖြတ်
  26. ဝိဇ္ဇာဓိုရ်မည်သော ကဗျာဗန္ဓကျမ်း
  27. သမဇ္ဇဒေါသဒီပနီ
  28. သီရိမဟာ မာယာဝတ္ထု နိသျသစ်
  29. သဒ္ဒတ္ထဘေဒစိန္တာဂဏ္ဌိသစ်
  30. သတ်ပုံသစ် သံခိပ်ကဗျာကျမ်း
  31. သံဝါဒီပနီကျမ်း
  32. သံဝဏ္ဏနာဆက္ကကျမ်း
  33. အဘိဓမ္မ·သင်္ဂဟ နိသျသစ်

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)