မလာဆုနှင့်မာဆု

ဝီကီပီးဒီးယား မှ

မလာဆုနှင့်မာဆု ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့ မောင်းထောင်ဆရာတော်ဘုရားသည် ဇာတိချက်ကြွေ မောင်းထောင်မြို့သို့ အလည်လာလို၏။ သို့သော် မောင်းထောင်ရွာတွင် သံဃာတော်များ မညီညွတ်သဖြင့် မလာလိုပေ။ ဇာတိရွာကို မလွမ်းဆွတ်ရန်၊ ဒါယကာ ဒါယကာမများ ပင့်ဖိတ်ထားသည့် ပုံသိမ်မြို့သို့သာ ကြွသင့်ကြောင်း ရေးဖွဲ့ထားသည်။

မလာဆုနှင့်မာဆု[ပြင်ဆင်ရန်]

သုံးရွှေဆယ်နယ်မြေရပ်၏၊ (ငွေဆဒ္ဒန်ပြောင်မာစု) တွင်မှ၊ ဓာတုရံမွေသရီနှင့်၊ မဟေသီ စေတီလှသို့၊ မှီသကာတိုကတာဖွဲ့လို့၊ ကြာခဲ့ပြီစံပျော်ရွှင်သော်ကြောင့်၊ ထံတော်တွင်ပန်ဆင်ရုံးကြသည့်၊ ခွင်သုံးဆယ်ရာမညမှာ၊ ဘုန်းတေဇမဟန္တာ။

မြတ်စွယ်တော်ဓာတ်မွေထူး၊ မျှော်ဖူးချင်တိုင်ပင်ဖိတ်လို့၊ တင်ထိပ်ခေါင်ဝဇီရာတို့နှင့်၊ သီဟဠာ၊ ဒီပါကျွန်းက၊ ဖြန့်ရွှန်းချွေရွှေထောင်မောင်းမှာ၊ ဆရာတော် (၂) ဝါအောင်းမိလျှင်၊ ခွာပြောင်းလေတထွေဆုတ်လို့၊ ပြည်ဥက္ကံ၊ မြို့နံရောနှင့်၊ တကောနယ်သဘုမ္မိက၊ ဗောဓိမဏ္ဍိုင်ထိ၊ မြို့ရခိုင်သိမ်သမုတ်ရာက၊ ပြေကုဿိန်လှဲ့ကာရှောက်ခဲ့၊ ဆဲ့ ခြောက်ပြေရောက်လေသမျှပ၊ ဒေသတွေနိုင်ငံပေါရက်နှင့်၊ သံယောဇဉ်မပြတ်အုံးနိုင်ဘု၊ ရပ်သုံးဆယ်မြို့ဒေသကို၊ ဘုန်းကြွရောက်လှာ။

စောမုနိန်အစိန္တေကဲ့သို့၊ ပုသိမ်မြေအနောက်ချောင်းက၊ လျှောက်တောင်းပန်ဒါယကာတို့နှင့်၊ သာသနာအရှည်ဖြစ်စေဘို့၊ သည်နှစ်မှာ ရာဇဂြိုဟ်ပြည်ကဲ့သို့၊ ဝါဆိုမည် ခွင့်တော်ပေးသော်ကြောင့်၊ ကြာလေလေ ညာမြေနှင့် ဝေးချေပေါ့၊ ဆွေးမြှော်တပူပင်စွာ၊ လူရှင်ပါမျှော်ဆဲ။

ဆင်ခြင်ကာ ပညာနှင့်ကြည့်ပါတော့၊ တပည့်ဒကာကျော်ကဖြင့်၊ ဆရာတော် အညာမပျော်ပိုက်ပုံက၊ တော်လိုက်လေ မလာဆုနှင့်၊ မာဆုကို ( ပန်ပန္နက်) ပါငဲ့၊ မာန်တက်ခါဝန်တိုလို့၊ ရန်ဘက်လို အမျက်ညိုမကင်းသော်ကြောင့်၊ ပဉ္ဇင်းခံရှင်ပြုပေါရက်ကနှင့်၊ အလှူခံအတူမနှောကြဘု၊ ဆူလောညာဏ် သည်အရှုပ်တွင်တွေတို့၊ ထေရ်ပုဂ္ဂိုလ်ဘယ်သူရှင်းနိုင်ပ၊ ရွှေယင်းမာရပ်ဒေသတွင်မှ၊ အင်ကြင်းပင်ပြင်းပင်နှစ်ခွကဲ့သို့၊ ရင်ကလို ညှိနှိုင်းနိုင်ဘု၊ အဝေးမှာ ဧရာကဆိုင်းပါတော့၊ ဒွေးနှစ်ဖြာ၊ ကျေးရွာတပိုင်းစီပ၊ ဂိုဏ်းကနှစ်ကွဲ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ငွေဆဒ္ဒန်ပြောင်မာစု = တောင်ဘက်အရပ်။

၂။ မဟေသီ = ဘုရား။

၃။ တေဇမဟန္တာ = တန်ခိုးကြီးမားလျက်ရှိသည်။

၄။ သီဟဠာ = သီဟိုဠ်ကျွန်း။

၅။ ပန်ပန္နက် = ပန်ကြားသမှု ပြုပါသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။