မနှင်းဆီနတ်

ဝီကီပီးဒီးယား မှ

မနှင်းဆီနတ်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မနှင်းဆီနတ် ပေါက်ပေါက်ခဲ့သည့် ခုနှစ်သက္ကရာဇ်ကိုမူ မသိရှိရပေ။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ “ဟလင်းကြီး” အရပ်ကို “ဟံသာနဂရ” ပြည်ဟု သမုတ်ကာ ပြူမင်း၊ ပြုံးမင်း ညီနောင်သည် အုပ်ချုပ်လျှက် ရှိသည်။ ထိုအချိန်တွင် သဟမင်ဂျီရွာတွင် သူကြွယ်တစ်ဦး၌ ရုပ်အဆင်းလက္ခဏာနှင့် ပြည့်စုံသည့် သမီးတစ်ဦး ရှိသည်။ အချို့က ထိုအမျိုးသမီးလေးအား မယ်ဘဏ္ဍဟု ခေါ်ကြသည်။

မနှင်းဆီခေါ် မယ်ဘဏ္ဍသည် အဖော်များဖြင့် ဝါကောက်ထွက်လေ့ရှိ၏။ ထို့‌နောက်တွင် ဝါခင်းရှင်တစ်ဦး၏ သားဖြစ်သူ ဖိုးအောင်ကျော်နှင့် မေတ္တာမျှလျက် ရှိကြသည်။ ထိုအချိန်တွင် မနှင်းဆီအား ရွာအုပ်ရွာစားကြီး၏ သားဖြစ်သူ မောင်နှံသည် မနှင်းဆီသည် မိမိအား ပြန်လည်မချစ်သည်မှာ ဖိုးအောင်ကျော်ကြောင့် ဖြစ်သည်ဟု အငြိုးထားလေသည်။ ထို့နောက်တွင် ပြူမင်းပြုံးမင်းအား ဖိုးအောင်ကျော်သည် တိုင်းပြည်ကို ပုန်ကန်ရန် ကြံနေကြောင်း ပြောသည့်အခါတွင် ဖိုးအောင်ကျော်ကို စစ်မေးရန် မင်းမိန့်ဖြင့် စေတမန်များ လွှတ်လိုက်လေည်။

ထိုအချိန်တွင် မိုးသည် မထင်မှတ်ပါဘဲ သည်းထန်စွာ ရွာသွန်းလေသည်။ ထိုအခါ ဝါကောက်နေသော မနှင်းဆီတို့သည် ရွာသို့ ရောက်အောင် မပြန်နိုင်တော့ဘဲ ဖိုးအောင်ကျော်၏ တဲသို့ ဝင်ရောက်ကာ တစ်ညလုံး မိုးခိုကြလေသည်။

နောက်တစ်နေ့ ရောက်သည့်အခါတွင် မောင်သက်နှံ ခေါင်းဆောင်သည့် မင်းစေတမန်တို့သည် ဖိုးအောင်ကျော်၏ တဲကို ဝိုင်းထားလေသည်။ ထိုအချိန်တွင် မနှင်းဆီနှင့် အဖော်တို့၏ မိဘဆွေမျိုးတို့သည် ငြာသံပေးလျက် တောနင်းကာ သားသမီးတို့ကို ရှာဖွေလျက် ရှိကြသည်။ ထို့အတွက်ကြောင့် အမှန်ပင် သူပုန်ထမည်ဟု ယူဆကြကာ ဖိုးအောင်ကျော်ကို ရိုက်နှက် ဖမ်းဆီးကြသည်။

ထိုအခါ ဖိုးအောင်ကျော်သည် ကြောက်လန့်၍ ထွက်‌ပြေးရာတောင်ကမ်းပါးစောင်းမှ လိမ့်ကျပြီး သေဆုံ:ခဲ့လေသည်။ ထိုအခါ မနှင်းဆီသည် မိမိမိုးဝင်ခိုမိသဖြင့် ချစ်သူ သေဆုံးခဲ့သည်ဟု ဝမ်းနည်းပက်လက်ဖြစ်ပြီး နှလုံးကွဲကာ သေဆုံးခဲ့ပြီး နတ်ဖြစ်သွားခဲ့သည်။[၁]

ကိုးကွယ်ယုံကြည်ကြခြင်း[ပြင်ဆင်ရန်]

ချင်းတွင်းနယ်တွင် မိုးခေါင်သည့်အခါတွင် လွန်ဆွဲခြင်း မပြုဘဲ မနှင်းဆီနတ်ကို နတ်ကန္နားမေးကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၉၇၊ ၁၉၈၊ ၁၉၉။