မဒီးရကျွန်းများ

ဝီကီပီးဒီးယား မှ

မဒီးရကျွန်းများ[ပြင်ဆင်ရန်]

မဒီးရကျွန်းများသည် အတ္တလန္တိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းတွင် တည်ရှိသော ကျွန်းစုဖြစ်၍ ပေါ်တူဂယ် နိုင်ငံပိုင်ဖြစ်၏။ အာဖရိကတိုက် အနောက်မြောက်ပိုင်းတွင် တည်ရှိသော မိုရော့ကိုနှင့် မျက်နာချင်းဆိုင်ဖြစ်လျက် မိုင်ပေါင်း ၃၆ဝ မျှကွာလှမ်း၏ ပေါ်တူဂယ်၏ မြို့တော် လစ္စဗွန်းမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိလျက် ၅၃၅ မိုင်ခန့်ကွာဝေးသည်။ ထို့ပြင် ကနေရီကျွန်းစု၏ မြောက်ဘက်တွင် လည်းကောင်း၊ အဇိုးကျွန်းစု၏ အနောက်တောင်ဘက်တွင် လည်းကောင်း တည်ရှိ၏။

မဒီးရကျွန်းစုတွင် မဒီးရကျွန်း၊ ပေါ်တိုဆန်း တိုးကျွန်းနှင့် လူနေအိမ်ခြေ မရှိသော မခြားကျွန်းကလေး ၂ ခုပါဝင်၏။ မဒီးရကျွန်းသည် အကြီးဆုံးကျွန်းဖြစ်ကာ အရေးပါ အရာရောက်ဆုံးဖြစ်၏။ မဒီးရကျွန်းများ၏ မြို့တော်သည် ဖွန်ရှားမြို့ဖြစ်လျက် မဒီးရကျွန်း၏ အရှေ့တောင်ဘက်ကမ်းရိုးတွင် တည်ရှိသည်။ ကျွန်းများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ၃၁၅ စတုရန်းမိုင်ဖြစ်၏။ မဒီးရကျွန်းသည် အလျား ၃၅ မိုင်၊ အနံ ၁၃ မိုင်ခန့်ရှိ၏။ ရှေးအခါက မီးတောင်ဖြစ်ခဲ့သောတောင်တန်း တစ်ခုသည် ကျွန်းကိုဖြတ်သန်းတည်ရှိ၏။ အမြင့်ဆုံးတောင်ထွတ်ဖြစ်သော ပီကူးရူဝီဗူးသည် ပင်လယ်ပြင်ထက် ၆ဝ၅၆ ပေမြင့်၏။ ရာသီဥတုသည် သမမျှတ၍ တစ်သမတ်တည်းရှိသောကြောင့် နာလှန်ထများ သွားရောက်အနားယူရာ ဒေသဖြစ်လေသည်။

မဒီးရကျွန်းများ၏ အဓိက ထွက်ကုန်များမှာ စွန်ပလွံသီးငှက်ပျောသီးပြောင်းဖူး၊ 0x100သဇာသီး၊ တည်သီးသလဲသီးသကြားကာဖီသပျစ်သီးကြံကန်စွန်းဥကြက်သွန်၊ ကောက်သီးကောက်နှံ အချို့နှင့် သစ်သီးများ ဖြစ်၏။ နွားများကို နွားနို့အလို့ငှာ မွေးမြူကြ၏။ အဓိကလုပ်ငန်းများကား ဇာထိုးပန်းထိုးလုပ်ငန်း၊ ဝိုင်အရက်လုပ်ငန်း၊ သကြားလုပ်ငန်း၊ ကြိမ်ထည် ပရိဘောဂများ၊ ခြင်းနှင့် တောင်းများ လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြစ်၏။ ထုတ်ကုန်များမှာ နာမည်ကျော် မဒီးရဝိုင်အရက်၊ ပန်းထိုးထည်များ၊ ကြိမ်ထည်များ၊ ငှက်ပျေား၊ နာနတ်သီး၊ နွားနို့ထွက် ပစ္စည်းများနှင့် ငါးများပင်တည်း။

မဒီးရကျွန်း၏ မြို့တော် ဖွန်ရှားမြို့သည် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ရပ်နားရာ ဆိပ်ကမ်းကောင်း ဖြစ်သောကြောင့် အရောင်းအဝယ် ဖွံ့ဖြိုး၏။

မဒီးရ ကျွန်းများအကြောင်းကို ရှေးရောမလူမျိုးတို့လက်ထက်ကတည်းက သိရှိခဲ့၏။ ခရစ် ၁၄၁၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး နွမ်းဂွန်းဆာလဗက်ရှဇာကူး ဆိုသူက ပြန်လည်တွေ့ရှိခဲ့၍ အနှစ် ၃ဝ ကြာသောအခါ ထိုကျွန်းများတွင် နယ်သစ်စတင်စိုက်ခဲ့၏။ မဒီးရဟူသည်မှာ ပေါ်တူဂီဘာသာ အားဖြင့် သစ် ဟု အဓိပ္ပာယ် ရ၏။ ယင်းကျွန်းတွင် သစ်တောထူခြင်းကို အစွဲပြု၍ ထိုသို့မှည့်ခေါ်ခြင်းဖြစ်၏။

ခရစ် ၁၅၈၆ ခုနှစ်မှ ၁၆၄ဝ ပြည့်နှစ်အထိ အမိနိုင်ငံဖြစ်သော ပေါ်တူဂယ်ရော မဒီးရကျွန်းများပါ စပိန်လူမျိုးတို့လက်အောက်သို့ သက်ရောက်ခဲ့ရ၏။ ခရစ် ၁၈ဝ၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈ဝ၇-၁၈၁၄ ခုနှစ်တွင် တစ်ကြိမ် ပေါင်း ၂ ကြိမ်မျှ ဗြိတိသျှ လက်တွင်းသို့သက်ဆင်းခဲ့ရသေးသည်။ ဗြိတိသျှတို့သည်ဝိုင်အရက် လုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့လေသည်။

မဒီးရကျွန်းစုတွင် မဒီးရကျွန်းနှင့် ပေါ်တိုဆန်းတိုးကျွန်းတို့တွင်သာ လူနေအိမ်ခြေရှိသည်။ လူအားလုံး လိုလိုပင် မဒီးရကျွန်းတွင် နေထိုင်ကြသည်။ နေထိုင်သူတို့မှာ ပေါ်တူဂီကပြားများ၊ နီးဂရိုးများ၊ မူးဝါးအဆက် အနွယ်များ ဖြစ်ကြ၏။

လူဦးရေမှာ ၁၉၆ဝ ပြည့်နှစ်တွင် ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ၂၈၂၆၇၈ ယောက်ခန့်ဖြစ်၏။ မဒီးရကျွန်း တစ်ခုတည်းတွင်ရှိသော လူဦးရေမှာ ၂၇ဝဝဝဝ ကျော်ဖြစ်သည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)