မင်္ဂလာအောင်မောင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အထူးကျော်ကြားခဲ့သော ဇာတ်မင်းသားကြီး ဦးအောင်မောင်းသည် ဝဏ္ဏကျော်ထင်ဘွဲ့ရ သဘင်ပညာရှင်ကြီး တစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးအောင်မောင်းသည် မြန်မာသက္ကရာဇ် ၁၂၅၉ ခု တွင် အဖ ဦးနေဒွန်း အမိဒေါ်ေငွပွင့် တို့မှ ဖွားမြင်သည်။ နာမည်ရင်းမှာ ဦး​အောင်​သောင်း ဖြစ်သည်။ ဇာတိမှာ မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ် လဲလူရွာ ဖြစ်သည်။ မောင်အုန်းမောင် အသက်(၁၃)နှစ် အရွယ်တင် မင်းဘူးမြို့သို့ လာရောက်ကပြသော နာမည်ကြီး ဦးမာဒင်၏ ဇာတ်သဘင်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

သဘင်သည်ဘဝ[ပြင်ဆင်ရန်]

ဇာတ်အဖွဲ့ထဲ၌ ပထမတွင် ဆိုင်းနောက်ထ၊ ရှေ့တော်ပြေး၊ ဝန်ကြီး အစရှိသည်ဖြင့် ပါဝင်ဆောင်ရွက်ရသည်။ မကြာမီ လူရွှင်တော်အဖြစ် အသုံးတော်ခံခဲ့ရာ ဇာတ်ဆရာကြီး ဦးမာဒင်ကြီးက သူ့အား အောင်မောင်းဟူသော အမည်ကို ပေးသည်။ ထိုအချိန်မှစ၍ လူရွှင်တော်အောင်မောင်းဟူ၍ ထင်းရှားလာ၏။

ဇာတ်မင်းသား စိန်ကျော်လေး မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်သွားသဖြင့် ယင်း၏နေရာတွင် ဒုတိယမင်းသားအဖြစ် လူရွှင်တောင်အောင်မောင်းအား ပွဲထုတ်လျက် ကပြစေသည်။ မင်းသားအောင်မောင်းအမည်ဖြင့် ဦးမာဒင်ဇာတ်အဖွဲ့တွင် နှစ်နှစ်ခန့် ကပြပြီးသောအခါ မင်္ဂလာအောင်မောင်းဟူသော အမည်ခံယူကာ ကိုယ်ပိုင်ဇာတ်အဖွဲ့ တည်ထောင်ပြီး သီးခြားခွဲထွက်ကာ ကပြလေသည်။ မင်္ဂလာအောင်မောင်း၏ ဇာတ်အဖွဲ့ကြီး ဖြစ်လာပေသည်။

နှစ်ပါးသွား ကပြသောအခါတွင် ခြေထိုး၍ ကပြသော အကကို ကပြလေသည်။ ရေခဲပြင်တွင် စကိတ်စီးသကဲ့သို့ ခြေထိုး၍ ကသွားလေသည်။ ထိုအခါမှစ၍ ထိုအကကို "အောင်မောင်းခြေထိုး"ဟူ၍ ခေါ်တွင်ခဲ့လေသည်။

မျိုးချစ်စိတ်ထက်သန်ပုံ[ပြင်ဆင်ရန်]

ဦးအောင်မောင်းသည် တို့ဗမာအစည်းအရုံးမှ သခင်များအား ငွေကြေးအထောက်အပံ့ကို ပွင့်ပွင့်လင်းလင်း ပေးခဲ့သူဖြစ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်းက ဦးအောင်မောင်းသည် ကြို့ပင်ကောက်မြို့တွင် ဇာတ်ကပြနေခိုက် ရေနံမြေအလုပ်သမားကြီးများ သပိတ်မှောက်၍ ရန်ကုန်မြို့သို့ ချီတက်လာနေစဉ် မြို့ဦးမှထွက်၍ မင်္ဂလာစည်တော်ကြီးဖြင့် ကပြ၍ သီဆိုဂုဏ်ပြုခဲ့လေသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မျိုးချစ်ဇာတ်မင်းသားကြီး မင်္ဂလာ ဦးအောင်မောင်းသည် အင်္ဂပူမြို့၊ ရွှေဆံတော်ဘုရားပွဲတွင် ဇာတ်ကပြနေစဉ် ကာလ မြန်မာသက္ကရာဇ် ၁၃၃၄ခု၊ ပြာသိုလဆုတ် (၂) ရက်နေ့(ခရစ်နှစ် ၁၉၇၃ ခု၊ ဇန်နဝါရီလ ၂၀ ရက်) စနေနေ့၊ အသက် (၇၆) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင် - အောင်မြင်ထင်ရှား မြန်မာအနုပညာရှင်များ