မာတိကာသို့ ခုန်သွားရန်

မင်းပြားမြို့သိမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
မင်းပြားမြို့သိမ်းတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၁၀ ဇန်နဝါရီ – ၂၆ ဖေဖော်ဝါရီ ၂၀၂၄
နေရာမင်းပြားမြို့နှင့် မင်းပြားမြို့နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ပြည်နယ်
အခြေအနေ AA အောင်ပွဲ
နယ်နမိတ်
ပြောင်းလဲမှုများ
အာရက္ခတပ်တော် က မင်းပြားအခြေစိုက် ခမရ တပ်ရင်းသုံးခုလုံးနှင့် မြို့တစ်ခုလုံးကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။
စစ်ရင်ဆိုင်သူများ

မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

  • အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံတပ်များ
    • ခမရ (၃၇၉)
    • ခမရ (၃၈၀)
    • ခမရ (၅၄၁)
  • ရေတပ် နှင့် လေတပ်
အာရက္ခတပ်တော်
စစ်အင်အား
မသိရ မသိရ
အသေအပျောက်
  • ဗျူဟာမှူးတစ်ဦး အပါအဝင် စစ်သား ၄၀ ခန့် ဖမ်းဆီးခံရ
  • စစ်သင်္ဘော/ဇက်ရေယာဉ် တစ်စီး နစ်မြုပ်၊ တစ်စီး ပျက်စီးကျန်ရစ်
  • စစ်သားအများအပြား သေဆုံး
မသိရ
သမိုင်းကြောင်း: သိမ်းပိုက်ခံရသည့် ခမရ (၃၇၉) တပ်ရင်းသည် ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) စိုးဝင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော တပ်ရင်း ဖြစ်သည်။

မင်းပြားမြို့သိမ်းတိုက်ပွဲ သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃-လက်ရှိ) အတွင်း ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့အခြေစိုက် တပ်မတော် ၏ ခြေမြန်တပ်ရင်းစခန်းအားလုံးကို အာရက္ခတပ်တော် က ဝိုင်းရံပိတ်ဆို့၍ အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ တိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မင်းပြားမြို့အခြေစိုက် တပ်ရင်းအားလုံး ပြိုလဲသွားကာ မြို့နယ် တစ်ခုလုံးကို AA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၁][၂][၃]

နောက်ခံဖြစ်စဉ်နှင့် ပထဝီဝင်

[ပြင်ဆင်ရန်]

မင်းပြားမြို့သည် အရှေ့ဘက်တွင် ရာမောင်မြစ် နှင့် အနောက်ဘက်တွင် လေးမြို့မြစ် တို့ ဝန်းရံလျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့၊ အနောက်တောင်ဘက်တွင် ပေါက်တောမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော စစ်ရေးအရ အရေးပါသည့် မြို့တစ်မြို့ ဖြစ်သည်။အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏ ၂၀၁၉ ခုနှစ်အထိ စာရင်းများအရ မင်းပြားမြို့ပေါ်တွင် အိမ်ခြေ ၄,၇၀၀ ကျော်နှင့် လူဦးရေ ၂၃,၀၀၀ ကျော်ရှိကာ ကျေးလက်ဒေသတွင် နေထိုင်သူ ၂ သိန်းဝန်းကျင် ရှိသည်။ တပ်မတော် သည် မင်းပြားမြို့နှင့် နှစ်မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) သုံးခုဖြစ်သည့် ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့ကို အခိုင်အမာ အခြေစိုက်ချထားခဲ့သည်။[၄]

တိုက်ပွဲဖြစ်စဉ်နှင့် တပ်ရင်းများပြိုလဲခြင်း

[ပြင်ဆင်ရန်]

အာရက္ခတပ်တော် (AA) သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ မင်းပြားမြို့အခြေစိုက် တပ်ရင်းများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။တပ်မတော် ဘက်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းကာ အတွဲလိုက်ဒုံးကျည်များဖြင့်ပါ ပစ်ခတ်၍ အသည်းအသန် ခုခံခဲ့သည်။ ထို့ပြင် အခြားမြို့များမှနေ၍ ကုန်းကြောင်းနှင့် ရေကြောင်းများမှ စစ်ကူများ ထပ်မံပို့လွှတ်ခဲ့သော်လည်း AA တပ်ဖွဲ့များက လမ်းကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကူများ မင်းပြားမြို့ပေါ်သို့ ရောက်ရှိလာနိုင်ခြင်း မရှိခဲ့ပေ။[၅]

တိုက်ပွဲအရှိန် မြင့်တက်လာပြီးနောက် ဇန်နဝါရီလမကုန်မီတွင် ခမရ (၃၈၀) တပ်ရင်းစခန်းကို AA က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ကျန်ရှိနေသည့် ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တပ်ရင်းတို့ကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ အသိမ်းခံလိုက်ရသည့် ခမရ (၃၇၉) တပ်ရင်းသည် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တပ်ရင်းမှူးအဖြစ် ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့ဖူးသော မှတ်တမ်းဝင် တပ်ရင်း ဖြစ်သည်။ထိုတပ်ရင်းအပါအဝင် တပ်ရင်းသုံးခုလုံး ပြိုလဲသွားပြီးနောက် မင်းပြားမြို့သည် အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။[၆]

ကျားရဲပြင် မြစ်ကြောင်းတိုက်ပွဲနှင့် ဗျူဟာမှူး ဖမ်းဆီးခံရမှု

[ပြင်ဆင်ရန်]

မင်းပြားမြို့ကို အလုံးစုံ သိမ်းပိုက်ပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မင်းပြားမြို့မှ ရေမိုင် ၅ မိုင်ခန့်အကွာ ကျားရဲပြင်ရွာအနီး မြစ်ကြောင်းအတွင်း၌ ပိတ်မိနေသော စစ်ကောင်စီ ရေတပ်ယာဉ် နှစ်စီးနှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အဆိုပါ ရေယာဉ်နှစ်စီးအနက် စစ်သင်္ဘောတစ်စီးကို မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအနီးတွင် AA က ထပ်မံပစ်ခတ် တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ပြီး ကျန်တစ်စီးမှာလည်း မောင်းနှင်၍မရတော့ဘဲ မြစ်ကြောင်းအတွင်း ပျက်စီးကျန်ရစ်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ဇက်ရေယာဉ်နှစ်စီးဖြင့် စစ်ကူလာရောက်ရန် ကြိုးပမ်းခဲ့သော်လည်း AA ၏ တားဆီးမှုကြောင့် စစ်ကူမပေးနိုင်ဘဲ ညပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။[၇]

တိုက်ပွဲအပြီးတွင် ကျားရဲပြင်ကျေးရွာ စာသင်ကျောင်းအတွင်း ဝင်ရောက်ပုန်းခိုနေသည့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးတစ်ဦးနှင့် စစ်သား ၄၀ ခန့်ကို အာရက္ခတပ်တော်က အရှင်ဖမ်းဆီးရမိခဲ့သည်။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီရေယာဉ်အား နှစ်မြှုပ်နိုင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။[၈]

စစ်သုံ့ပန်းများနှင့် မိသားစုဝင်များအား ပြန်လည်လွှတ်ပေးခြင်း

[ပြင်ဆင်ရန်]

မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ စစ်သုံ့ပန်းများနှင့် သုံ့ပန်းမိသားစုဝင်များကို အဆင့်ဆင့် ပြန်လည်လွှတ်ပေးခဲ့သည်။အာရက္ခတပ်တော်သည် ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် မင်းပြားမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းမိသားစုဝင် ၁၇၀ ဦးကို ပထမဆုံးအကြိမ် ပြန်လည်လွှတ်ပေးခဲ့သည်။ ဒုတိယအကြိမ်အဖြစ် မေလ ၁၆ ရက်နေ့တွင် အမျိုးသမီး ၉၅ ဦးနှင့် ကလေးသူငယ် ၁၃၀ ဦး အပါအဝင် စစ်သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၂၂၅ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။[၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ AA၊ ULA / (2024-11-13)။ အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက် (in en)။ 1 June 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
  2. ↑ မင်းပြားရှိ ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်းများနှင့် မောင်တောရှိ တောင်ပြို(လက်ဝဲ) စခန်းတို့ကို AA အပြီးသတ်သိမ်းပိုက် (in en)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  3. ↑ LuduNwayOo (2024-02-06)။ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်​ကြောင်း AA တာဝန်ရှိသူ အတည်ပြု (in my-MM)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  4. ↑ မိုးဦး (2024-01-17)။ မင်းပြားတွင် တိုက်ပွဲပြင်းထန်၊ အတွဲလိုက်ဒုံးများ လေယာဉ်များဖြင့် စစ်ကောင်စီခုခံနေ (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  5. ↑ Burmese၊ R. F. A. (2024-02-12)။ AA သိမ်းထားတဲ့ မင်းပြားမှာ တိုက်ပွဲပြင်းထန်နေ (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  6. ↑ မင်းပြားမြို့ ခမ၇ (၃၈၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက် (in my)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  7. ↑ ရောင်နီ၊ မိုးဦး (2024-02-13)။ မင်းပြားတွင် AA က စစ်သင်္ဘောတစ်စီးကို ထပ်နှစ်မြှုပ်၊ စစ်သား ၄၀ ခန့် ဖမ်းမိ (in en-US)။ 2026-06-01 တွင် ပြန်စစ်ပြီး။
  8. ↑ Agency၊ Yangon Khit Thit News (2024-01-29)။ မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀ တပ်ရင်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ၊ ရမ်းမြဲမြို့ကို စစ်တပ်က ဓာတုအဆိပ်ငွေ့များ လေယာဉ်ဖြင့် ကျဲချတိုက်ခိုက် (in en-US)။ 12 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။
  9. ↑ Agency၊ Yangon Khit Thit News (2025-05-17)။ မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA က ပြန်လွှတ်ပေး (in en-US)။ 17 February 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-06-01 တွင် ပြန်စစ်ပြီး။