မင်းတုန်းမင်းလက်ထက် သတင်းစာဥပဒေ

ဝီကီပီးဒီးယား မှ

မင်းတုန်းမင်းလက်ထက် ရတနာပုံ နေပြည်တော် သတင်းစာထုတ်ဝေရေးအတွက် ကင်းဝန်မင်းကြီး ဦးဆောင်ကြိုးပမ်းရာတွင် ရှေးဦးစွာ သတင်းစာတိုက် တည်ထောင်ရန် ဥပဒေကို ရေးဆွဲပြီး မင်းတုန်းမင်းကြီးထံ တင်ပြကြသည်။ မင်းတုန်းမင်းကြီးက ထိုဥပဒေကို ၁၂၃၅ ခု ဝါခေါင် လပြည့်ကျော် ၇ ရက်နေ့တွင် အတည်ပြုပေးသည်။

မင်းတုန်းမင်း လက်ထက် ရတနာပုံ နေပြည်တော် သတင်းစာ

အဆိုပါ ဥပဒေကို ကြည့်ခြင်းအားဖြင့် သတင်းစာ၏ ရည်ရွယ်ချက် မည်မျှ ခေတ်မီသည်ကို သိနိုင်သည်။ သတင်းစာတိုက် တည်ထောင်ရန် ဥပဒေကို မည်သူတွေ ပါဝင်ရေးဆွဲကြသည်ကိုလည်း သိရသည်။ ဥပဒေမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ၁-အချက်။ ။ မန္တလေး ရတနာပုံ ရွှေမြို့တော်ကြီးက။ ရိုက်ထုတ်သည့် သတင်းစာ ဟူသော ခေါင်းတံဆိပ်နှင့်။ အပြည်ပြည်ထောင် သိုးဆောင်း နိုင်ငံများသို့။ ဖြန့်ဖြူး ပေးကမ်းရလျှင်။ ရောင်းရေး ဝယ်မှု။ ပညာ။ အကြံအစည်။ မြန်မာနိုင်ငံတော်မှာ။ အရာခပ်သိမ်း တိုးတက်ရန် ရှိကြောင်း။ ကျော်စော ပြန့်နှံ့၍။ နိုင်ငံခြားအစိုးရများနှင့်။ ကုန်သည်။ အလုပ်သည်။ ပညာသည်တို့နှင့်။ အတိုင်းထက် အလွန်။ ဆက်ဆံ မှီခို။ အများလာရောက်။ ပွင့်လင်း စည်ပင်။ တိုးတက်ရန် အကျိုး။
  • ၂-အချက်။ ။ နိုင်ငံတော်သို့ မှီခိုလာရောက်သည့် ကုန်သည်တို့။ ရောင်းလိုသော ကုန်စည်။ ဝယ်လိုသော ကုန်စည်များကို။ ကြော်ငြာ စာ ထည့်ရိုက်။ အများကြားသိရ၍။ နိုင်ငံခြား ကုန်သည်များနှင့်။ နိုင်ငံတော်ရှိ ကုန်သည်တို့။ အရောင်းအဝယ် ကြီးကျယ်။ အင်အား တိုးတက်ရန် အကျိုး။
  • ၃-အချက်။ ။ ဥရောပတိုက်။ အိန္ဒိယနိုင်ငံ။ တရုတ်နိုင်ငံ။ ယိုးဒယားနိုင်ငံ စသည်များက။ အရပ်ရပ် အကြောင်းအရာကို။ ကြားသိရ သဖြင့်။ နိုင်ငံတော်သားတို့။ အလုပ်အကိုင်။ အကူးအသန်း။ အကြံအစည် တိုးတက်ရန် အကျိုး။
  • ၄-အချက်။ ။ ဥရောပတိုက်။ အိန္ဒိယနိုင်ငံ။ ရန်ကုန် စသည်များက။ မြန်မာနိုင်ငံတော်ကို ထိခိုက်၍ မကောင်းသတင်း ရိုက်ထုတ်ခဲ့လျှင်။ ရွှေမြို့တော် သတင်းစာတိုက်က။ ပြန်လှန်ချေဆို။ နိုင်ငံတကာ ကြားသိကျေလည်။ ယုံကြည်ရန်အကျိုး။
  • ၅-အချက်။ ။ ဘုန်းတော်ဂုဏ်တော်။ နိုင်ငံတော်ကျက်သရေကို။ နိုင်ငံတကာ မပြတ်ကြားသိ ကြေညာအောင်။ အလိုရှိသမျှ ထည့်ရိုက် ကြော်ငြာ၍။ ဘုန်းတော်ဂုဏ်တော်။ ကျက်သရေတော်။ အတိုင်းထက်အလွန် ကျော်စောပျံ့နှံ့ရန် အကျိုး။
  • ၆-အချက်။ ။ ပြည်သူတို့အကြံအစည်။ အဆိုးအကာင်း။ အကြောင်းအရာများကို။ အစိုးရလူကြီးတို့။ မပြတ်ကြားသိ။ ထိုင်းထွာဆင်ခြင် ပြုပြင်ရ၍။ နိုင်ငံတော်အခြေခိုင်ပြီး။ ကြီးကျယ်တိုးတက်ရန် အကျိုး။
  • ၇-အချက်။ ။ သိုးဆောင်းနိုင်ငံများနှင့်။ ဆက်ဆံဥပဒေပါ။ အစိုးရအကြောင်း ကုမ္ပဏီအသင်းတို့ အကြောင်း။ ကြော်ငြာရန်ရှိသည် များကို။ ၎င်းသတင်းစာတွင်။ ထည့်ရိုက်ကြော်ငြာစေ၍။ နိုင်ငံခြားလူတို့။ နှစ်သက်ကြည်လင်။ အရောင်းအဝယ်။ ကြီးကျယ်စည်ကား။ တိုးတက်ရန် အကျိုး။
  • ၈-အချက်။ ။ ပြည်သူတို့တွင်။ မတော်ပြုကျင့်သူ ရှိခဲ့လျှင်။ ၎င်းသတင်းစာက။ ကဲ့ရဲ့ကြော်ငြာ၍။ ပြုမိသူနှင့်တကွ။ လူအများ ရှက် ကြောက်ရွံရှာကြသဖြင့်။ အတိုင်းထက်အလွန်။ ကောင်းမွန်ကြရန် အကျိုး။
  • ၉-အချက်။ ။ အခြားနိုင်ငံက။ ပညာစာ။ နိုင်ငံတော်ရှိ လောကီလောကုတ္တရာ ပညာစာများကို။ ၎င်းသတင်းစာတိုက်က ပုံနှိပ်၍ အဖိုးအနည်းငယ်နှင့်။ ရောင်းချသဖြင့်။ နိုင်ငံတော်သားတို့။ ပညာပြန့်ပြော တိုးတက်ရန် အကျိုး။
  • ၁၀-အချက်။ ။ ဝိနည်းပိဋကတ်တော် စသည်များကို။ မင်္ဂလာ ကုန်မှူးကုန်သည်ကြီးတို့က ဖြစ်စေ။ သတင်းစာတိုက် ဆရာကဖြစ် စေ။ ပုံရိုက်ရောင်းချ၍။ ပိဋကတ်တော် အထောင်အသောင်း ပွားများခြင်း။ ပုဒ်ပါဌ် အက္ခရာဝဏ္ဏ၊ မှန်ကန်ညီညွတ်ခြင်း။ ငွေ ၁၀၀ တန်သည့်စာကို။ ၂၀ ၊ ၂၅ ကျပ်နှင့်။ မည်သည့်အခါမဆို အလိုရှိသမျှ ရနိုင်၍။ ပြည်သူတို့ အလွယ်တကူ။ ဝယ်ယူ လှူဒါန်းပူဇော်။ သာသနာတော်မြတ်အကျိုး တိုးတက်ရန်။
  • ၁၁-အချက်။ ။ ရွှေမြို့တော်မှာ။ သတင်းစာတိုက်တော် တည်လုပ်မိလျှင်။ ၎င်းသတင်းစာတိုက်ကို အကြောင်းပြု၍။ ပြည်သူတို့။ ပစ္စည်း ဘဏ္ဍာ။ စာချုပ်အမှတ်အသား။ ထာ၀ရအရှည်။ တည်ကြည်ငြိမ်သက် သင့်သည့် အရာများကို စောင့်ရှောက်ရန်။ ခိုင်ခန့်မြဲမြံ စေ သော။ အစိုးရသက်သေခံ ဥပဒေတည်လုပ်ရလျှင်။ ရွှေငွေစိန်ကျောက်။ အဝတ်အထည်စသော။ တဒင်္ဂရောင်းဝယ်မှု။ ရွှေ့ပြောင်းနိုင် သည့် သာမည ပစ္စည်းမှတပါး။ သင်္ဘော။ တိုက်အိမ်။ စက်ရုံ။ လယ်ယာဥယျာဉ်။ ခြံမြေ အမွေးစားအမွေးခံ အမွေလွှဲ။ အကြွေးအငန်း ရောင်းဝယ်မှု။ ငွေချေမှုစာချုပ်မှ စ၍။ မြဲမြံခိုင်ခန့်စေသည့်အရာ။ မရွှေ့မပြောင်းနိုင်သည့်အရာများကို။ အစိုးရသက်သေခံ ဥပဒေရှိရာ။ တိုင်ကြားစေ၍။ ဥပဒေရှင်တို့က။ အမှုအင်အားနှင့်ထောက်ချင့်။ သတင်းစာတွင်။ ရက်လပိုင်းခြား ထည့်ရိုက်ကြော်ငြာ ၍။ တံဆိပ်တော် ခတ်မှတ်။ မြဲမြံစေခြင်းဖြင့်။ ပြည်သူတို့မှာ။ လုဆိုငြင်းပွား။ တရားအရှုပ်အထွေး နည်းပါးခြင်း အကျိုး။ အစိုးရ သက်သေ ခံပါ သတင်းစာတံဆိပ်တော် အထင်အရှားနှင့်ဖြစ်၍။ ကောက်ကျစ်ဆန်းပြား။ လုယက်ထိမ်ချန်။ မပြုမလုပ်တည့်နိုင်။ ခိုင်ခန့်မြဲမြံခြင်းကြောင့်။ အချေးအငှား အရောင်းအဝယ်။ အကူးအသန်း။ တိုးတက် ကြီးကျယ်ရန် အကျိုး။ အရောင်းအဝယ် အကူး အသန်း ခိုင်ခန့် မြဲမြံစေသော။ အစိုးရသက်သေခံ။ ဥပဒေရုံတော်ထည်ထောင်။ သတင်းစာတိုက်တော်က။ ကြော်ငြာတံဆိပ်တော် ခတ်မှတ်ရ ကြောင်းကို။ နိုင်ငံအများ ကြားသိပျံ့နှံ့၍။ နိုင်ငံတော်မှာ။ တိုးတက်ကြောင်း ထင်ရှားသဖြင့်။ အပြည်ပြည်ထောင်က နှစ် သိမ့်ချီးမွမ်းရန် အကျိုး။ သက်သေခံ ဥပဒေရှင်တို့က။ သတင်းစာထည့်ရိုက် ကြော်ငြာတံဆိပ်တော် ခတ်မှတ်ရသမျှကို ကြော်ငြာမှတ်သားရ၍ ၁၀၀ လျှင် ၆ ကျပ် စသဖြင့် ခံယူလျှင်။ အခွန်တော်များစွာ။ နေ့စဉ်လဆက် မပျက်။ ကာလအရှည်။ ကြီးကျယ် တိုးတက် ရန် အကျိုးများကို ခံစားရန်။
  • ၁၂- အချက်။ ။ ရွှေမြို့တော်မှ သတင်းစာတိုက်တော် တည်လုပ်ရန်။ စက်ကိရိယာဖိုး အရင်းအနှီး ငွေတော် ၆၅၀၀ ကျပ် သတင်းစာ ဆရာ ငရှင်ကလေးကို။ ထုတ်ပေးမစတော်မူ၍။ တည်လုပ်စေမည်။
  • ၁၃- အချက်။ ။ သတင်းစာမှာ။ ၇ ရက်တပတ် အမှန်ထုတ်ဝေ၍။ အများဝယ်ယူကြည့်ရှုနိုင်အောင်။ သတင်းစာတစောင်ကို။ တလလျှင် ၁ ကျပ် ကျသာ ခံယူစေမည်။
  • ၁၄ – အချက်။ ။ သတင်းစာတိုက်မှာ လစဉ်စရိတ်နှင့် ကျေလောက်အောင်။ ပြည်သူတို့ မဝယ်မခြမ်းမီအတွင်း။ အဦးအစ တနှစ် တန်သည်။ နှစ်နှစ်တန်သည်။ အစိုးရများက မစ၍။ သတင်းစာ ၅၀၀ ယူကြစေမည်။
  • ၁၅- အချက်။ ။ တနှစ် နှစ်နှစ်ရှိ၍။ အများဝယ်ယူ။ အင်အားရှိသည်ကာလ။ အစိုးရများက။ မစဝယ်ယူသည့် သတင်းစာကိုလျှော့၍ အလိုရှိသမျှကိုသာ။ ယူကြစေမည်။
  • ၁၆- အချက်။ ။ အရင်းစိုက်ထုတ်။ မစတော်မူရသည့် ငွေတော် ၆၅၀၀ ကျပ်မှာ နှစ်နှစ်နှင့် ပြေလည်အောင်။ သတင်းစာဆရာ ငရှင်ကလေးက။ ဆက်သွင်းစေမည်။ မပြမလည်ရှိခဲ့လျှင်။ အလိုတော်ရှိရာ။ ပိဋကတ်စာများကို။ ပုံရိုက်စေ၍။ ပေတော်ရေ ၁၀ အင်္ဂါဝင်သည့် စာအုပ် ၅၀၀ က အထက်ကို။ တအုပ်လျှင် ၅ ကျပ် ကျ။ ၁၀၀၀ က အထက်ကို တအုပ်လျှင် ၃ ကျပ် ကျနှင့်။ ပုံရိုက် ဆက်သစေမည်။
  • ၁၇- အချက်။ ။ မစတော်မူရင်းငွေတော် မပြေမီအတွင်း။ အစိုးရနှင့် ဆိုင်သည့် ကြော်ငြာစာ။ လေလံစာများကို။ အဖိုးအခမယူ။ ရိုက် ထုတ်ကြော်ငြာစေမည်။ မဟာမိတ်ဖြစ်ပြီး ဖြစ်ဆဲ။ အဝေးနိုင်ငံများသို့။ ဖြန့်ဖြူးပေးကမ်းရန်။ ၇ ရက်တပတ်လျှင် စတင်းစာစောင်ရေ ၂၀၀ ဆရာ ငရှင်ကလေးက ဆက်သွင်းစေမည်။

(သက္ကရာဇ် ၁၂၃၅ ခု ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ ရှေ့ဆောင်တော်တွင်။ ခန်းပတ်မြို့စားမင်းကြီး။ ကနီအတွင်းဝန်မင်း။ အတွင်း ဝန်ဆောမြို့စားမင်း။ အတွင်းဝန်ယောမြို့စားမင်း။ ရွှေတိုက် အတွင်းဝန်မင်း။ ဝန်ထောက် ပုပ္ပား မြို့စားမင်း။ ဗန်းမော် ဝန်ထောက် မင်း။ ပုဂံ ဝန်ထောက်မင်း။ တို့စုံညီ။ သတင်းစာတိုက်တည်ရန်စကားကို။ ကင်းဝန်မင်းကြီးက အမိန့်တော်မြတ်ခံရာ။ ရွှေမြို့တော် အနောက်ပြင်တွင်။ တည်လုပ်ပြီးရှိသည့် တိုက်တော်များတွင်။ သင့်ရာတိုက်ကိုရွေးချယ်၍။ သတင်းစာတိုက်ပြုလုပ်စေ။ ဘုရားအမိန့်တော်မြတ်ကို။ ဦးထိပ်ထက် တင်ရွက်ရသည်ကို။ သံတော်ဆင့် မင်းလှစည်သူကျော် မှတ်ချက်။)

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သစ်လွင်(လူထု) ရေးသားသော “ရှေးဦးမြန်မာ သတင်းစာများ”စာအုပ်မှ