မကြီးခေါ်ဆိုအလှပျို

ဝီကီပီးဒီးယား မှ

မကြီးခေါ်ဆိုအလှပျို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မကြီးခေါ်ဆိုအလှပျို[ပြင်ဆင်ရန်]

တိုးတသက်တွင်မှ၊ မိုးတက်ခံမယ်ရွှေပွင့်တို့၊ ငွေနှင့်ရွှေ ဥစ္စာများသူမို့၊ ရုပ်ပွားတော်မာရဇိန်နှင့် ကလျာဏီသိမ် ပြည်ပခိုးတွင်မှ၊ တည်ပျိုးထောင် ဓမ္မစေတီကဲ့သို့၊ မဟေသီ လွှမ်းကာသတဲ့၊ ဂန္ဓတိုက်ကုဋီတော်။

တဆယ်ကျော်၊ အရွယ်ဆံတောက်ပေမို့၊ လက်ကောက်တွေရွှေပုတီးနှင့်၊ မကြီးသူချစ်မြေးငဲ့၊ ပစ္စေးရွှေငွေနှင့်၊ အထွေထွေလယ်ယာများငဲ့ပြင်၊ လှည်းနွားပါ၊ ချမ်မလှပ်ဘု၊ ဈေးနာကုန်ပေးကာအပ်သောကြောင့်၊ လေးရပ်ထိကျော်။

အမျိုးစုံပိုးလုံကွင်းနှင့်၊ ထုံနှင်းဆီအင်္ကျီပိတ်တွင်၊ ရွှေလိပ်ပြာ ချိတ်ကာကွပ်လို့၊ လက်ဝတ်ရွှေစိန်အလျှံနှင့်၊ စိန်နပန်စိန်ဆံထိုးငဲ့ပြင်၊ စိန်ကြိုးသွယ်စိန်လယ်ကပ်ကယ်နှင့်၊ စိန်ဆံပတ်တွင် စိန်တင်ဘီးမို့၊ စိန်မကြီးငယ်လို့၊ ခေါ်သူခေါ်၊ ပေါ်သူပေါ်မလာ့ မရှက်သီး။

ဘုရားပွဲတွင်မှ၊ နွားလှည်းစုံခြွေအရေနှင့်၊ အားခဲပေဘွားအေကြီးက၊ (သမီးပါ) မယ်ချစ်မြေးနှင့်၊ ရုပ်သေးကို ရှုလှာကြလို့၊ အချိုးကဗျာအဖိုးဆရာလှငဲ့ကို၊ လာဘလက်ဆောင်ထိုးပေလိမ့်၊ အဖိုးဖေစံ၏၊ အမွေခံစေတနံ မနုန့်သူမို့၊ သနားစရာ၊ အသားနသာမှုန့်လိုနှင့်၊ အများကညာ အပါးကလာရင်ငုံ့ကြရ၊ အားလုံးမကြီး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မာရဇိန် = မာရဇိန (ဝါ) မာရ်ငါးပါးကို အောင်သည့်ဘုရား။

၂။ ပြည်ပခိုး = ပဲခိုးမြို့။

၃။ မဟေသီ = မြတ်ဘုရား။

၄။ မရှက်သီး = မရှက်လျှင်။

၅။ စေတနံ = စေတနာတရား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။