မ, လှတာ အပြစ်လား

ဝီကီပီးဒီးယား မှ

မ, လှတာ အပြစ်လား ဝတ္ထုကို မြန်မာစာရေးဆရာ မောင်ဝဏ္ဏက ၁၉၈၂ ခုနှစ်တွင် ရေးသားသည်။ ခဲမှန်ဖူးသည့် ကိုဣန္ဒာနှင့် ဣန္ဒြေကို ထိန်းနေရသည့် နှင်းနှင်းလွင်တို့ အခြေအနေထူးခြားစေရန် ကိုဣန္ဒာနှင့် တစ်ချိန်က ပတ်သက်ဖူးသည့် နှင်းနှင်းလွင်၏ အစ်မဝမ်းကွဲ မြမြနွဲ့က ရင်နှင့်ရင်းကာ ကူညီလိုက်ကြောင်း ဖော်ပြထားသော အဆိုပါဝတ္ထုကို အဖြူရောင်စာပေမှ ဖြန့်ချိပြီး အချစ်ဝတ္ထုအမျိုးအစား ဖြစ်သည်။[၁]

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ကို ဣန္ဒာ (ခ) ဖိုးကြည်မှာ ရိုက်ကွင်အလုပ်သင်ဘဝနှင့် ကျင်လည်နေစဉ် ဘုရားကြီ:ရွာ ကားလမ်းဘေးတွင် အိမ်ဆိုင်ဖွင့်ထားသည့် ဒေါ်ကြည်သန်းအိမ်သို့ ရောက်သည်။ ဒေါ်ကြည်သန်းမှာ ထိုအချိန်က နာမည်ကြီးနေသည့် မင်းသမီး မြမြနွဲ့၏ အဒေါ်ဖြစ်သည်။ ဝင်ထွက်သွားလာရင်း ဒေါ်ကြည်သန်း၏သမီး မြင့်မြင့်မူနှင့် ကိုဣန္ဒာတို့ မျက်လုံးချင်းစကားပြောမိကြသည်။

ဒါရိုက်တာပေါက်စ ကိုဣန္ဒာရိုက်သည့်ဇာတ်ကားတစ်ခုတွင် ပါဝင်ရာမှ အိမ်ထောင်ကွဲနေသည့် မြမြနွဲ့၏ဘဝထဲသို့ ကိုဣန္ဒာရောက်လာသည်။ အနေတည်သောကိုဣန္ဒာကိုအားမရသည့် မြမြနွဲ့က အိမ်သို့ခေါ်ကာ ဝီစကီတိုက်၍ သွေးဆောင်သည်။ အိပ်ခန်းတွင်းရောက်၍ ထွေးလုံးပူးကပ်ဖြစ်ကြရာမှ "မင်း မမကို ချစ်တာမဟုတ်ပါဘူးကွာ ... လိုချင်နေတာပါ" ဟု မြမြနွဲ့က ဆိုလေမှ ကိုဣန္ဒာ သတိဝင်၍ ပြန်သွားသည်။ အချိန်အတန်ကြာ စဉ်းစားအပြီး၌ "ကျွန်တော် မမကို မချစ်နိုင်ပါဘူး" ဟူသောအဖြေကို ပေးနိုင်ခဲ့သည်။

မြမြနွဲ့ နာမည်ကျလာချိန်၌ မြင့်မြင့်မူမှာ နှင်းနှင်းလွင်ဟူသောအမည်ဖြင့် နာမည်ရနေသည်။ မင်းသမီးချင်း ဂုဏ်ပြိုင်ကြရင်း ကြီ:မာနနှင့် ငယ်ဂုဏ်တို့ ပွတ်တိုက်ပြီး အမျိုးချင်း မခေါ်နိုင်မပြောနိုင် ဖြစ်သွားကြသည်။ ထိုကာလတွင် ကိုဣန္ဒာမှာလည်း ဇာတ်လမ်းကောင်းများရိုက်ကူးသည့် ဒါရိုက်တာအဖြစ်လည်းကောင်း၊ နှင်းနှင်းလွင် မျက်နှာသာပေးသည့် ဒါရိုက်တာအဖြစ်လည်းကောင်း ကျော်ကြားလာသည်။

နောက်အိမ်ထောင်ပြုအပြီးတွင် ကားရိုက်ကျဲနေသည့် မြမြနွဲ့က ပန်းပွင့်ချစ်သူဟူသော ဝတ္ထုကို ကိုယ်တိုင်ငွေထုတ်၍ ဇာတ်ကားရိုက်ရန် ကိုဣန္ဒာအား တိုင်ပင်သည်။ ဇာတ်လမ်းထဲ၌ မင်းသမီ:နှစ်လက်ဖြစ်သဖြင့် နှင်းနှင်းလွင်ကို ပါဝင်စေချင်ကြောင်း ကိုဣန္ဒာကို ပြောသည်။ ဇာတ်ကွက်မှာ မြမြနွဲ့အတွက် ပိုပေါ်နေသည်။ ထို့ကြောင့် ကနဦးတွင် ငြင်းဆန်မိသော်လည်း "မမအတွက် ကျွန်တော် မြင့်မြင့်ဆီကို သွားပါ့မယ်" ဟူသော စကားဖြင့်သာ အဆုံးသတ်၍ နှင်းနှင်းလွင်အား စည်းရုံးရန် ထွက်လာသည်။ နှင်းနှင်းလွင်အိမ်သို့ ရောက်သော် သနားစိတ်ပေါ်လာကာ မရိုက်လိုက ငြင်းနိုင်ကြောင်း ပြောသည်။ နှင်းနှင်းလွင်က "မြင့်မြင့် အစ်ကို့အတွက် အဲဒီ့ကား ရိုက်ပေးပါ့မယ်" ဟု ပြောလာရာ အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ကိုဣန္ဒာ ခံစားမိသည်။ စွပ်စွဲငြင်းခုန်ကြရင်း နှစ်ဦ:သား ချစ်ကြိုက်ကြောင်း အပြန်အလှန်ပြောမိကြသည်။ ထိုအချိန်၌ ဖုန်းဝင်လာသည်။ "အစစ အဆင်ပြေမယ်လို့ မမ ထင်တယ်" ဟူ၍ ကိုဣန္ဒာအား မြမြနွဲ့က အဓိပ္ပာယ်ပါပါပြောသည်။ နှင်းနှင်းလွင်အိမ်၌ ဝီစကီရှိ၊ မရှိ မေးအပြီ:တွင် ဇာတ်ကားရိုက်မည့်အစီအစဉ်ဖျက်ကြောင်း အသိပေးလေသည်။

အဓိက ဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • ကို ဣန္ဒာ (ဒါရိုက်တာ)
  • မြမြနွဲ့ (နာမည်ကျစ မင်းသမီး)
  • နှင်းနှင်းလွင် (နာမည်ကြီး မင်းသမီး)

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ဝဏ္ဏ (၁၉၈၂၊ ဇူလိုင်) "မ, လှတာ အပြစ်လား"၊ အဖြူရောင်စာပေ၊ ရန်ကုန်။