ဘ​ဟန်၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘဟန်၊ ဒေါက်တာ (ခရစ် ၁၈၉ဝ-၁၉၆၉)[ပြင်ဆင်ရန်]

ဒေါက်တာဘဟန်ကို ရန်ကုန်မြို့ ၌ အဖ ဦးကျေး(ဦးမောင်⁠မောင်ကျေး)၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၈၉၀ ပြည့်နှစ် ဇန္နဝါရီလ (၃ဝ)ရက်နေ့တွင် ဖွားမြင်သည်။ ဒေါက်တာဘဟန်သည် ဒေါက်တာဘမော်၏ အစ်ကိုဖြစ်သည်။


၁၈၉၆-ခုနှစ်တွင် မအူပင် အစိုးရအထက်တန်းကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉ဝ⁠ဝပြည့်နှစ်မှ ၁၉၀၅ခုနှစ်အထိ စိန်ပေါ အထက်တန်းကျောင်း (ယခု အထက ၆ ဗိုလ်တထောင်)တွင် ဆက်လက် ပညာသင်သည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်၊ ၁၉၀၆ ခုနှစ်တွင် ကာလကတ္တားဒဖ်ကောလိပ်၊ ၁၉ဝရခုနှစ်တွင် ရန်ကုန်ကောလိပ်တို့၌ ပညာသင်ခဲ့ပြီး ၁၉၀၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(M.A)ရရှိသည်။ ၁၉၂၂-၂၄ တွင် အင်္ဂလန် ကင်းဗရစ်တက္ကသိုလ်၊ ၁၉၂၄ခုနှစ်တွင် ပြင်သစ်နိုင်ငံ ဘော်ဒိုး တက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖရိုင်ဘတ်တက္ကသိုလ်နှင့် လန်ဒန် လင်ကွန်းအင်း ဥပဒေကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဘော်ဒိုးတက္ကသိုလ်မှ စာပေပါရဂူဘွဲ့ (D.Litt)ရသည်။ ၁၉၂၅-ခုနှစ်တွင် လင်ကွန်းအင်း ဥပဒေသင်ကျောင်းမှ ဥပဒေဘွဲ့နှင့် ဂျာမနီနိုင်ငံ ဖရိုင်ဗက်တက္ကသိုလ် (Freiburg University)မှ ပါရဂူဘွဲ့(Ph.D)(Magna cum laude)တို့ကို ရရှိခဲ့သည်။ ၁၉၀၉-၁၂တွင် ရန်ကုန်တက္ကသိုလ် သိပ္ပံသရုပ်ပြဆရာ ၁၉၁၂-၁၈ တွင် လက်ထောက်စာတော်ပြန်၊ မြို့အုပ် (အငယ်တန်း နိုင်ငံတော်ဝန်ထမ်း)အဖြစ် ဆောင်ရွက်သည်။ ဒေါက်တာဘဟန်သည် ၁၉၁၂ မှ ၁၉၂၅ ထိ အစိုးရ အကြီးတန်း နိုင်ငံဝန်ထမ်းအဖြစ် လည်းကောင်း၊ ၁၉၂၆ မှ ၁၉၂၇ ထိ လက်ထောက် ဗဟိုတရားရုံးချုပ်ရေှ့နေအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။


ဒေါက်တာဘဟန်အား ၁၉၂၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေကထိကအဖြစ် ခန့်အပ်ခဲ့သည်။ထို့နောက် ၁၉၃၅ခုနှစ်တွင် ဥပဒေပါမောက္ခဖြစ်လာသည်။ ၁၉၄ရခုနှစ်တွင် ရန်ကုန်တက်ကသိုလ်မှ ဥပဒေ ပါရဂူဘွဲ့ (LL.D)(Honorus Causa)ချီးမြှင့်၌ ဥပဒေမဟာဌာနမှူးအဖြစ် ခန့်အပ်ခဲ့ပြန်သည်။ ဒေါက်တာဘဟန်သည် ၁၉၅ဝပြည့်နှစ်တွင် တက်ကသိုလ်မှ အငြိမ်းစားယူခဲ့ရာ အငြိမ်းစားယူသည့်နေ့မှာပင် တက်ကသိုလ်၌ စွမ်း⁠စွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။ ၁၉၅၀-၅ရတွင် ဂုဏ်ထူးဆောင် ဥပဒေပါမောက္ခ ပြင်ပစာစစ် ၁၉၅၇-၅ဂတွင် အစိုးရရှေ့နေချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅ဂတွင် အိမ်စောင့်အစိုးရလက်ထပ်တွင် အစိုးရရှေ့နေချုပ်အဖြစ်မှ နုတ်ထွက်၍ ရှေ့နေအဖြစ် ဆောင်ရွက်သည်။


ဒေါက်တာဘဟန်သည် ၁၉၀၉ခုနှစ်ကပင် 'ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓာန်'ကို တည်းဖြတ်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ပညာတံခွန်အသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၄ဂခုနှစ်တွင် 'တက်ကသိုလ်မြန်မာ့အဘိဓာန်'ပြုစုရေးနှင့် အဘိဓာန်အကြံပေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၁၉၆၁-၆၂ခုနှစ် တွင် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၌ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဒေါက်တာဘဟန်သည် ၁၉၅၇ မှ ၁၉၅၈ ခုနှစ်အထိ မြန်မာနိုင်ငံ ရှေ့နေချုပ်အဖြစ် ဆောင်ရွက်သည်။ သို့ကလို နိုင်ငံတော်အကျိုးကို စွမ်း⁠စွမ်းတမံဆောင်ရွက်ခဲ့ခြင်းကြောင့် ဒေါက်တာဘဟန်အား နိုင်ငံတော်အစိုးရက ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် မဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။


၁၉၅၂ ခုနှစ် ၁၉၆၆ ခုနှစ်အထိ (၁၅)နှစ်တိုင် အချိန်ယူကာ The University English-Burmese Dictionary (တက္ကသိုလ် အင်္ဂလိပ် မြန်မာ အဘိဓာန်) စာအုပ်ကြီးကို ပြုစုခဲ့သည်။ ဒေါက်တာဘဟန်သည် ရှင်ဥတ္တမကျော်တောလားကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ဆိုထုတ်ဝေခဲ့သည်။ ထို့ပြင် အင်္ဂလိပ် ဘာသာဖြင့် စာအုပ်၊ စာတမ်း၊ ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဒေါက်တာဘဟန်၏ ထင်ရှားသောအင်္ဂလိပ် စာအုပ်များမှာ William Blake; His Mysticism" "The Evolution of Blackean Philosopy" " A Legal History of Burma and India" " The Planned State".


ဒေါက်တာဘဟန်သည် ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် ဥပဒေရေးရာ ညီလာခံများသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ၁၉၅၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တက်ရောက်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အရှေ့ဖျားနိုင်ငံများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခဲ့သည်။


ဒေါက်တာဘဟန်သည် ဒေါ်သိန်းလွင်နှင့် လက်ထပ်ကာ သားသမီး (၄)ဦး ထွန်းကားခဲ့သည်။ သားသမီးများမှာ ဦးညွန့်ဟန်၊ ဒေါ်မြင့်⁠မြင့်ဟန်၊ ဦးဝင်းဟန်၊ ဒေါ်ကြည်⁠ကြည်ဟန်(ကွယ်လွန်)တို့ဖြစ်သည်။ ထို့နောက် ဇနီးဖြစ်သူ ဒေါ်သိန်းလွင် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရာ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးမဟာဌာနမှ ကထိကဖြစ်သူ ဒေါ်ခင်သိန်း (M.A)(Yale)နှင့် အိမ်ထောင်သစ်ထူခဲ့သည်။ သို့သော် ဇနီးဖြစ်သူ ဒေါ်ခင်သိန်းနှင့် သားသမီး မထွန်းကားခဲ့ချေ။ ဒေါက်တာဘဟန်သည် ၁၉၆၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် ရန်ကုန်မြို့ ၊ (၈)မိုင် ၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂)နေအိမ်၌ ကွယ်လွန်ခဲ့ရာ ဇနီး ဒေါ်ခင်သိန်းနှင့် ပထမအိမ်ထောင်မှ ရရှိသော သားသမီးသုံယောက် ၊ မြေး (၁၂)ယောက် နှင့် မြစ်နှစ် ယောက် တို့ ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]