ဘော်ဆိုင်းမြို့

ဝီကီပီးဒီးယား မှ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြေလတ်ဒေသ၌ရှိသော မြို့ကလေးတစ်မြို့ဖြစ်သည်။ ဟဲဟိုးမြို့၏ မြောက်ဘက် ၁၉ မိုင်ကွာ၊ ပင်းတယမြို့၏ အရှေ့ဘက် ၁၂ မိုင်ကွာ၊ ရပ်စောက် ( ဗထူးတပ် ) မြိုံ၏ တောင်ဘက် ၃၆ မိုင် ကွာတွင် တည်ရှိလျက် တောင်များဖြင့် ဝိုင်းရံပတ်ကာ စိမ်းစိုသာယာကြည်နူးဖွယ် ကောင်းသောမြို့လည်း ဖြစ်သည်။

အောင်ပန်းရပ်စောက်လမ်းနှင့် ရွှေညောင်-ရက်စောက်လမ်း အကြား၌ ရှိပြီးလျှင် ပင်လယ်ရေပြင်မှ အမြင့် ပေ ၄၃၈ဝ ကျော်တွင် မြို့တည်ထားသည်။ ကုန်းမြင့်တွင် တည်ထားသော မြို့ဖြစ်၍ နွေရာသီအခါ အပူချိန်ဖာရင် ဟိုက် ၈၆ ဒီဂရီခန့် ရှိ၍၊ ဆောင်းအခါ ၄၈ ဒီဂရီခန့်ရှိသဖြင့် ရာသီဥတုအပူအအေး မပြင်းထန်လှချေ။ မိုးရေချိန်မှာ အများဆုံး လက်မ ၅ဝ၊ အနည်းဆုံး လက်မ ၃ဝ ခန့်ရွာသွန်းသည်။

ဘော်ဆိုင်းမြို့သည် ဘော်ဆိုင်းနယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ဘော်ဆိုင်းနယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၅ဝ ခန့်ရှိ၍ ကျေးရွာပေါင်း ၃၂ ရွာပါဝင်သည်။ လူဦးရေ ၅ဝ၉၁ ယောက်ရှိသည်။ ဘော်ဆိုင်းနယ်၏ မြောက်ဘက်၌ ရပ်စောက်၊ အရှောက်ဘက်၌ ပင်တယနယ်တို့ရှိသည်။

ကုန်းခေါင်ခေါင်ဒေသမျိုးဖြစ်၍ မြစ်ချောင်းအလွန် နည်းပါး သည်။ သို့သော် ဘော်ဆိုင်းမြို့၏ တောင်ဘက် ၈ မိုင်ကွာတွင် ရေထွက်စခန်းဟုရှိသည်။ ထိုရေထွက်စခန်းမှ ဆယ့်နှစ်ရာသီ ပတ်လုံး အဆက်မပြတ် စမ်းရေထွက်ကျနေ၍ ပတ်ဝန်းကျင် ရပ်ရွာများမှ လူသူ တိရစ္ဆာန်အပေါင်းတို့သုံးစွဲမကုန်ရှိသည်။

ထို့ပြင် ထိုရေထွက်စခန်း၏ အရှေ့တောင် ယွန်းယွန်းရှိ မြင့်မားသော တောင်ထိပ်ပေါ်၌လည်း အစဉ် မကုန်မခန်း နိုင်သော ရေထွက်ကန်ကြီးတစ်ခု ရှိလေသည်။

ဘော်ဆိုင်းမြို့၏ အကျယ်အဝန်းသည် အလျား ၁ မိုင်ခွဲ အနံ ၆ ဖာလုံရှိ၍၊ မြို့မရပ်၊ သဖန်းပင်ရပ်၊ ကံဦးရပ်၊ ပြည်သာရပ်၊ ကံသာရပ်၊ ကံပြင်ရပ်၊ ကျောင်းတောင်ရပ်ဟူ၍ ရပ်ကွက် ၇ ကွက်ရှိသည်။ မြို့ပေါ်၌ အိမ်ခြေ ၃၇ဝ ခန့်ရှိပြီး လျှင် လူဦးရေမှာ ၁၃၇ ယောက်ဖြစ်သည်။ မြို့ပေါ်၌ လည်းကောင်း၊ နယ်အတွင်း၌ လည်းကောင်း နေထိုင်ကြသူ များမှာ၊ ဓနု၊ တောင်ရိုး၊ တောင်သူစသော အမျိုးသားများသာ အများအားဖြင့် ဖြစ်ကြ ၍ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် သူများ ဖြစ်ကြလေသည်။

ဘော်ဆိုင်းမြို့ကို ရှမ်းဘာသာဖြင့် မော်ဆုံ ဟုလည်း ခေါ်ဝေါ်သည်။ မော် ဟူသော ဝေါဟာရမှာ ရှမ်းဘာသာဖြင့် ငွေသတ္တုဟု အဓိပ္ပာယ်ရသည်။ ထိုဒေသတွင် ငွေ၊ ခဲစသော သတ္တုများ ထွက်ရှိခြင်း ကြောင့် မော်ဆုံ ဟု ရှမ်းဘာသာဖြင့် ခေါ်ဝေါ်ရာမှ ဘော်ဆိုင်း ဟု မြန်မာသံဖြင့် ခေါ်ဝေါ်လာဟန် ရှိသည်။

သို့သော် ရှေးဟောင်းတို့အလိုမှာကား ရှေးရှေးက အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခမ်း လှည့်လည်တော်မူရာ၊ ထိုအရပ်သို့ရောက်လျှင် ဖောင်သည် ရှေ့မသွား၊ နောက်မဆုတ်ဘဲ ဆိုင်းငံ့နေသည်။ ထိုကြောင့် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းစုံစမ်းသောအခါ၊ ထိုအရပ်သည် နောင်အခါ သာသနာပွင့်လင်း၍ စည်ပင်ဖွံ့ဖြိုး မည့် အရပ်ဖြစ်ကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းတရားကြီးသည် ယခုမြို့၏ တော်ဘက်တွင် ရွှေခြယ်မြ စသည်း လက်ဝတ်ရတနာနှင့်တကွ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားတို့ကို ဌာပနာ၍ စေတီတစ်ဆူ တည်သည်။

ယခုအခါ ရွှေမြစည်း စေတီတော်ဟု ခေါ်သည်။ ထိုပြ့င် ရေထွက်ကန်ကြီးရှိသော တောင်ပေါ်၌လည်း ဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် အဖိုးထိုက်သော ရတနာများကို ဌာပနာ၍ စေတီ တစ်ဆူ တည်ထားရာ၊ ယခုအခါ မွေတော် စေတီဟု ခေါ်သည်။ ယင်းသို့မင်းတရားကြီးသည် ထိုဒေသကို ချီးမြှင့် ပြီးနောက်၊ ထိုအရပ်၌ ဖောင်တော်ဆိုင်းသဖြင့် ဖောင်တော်ဆိုင်းအရပ်ဟု သမုတ်ခဲ့သည်။ ထို့ကြောင့် ဖောင်တော်ဆိုင်းဟု ခေါ်တွင်ခဲ့ရာမှ ဖောင်ဆိုင်း၊ ထိုမှတစ်ဖန် ဘောင်ဆိုင်းဟု တွင်လာပြီး ဘော်ဆိုင်းဟု ရွေ့လျားလာသည်ဟု ဆိုသည်။ အထက်တွင် ဖော်ပြခဲ့သော ရေထွက်စခန်းနှင့် ရေထွက်ကန်ကြီးသည်လည်း နောင်အခါ ထိုဒေသ၌ အခြေစိုက် နေထိုင်ကြမည့် လူအများနှင့် သတ္တဝါတို့အတွက် ရေရစေရန် အလောင်းစည်သူမင်းကြီး အဋ္ဌိဋ္ဌာန်ကြောင့် ပေါ်ထွက်ခဲ့သော ရေထွက်များဟု ဆိုလေသည်။

ဘော်ဆိုင်းမြို့ဖြစ်ပေါ်လာမည့် ဒေသတွင် အလောင်း စည်သူခေတ် ( မြန်မာသက္ကရာဇ် ၄၇ဝ ကျော်ခန့်) အခါ ကပင် လူအနည်းအကျဉ်း ရှိနေပြီဟုဆိုသည်။ ဘော်၊ ငွေ၊ ခဲစသော သတ္တုများ သယံဇာတဖြစ်ပေါ်နေသဖြင့် ယင်းတို့ကို တူးဖော်၍ ရောင်းဝယ်ဖောက်ကား နေထိုင်ကြသည်။ မြန်မာ သက္ကရာဇ် ၇၈၈ (ခရစ်နှစ် ၁၄၂၆ ခုနှစ်) တွင် နန်းတက်သော မိုးည|င်းမင်းတရားကြီးသည် ထိုဒေသမှ ဘော်၊ ခဲတို့ထွက်ရှိ ကြောင်း ကြားသိတော်မူသဖြင့် ဓာတုဗေဒပညာရပ်ကိုကျွမ်းကျင် သော ဦးမူနွယ်နှင့် ဦးမူသီးညီနောင်နှစ်ဦးအား ထိုဒေသသို့ သွားစေ၍၊ ထိုဒေသ၌ ဖွားစားအုပ် ချုပ်စေပြီးလျှင်၊ သတ္တုတွင်း များမှ တူးဖော်ရရှိသော ဘော်ငွေသားတို့ကို ဆက်သရန် အမိန့် တော်ဖြင့် စေလွှတ်သည်။

ထို့ကြောင့် ဦးမူနွယ်နှင့် ဦးမူသီး ညီနောင်တို့သား မယားအခြွေအရံနှင့် ထိုဒေသသို့ရောက်လာသည်။ ညီနောင် နှစ်ဦးသည် တူးဖော်ရရှိသော သယံဇာတခဲရိုင်း၊ သတ္တုများကို ကျိုချက်ပြီးလျှင် ထုတ်ယူရရှိသော ဘော်ငွေသားတော်များကို မိုးည|င်းမင်းတရားထံ ဆက်သရသည်။ ဘော်ငွေများ ထွက်ရှိ သဖြင့် ထိုနယ်ကို ဘော် တွင်းနယ်ဟုလည်း ခေါ်ဝေါ်ကြ လေသည်။

ဦးမူနွယ်တို့ညီနောင်၏ ပြုပြင်အုပ်ချုပ်မှုကြောင့် ထိုဒေသသည် လူနေစည်ကားများပြားလာသည်။ ဦးမူနွယ် သည် ဘော်ဆိုင်းဒေသကို အုပ်ချုပ်ပြီးလျှင်၊ ဦးမူသီးကမူ ဘော်ဆိုင်းမှ တောင်ဘက် ၉ မိုင်ခန့်အကွာရှိ ကျောက်ထပ် ဒေသကို အုပ်ချုပ်သည်။ ထိုအခါမှစ၍ ထိုဒေသတို့သည် မြန်မာဘုရင်၏ လက်အောက်ခံ သီးခြား နယ်ဖြစ်ခဲ့သည်။

ဘော်ဆိုင်းတွင် ဦးမူနွယ် ကွယ်လွန်သည့်အခါ နယ်လူထုက တင်မြေ|ာက်ဟန်တူသောဦးအုန်းခိုင်က အုပ်ချုပ်သည်။ ထိုနောက် ဦးသာစု ဆိုသူက အုပ်ချုပ်၍ ဦးသာစု ကွယ်လွန် လျှင် သားဖြစ်သူ ဦးနွယ်က ဆက်ခံသည်။ ဦးနွယ်အား ဆက်ခံသူမှာ ဦးပွဲဖြစ်သည်။ ဦးပွဲ၏ လက်ထက်တွင် ( ခရစ် ၁၇၈၄ ခုနှစ် ) ငွေခွန်မှူးဟူသော ရာထူးအမည် အရည်ဖြင့် ခန့်အပ်ခြင်းခံရ၍ ဘော်ဆိုင်းနှင့် ကျောက်ထပ် နှစ်နယ်ကို ပူးပေါင်း အုပ်ချုပ်သည်။

ထိုနောက် ဦးပွဲ၏ညီ မင်းဘိုးကျော်၏ သားတစ်ဦး ပင်ဖြစ်သော မင်းမောင်ထွန်း ( မင်းမောင်ညွန့်)၊ မင်းမောင်ဝိုင်း၏ သား မင်းကြာရွက်၊ သို့မဟုတ် စောကြာ ရွက်တို့အစဉ်တစ်စိုက် အုပ်ချုပ်လာသည်။ စောကြာရွက် သည် မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် ( ခရစ် ၁၈၇၈ ) တွင် ရာထူးကို လက်ခံခဲ့ရာ၊ စောကြာရွက်၏ လက်ထက်တွင် မြန်မာနိုင်ငံတော်သည် ဗြိတိသျှ အစိုးရလက်အောက်သို့ရောက် သည်။ ဗြိတိသျှတို့မသိမ်းပိုက်မီ ကလေးတွင် ဘော်ဆိုင်းနယ် တွင် လူနေအိမ်ခြေများ မီးရှို့ဖျက်ဆီးခြင်း ခံရသေးသည်။

မင်းကြာရွက် ကံကုန်လျှင် သားသမီးမထွန်းကား၍ မင်းမောင်ဝိုင်း၏ သမီးတစ်ဦးဖြစ်သော မခင်သဲနှင့် နန်းခုံ မင်းသား စောခေါင်တို့မှ ထွန်းကားသော စောခမ်းဆိုင်က ဆက်ခံသည်။ စောခမ်းဆိုင် လက်ထက်တွင် အင်္ဂလိပ်မင်းတို့ အလိုကျ ညောင်ရွှေနယ်နှင့် ပူးပေါင်း ( မြန်မာ ၁၂၈၉ ခုနှစ်၊ အင်္ဂလိပ် ၁၉၂၈ ခုနှစ် ) လိုက် သည်။ ထို့ကြောင့် စောခမ်း ဆိုင်သည် ညောင်ရွှေစော်ဘွား လက်အောက်ခံ မြို့စားအဖြစ် ညောင်ရွှေနယ်၏ လက်အာက်ခံ ဖြစ်သွားလေသည်။

စောခမ်းဆိုင် အငြိမ်းစားယူပြီးနောက်တွင် ညောင်ရွှေမှ ထမုံစာအမည်ရှိ ပုဂ္ဂိုလ်တစ်ဦး စေလွှတ်အုပ်ချုပ်သည်။ နယ်သူ နယ်သားများနှင့် ဆက်ဆံရေး မပြေပြစ်သဖြင့် မကျေနပ်မှုများ ရှိခဲ့သည်။ ထမုံစာကွယ်လွန်သော အခါ နယ်သူနယ်သားများ ဆန္ဒအရ၊ မင်းမောင်ဝိုင်း၏ သမီးတစ်ဥိး ဖြစ်သော မခင်ဖုံးမှ ပေါက်ဖွားသည့် မခင်တိုင် ( ဒေါ်တော် ) နှင့် သတ္တုတွင်း သူဌေး တန်ဘိုးရင်တို့၏ သား တန်စစ်ဟန်ခေါ် ဦးစစ်ဟန်အား အုပ်ချုပ် စေခဲ့သည်။ မိဖများ ဖြစ်ကြသော တန်ဘိုးရင်နှင့် ဒေါ်တော်တို့သည် နယ်အတွင်း၌ လောကီလောကုတ္တရာရေးဆိုင် ရာ အဆောက်အအုံ ကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့သည့်နည်းတူ၊ ဦးစစ်ဟန်သည်လည်း မိဘတို့လက်ငုတ်လက် ရင်းအတိုင်း မြို့ရောနယ်ပါ စည်ပင်ဖွံ့ဖြိုးရေးအတွက် အထူးဆောင်ရွက် လျက်ရှိသည်။ ဦးစစ်ဟန်သည် ၁၉၅ဝ ပြည့်နှစ်တွင် ဟဲဟိုး မြို့စားအဖြစ်လည်း ဆောင်ရွက်ရသည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းပြည်နယ်များ၌ ပဒေသရာဇ် အုပ်ချုပ်ရေးစံနစ်မှ ပြည်သူ့အုပ်ချုပ်ရေး စံနစ်သို့ပြောင်းခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဦးစစ်ဟန်ညောင်ရွှေ ရှမ်းပြည်နယ်ကောင်စီ၏ ဒုတိယ သဘာပတိအဖြစ် ဆောင် ရွက်ရသည်။ ထိုနောက် ထိုနှစ်အတွင်း၌ပင် ရှမ်းပြည်နယ် အစိုးရ၏ ဘဏ္ဍာရေး၊ အခွန်တော်နှင့် သာသနာရေးဝန်ကြီး အဖြစ် ဆောင်ရွက်ရလေသည်။

ခဲသတ္တုတူးဖော်ရေးလုပ်ငန်းသည် မြို့နယ်၏ အဓိက ဖြစ်သည်။ ဦးမူနွယ်တို့လက်ထက်က သယံဇာတ ဖြစ်ပေါ်နေ သော ခဲရိုင်းများကို ကျိုချက်ရရှိသည့် ခဲသားမှ ဘော်ငွေ ကျိုချက် ထုတ်ယူသည့် တိုင်းရင်းသည်း နည်းစံနစ်သည် ကွယ်ပျောက်သွားသည်။ ထို့ကြောင့် ယခုအခါ ခဲရိုင်းများ၊ ခဲသားများ၊ ချော်ဖြူများနှင့် ချော်ချေးများ အတိုင်းသာ နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်ခဲ့သည်။ ခဲရိုင်းမှ ခဲကျိုချက် ရာတွင် ကျန်ရှိသော ချော်ချေးများကို နိုင်ငံခြားသို့တင်ပို့ရုံ သာမက မြန်မာနိုင်ငံအတွင်းရှိ ရွှေဘို၊ ကျောက်မြောင်း၊ တွံတေး၊ ပုသိမ်၊ ပျဉ်းမနား၊ တောင်ငူ၊ မော်လမြိုင်မြို့များမှ စဉ့်အိုးလုပ်ငန်းတွင် စဉ့်ချော်အဖြစ် အသုံးပြုရသဖြင့် ထိုမြို့များ သို့လည်း တင်ပို့ရောင်းချရသည်။

ခဲသတ္တုလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းထွက် ပစ္စည်းများဖြစ်သော သနပ်ဖက်၊ လက်ဘက်ခြောက်၊ လက်ဘက်စို၊ အာလူး၊ မြေပဲ၊ ဂျုံစသည်တို့ကို တိုးတက်ထွက်အောင် ဆောင်ရွက်လျက် ရှိကြ၍၊ မြို့နှင့်တကွ နယ်၏ စီးပွားရေး အခြေအနေမှာ စည်ပင်ဖွံ့ဖြိုးလျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေးတို့မှာ မီးရထား ဘူတာရုံနှင့် လေယာဉ်ဆိပ်ရှိသော ဟဲဟိုးသို့နှစ်လုံးပေါက် သွားလာနိုင်သည့် ၁၉ မိုင်ရှည်လျားသော ကျောက်လမ်းရှိသည်။ ထို့ပြင် ပင်းတယသို့နှစ်လုံးပေါက် သွားလာ နိုင်သည့် ၁၂ မိုင်ရှည်လျားသော ကျောက်လမ်းလည်းရှိသည်။ ဘော်ဆိုင်းမြို့တွင် ငါးရက်တစ်ဈေးရှိရာ၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟဲဟိုး၊ ပင်းတယစသော မြို့များမှ ရောင်းဝယ်သူများ လာရောက်ကြ၍ စည်ကားပေသည်။

အလောင်းစည်သူမင်း တည်ထားခဲ့သေည်ဆိုသော ရွှေမြေစည်းစေတီ၊ မွေတော်စေတီတို့အပြင်၊ ဘော်ဆိုင်း မြို့၏ အနောက်တောင်ဘက်၊ သာယာလှသော ကုန်းမြေမြင့်တွင် အလောင်းစည်သူမင်းပင် တည်ထားခဲ့သည် ဆိုသောဖောင်ဆိုင်း စေတီတော် တစ်ဆူလည်း ရှိသေးသည်။ ရွှေမြေစည်းစေတီ တော်ကို ဦးမူနွယ်၏ လက်ထက်တွင် လည်းကောင်း၊ မင်းကြာ ရွက်လက်ထက်တွင် လည်းကောင်း၊ ထပ်မံပြုပြင်၍၊ ယခု ဦးစစ်ဟန်၏ လက်ထက်တွင်လည်း ထပ်မံပြုပြင်ပြန်သည်။

ဂÔကုန္ထိတိုက်၊ သာသနာ့ဗိမာန် အဆောက်အအုံများ စသည် တို့ကို အသစ် ဆောက်လုပ်လှူဒါန်းသည်။ ရွှေမြစည်း စေတီပုရဝုဏ်အတွင်း၌ ဆင်ဖြူရှင်များ မင်းတရားလက်ထက်၊ ၁၂၂၅ ခုနှစ်က အမိန့်စာချွန်တော်ဖြင့် တည်ဆောက်၍ သိမ်သမုတ်ခဲ့သော သိမ်တစ်ခုလည်းရှိသည်။ မြို့၏အလယ်တွင် ကျောက်တန်းစီခြယ် လုပ်ကိုင်ထားသော အလျား ၄ ဖာလုံ၊ အနံ ၂ ဖာလုံရှိသည့် ရေကန်ကြီးရှိသည်။ ဘော်ဆိုင်း မြို့၏ အလယ်ကုန်းမြင့်ထက်တွင်လည်း ကံဦးစေတီတော်နှင့် ကံဦးကျောင်းတိုက်ကြီး ရှိလေသည်။

သာသနိက အဆောက်အအုံများအပြင် အလယ်တန်း ကျောင်း၊ ပြည်သူ့ဆေးပေးဌာန၊ သတ္တုဆေးကြောရာ ဌာနသည် တို့လည်း ရှိ၍၊ ရပ်ကွက်အလိုက် ဖြောင့်ဖြူးသော လမ်းများဖြင့် အနေအထား လှပသောမြို့ဖြစ်လေသည်။

မြို့နှင့် နယ်အတွင်း အစည်ကားဆုံး ပွဲတော်မှာ ကဆုန်လဆန်း ၁ဝ ရက်မှ လပြည့်နေ့အထိ ကျင်းပသော ရွှေမြစည်းစေတီ ဘုရားပွဲတော်နှင့် ဗောဓိညောင်ရေသွန်း ပွဲတော်ဖြစ်သည်။ ရွှေမြစသည်းစေတီ ဘုရားပွဲတော်ကို ကဆုန်လ၌ ပြုလုပ်မှသာ မိုးကောင်း၍ မြို့နယ် လူထုချမ်းသာ ဝပြောမည်ဟု ယုံကြည်ကြလေသည်။ မြန်မာ နှစ်သစ်ကူး ချိန်တွင် တောင်ရိုး၊ ဓနုအမျိုးသားများ၏ သင်္ကြန်တက်ပွဲ ခေါ်သော တာတက်ပွဲကိုလည်း ဘုန်းတော်ကြီး ကျောင်းများ၌ ကျင်းပ၍၊ အိုးစည်ပုံမောင်များ တီးမှုတ်ကာ တပျော်တစ်ပါး ဆွမ်းကပ် လှူဒါန်းကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)