ရှင်ဂုဏမုနိန္ဒ (ဘုတ်ကန်ဆရာတော်)

ဝီကီပီးဒီးယား မှ
(ဘုတ်ကန်ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဂုဏမုနိန္ဒ (၁၁၂၈ - ၁၂၁၂) သည် “ဘုတ်ကန်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၂၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်နေ့တွင် ကောလင်းမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးတော၊ ရှင်ထွေး တို့ ဖြစ်ကြသည်။

အရွယ်ရောက်လာသည့်အခါ “ရှင်ကဝိ” ဟူသည့် ဘွဲ့ဖြင့် သာမဏေ ပြုခဲ့သည်။ ရဟန်းပြုသည့်အခါတွင် “ရှင်ဂုဏမုနိန္ဒ” ဘွဲ့[မှတ်စု ၁]ကို ယူခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် မောင်းထောင်ဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။

ဆရာတော်သည် မြို့တော် အရှေ့မြောက် ဘုတ်ကန်ကြီးရွာတွင် သီတင်းသုံးသောကြောင့် ဘုတ်ကန်ကြီးဆရာတော် ဟု တွင်ခဲ့သည်။ ဘကြီးတော်မင်းလက်ထက်တွင် အင်းဝမြို့တော် ခါးပန်းနီးကျောင်းတိုက်တွင် ကျောက်ဆောက်မြို့စားဝန်ကြီး မင်းကြီး မဟာသီဟသူက ပြင်ဆင်ဆောက်လုပ်သည့် အုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ သာယာဝတီမင်းလက်ထက်တွင် မြို့တော်အရှေ့တောင်ထောင့် ကျောက်မြောင်းတိုက်၌ အသည်ဝန်ထောက်မင်းကြီး မဟာစည်သူက ဆောက်လုပ်လှူဒါန်းသော လေးထပ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် ဂုဏမုနိန္ဒာဘိသဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းလှသီရိသီဟသူ၏ မှတ်တမ်းတွင် ဘွဲ့တော်ကို “ရှင်ကဝိ” ဟု ပြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၈၊ ၅၉။