ဝဇီရ၊ ဘိုး

ဝီကီပီးဒီးယား မှ
(ဘိုးဝဇီရ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ပထမဆုံးသော မြန်မာ သတင်းစာဆရာ မည်သူနည်းဟု မေးလာလျှင် ဘိုးဝဇီရဟုဖြေရပေလိမ့်မည်။ ဘိုးဝဇီရသည် ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားလက်ထက် ၁၂၃၆-ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော ရတနာပုံခေါ် ပထမဆုံး မြန်မာသတင်းစာ ၏ စာရေးတော်(စာတည်း)အဖြစ် ဆောင်ရွက်ခဲ့သည်။ ဘိုးဝဇီရသည် ဘုရင့်သတင်းစာ၏စာတည်းဖြစ်၍ အရည်အသွေးတောက်ပြောင်သော စာဆိုကြီး တစ်ဦးဖြစ်လင့်ကစား မြန်မာစာပေလောကတွင် ထင်ပေါ်သင့်သလောက် မထင်ပေါ်ဘဲ တိမ်မြုပ်နေခဲ့လေသည်။ ယင်းသို့ဖြစ်ရသည်မှာ ဘိုးဝဇီရသည် မင်းတုန်းမင်းလွန်ပြီးနောက်တွင် စာပေရေးသားမှု လွတ်လပ်မှုဟူ၍လည်းကောင်း၊ ဗြိတိသျှခေတ်တွင်လည်း လူမျိုးခြား၏လက်အောက်တွင် ဇာတ်မြှုပ် ကာ အနေကုတ်ခဲ့ခြင်းကြောင့် ဖြစ်တန်ရာသည်။ ယင်းသို့ကြောင့် ဘိုးဝဇီရ၏ စာပေတို့ကို လူသိနည်းကာ မထင်ပေါ်ဘဲ ရှိနေခဲ့လေသည်။


ငယ်ရွယ်စဉ်ကပင် ဉာဏ်သွေးဉာဏ်ရည် ထက်မြက်ကြောင်း မြင်ရသဖြင့် ဖခင်ဖြစ်သူကလည်း ထွန်းထွန်းပေါက်ပေါက်ဖြစ်စေရန် လမ်း ကြောင်း၍ ပြုစုပျိုးထောင်ပေးသည်။ ၁၃ နှစ်သားအရွယ်တွင် မန္တလေးမြို့ ခင်မကန်တိုက်တွင် ကျောင်းသားအဖြစ် ဖခင်ကအပ်နှံသည်။ မောင်လွင် သည် စာပေကျမ်းဂန်များကိုသင်အံ၍ ၁၆ နှစ်သားအရွယ်တွင် သာမဏေ ဘောင်သို့ကူးခဲ့လေသည်။

သာမဏေဖြစ်လာသောအခါ ခင်မကန်တိုက်အုပ်ဆရာတော် ဦးပဏ္ဍိတက ကိုရင်မောင်လွင်သည် ဝရဇိန်လက်နက်ကဲ့သို့ ထက်မြက်သော ဉာာဏ်ပညာရှိသည်ကို သိမြင်သဖြင့် ရှင်ဝဇီရဟုဘွဲ့ပေးသည်။ ရှင်ဝဇီရသည် ခင်မကန်တိုက်တွင် သုံးနှစ်မျှပညာဆည်းပူးပြီးနောက် ဒက္ခိဏာရာမဘုရား ကြီးတိုက်သို့ပြောင်းရွှေ့ကာ ပညာစွယ်စုံ ဆရာတော်ကြီးများထံမှ ပိဋကသုံးပုံ ကို သယ်ယူသည်။ အခြားရဟန်းသာမဏေများကိုလည်း စာချပေးသည်။ ရှင်ဝဇီရသည် စာပေကျမ်းဂန်များစွာကို အာဂုံဆောင်နိုင်သည်။ စာပြန်ရာ၊ ရွတ်ဖတ်ရာ၌လည်း သံနေသံထားဌာန်ကရိုဏ်းကျန ပီသလှသ ဖြင့် ရှင်ဝဇီရစာပြန်သည်ကို အခြားပုဂ္ဂိုလ်များက လာ၍နာယူကြရသည်။ ရှင်ဝဇီရ၏ ထက်မြက်သော ဉာဏ်ရည်၊ ပြင်းထန်သော ဇွဲလုံ့လတို့ကိုလည်း ဆရာတော်ကြီးများက ချီးကျူးကြလေသည်။

ဘုရားကြီးကျောင်းတိုက်တွင် ခြောက်နှစ်ကြာမျှ ပညာဆည်းပူးပြီး နောက် မန္တလေးတောင်ခြေသစ်ဆိမ့်ဆရာတော်ထံတွင် တစ်နှစ်မျှ ဆည်းကပ် နေထိုင်ခဲ့သည်။ ထိုနောက် ခင်မကန်တိုက်သို့ ပြန်လည်ပြောင်းရွှေ့ပြီးလျှင် တစ်နှစ်အကြာတွင် လူဝတ်လဲလေသည်။ ရဟန်းဝတ်နှင့် တစ်သက်လုံးနေ မည်ဟု မရည်မှန်းခဲ့သည့်အလျောက် ရဟန်းမခံဘဲ နေခဲ့လေသည်။ လူဝတ်လဲပြီးနောက်တွင် ဦးရီတော်သူ နံ့သာနန်းခုံ မင်းဦးနှင့် အတူ ရှေ့ပတ်စာရေးအဖြစ် အောက်မြို့ကျေးရွာများသို့ လိုက်ပါသွားရင်း ဒေသန္တရဗဟုသုတများကို လေ့လာဆည်းပူးခဲ့သည်။ ဆရာတော်ရင်းဖြစ်သောဦးပဏ္ဍီတနှင့် မြောင်လှမြို့စာ ဝန်ထောက် တော်မင်းဦးခြိမ့်တို့သည် ဆရာရင်း တကာရင်းဖြစ်ကြသည်။ ဦးခြိမ့်သည် ဆရာတော်ထ့သို့ သွားလာဝင်ထွက်နေရာမှ ရှင်ဝဇီရလူထွက်၏ အရည် အသွေးကိုသတိပြုမိသည်။ ထို့ပြင် ကိုရင်လူထွက်အားလည်း ခင်မင် ရင်းနှီး သည်။ ထိုကြောင့် ကင်းဝန်မင်းကြီး၏အကူအညီဖြင့် ရတနာပုံ သတင်းစာ တွင် စာရေးတော်(စာတည်း)အဖြစ် တစ်လ ၁၅ ိနှင့် ခန့်ထားပေးလေသည်။ ဘုရင့်သတင်းစာတွင် ဝင်ရောက်ဆောင်ရွက်ရသောအခါ မောင် လွင်သည် မင်းတုန်းမင်း၏ ငယ်မည်နှင့် ဆင်တူဖြစ်နေသဖြင့် ကင်းဝန်မင်း ကြီးက မောင်ထင်ဟု အမည်ပြောင်းပေးသည်။ သို့သော် ဝဇီဟူသောအမည် ဖြင့် အခြားသူများကအခေါ်များလေသည်။ ထိုကြောင့် ဘိုးဝဇီရကိုယ်တိုင်က သူ့အမည်များအကြောင်းကို - ရွာတွင် မောင်လွင်၊ မန်းမောင်ထင်၊ ဘွဲ့တွင် ဝဇီရ၊ သုံးမည်ရပ်နှိုက်၊ ခေါ်သမိုက်၊ ကျော်လှိုက် သတင်းပ ဟူ၍စပ်ဆိုခဲ့သည်။ ထိုစဉ်က ရတနာပုံသတင်းစာကို ကွပ်ကဲအုပ်ချုပ်လျက်ရှိသူများ ဘာသာခြောက်မျိုးတတ်သော တရုတ်-မြန်မာကပြား ဦးအဟီးဖြစ်သည်။ မောင်လွင်ရောက်လာသောအခါ စာပေအရေးအသားဘက်ကို မောင်လွင်က တာဝန်ယူရလေသည်။

မောင်ထင်သည် ရတနာပုံသတင်းစာတွင် ဝင်ရောက်ဆောင်ရွက် ခွင့်ရသောအခါ မိမိလေ့လာဆည်းပူးခဲ့သော ပညာရပ်တို့ဖြင့် လက်စွမ်းပြ လေသည်။ သတင်းစာပရိသတ်တို့ကလည်း ရှေးနှင့်မတူ တမူထူးခြားလာ သော အရေးအသားတို့ကြောင့် သတင်းစာကို ပို၍အာရုံစိုက်လာကြသဖြင့် တစ်လလေးကြိမ်ထုတ် ရတနာပုံသတင်းစာစောင်ရေလည်း တိုးတက်လာလေ သည်။ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ ဝန်ထောက်တော်မင်း ဦးခြိမ့်တို့ကလည်း အားပေးကြ၍ အရေးအသားကို ညွှန်ပြသင်ကြားပေးကြ သည်။

မောင်ထင်၏ လက်စွမ်းသည်တစ်နေ့တစ်ခြား ထင်ပေါ်လာသဖြင့် တစ်လ ၁၅ ိစားအဖြစ်မှ ၆ဝ ိ စားအထိ တိုးမြှင့်ပေးသနားခြင်းခံရသည်။ မင်းတုန်းမင်းကြီး ကိုယ်တိုင်ကလည်း သံတော်ဆင့်ရာထူးအထိ တိုးမြှင့်ပေး ရန် ရည်ရွယ်ထားလေသည်။

၁၂၄ဝ ပြည့်နှစ် နန်းတွင်းအရေးတော်ပုံ ရှုပ်ထွေးလာသောအခါ မောင်ထင်သည် လက်မောင်းတွင် အနာပေါက်သဖြင့် အလုပ်မှ ခေတ္တနုတ် ထွက်၍ ခင်မကန်တိုက်တွင် ဆရာတော်ရင်းထံ ပြန်၍နေသည်။ အနာ ပျောက်ကင်းသည့်အချိန်တွင် မင်းတုန်းမင်းတရား နတ်ရွာစံပြီးဖြစ်၍ သီပေါ မင်းနန်းစံလေပြီ။ ထိုအချိန်တွင် အုပ်ချုပ်သူ မင်းမိဖုရားတို့နှင့်တကွ မှူးမတ် တို့ပါ ရှေးကနှင့်မတူတော့ချေ။ နန်းတွင်းရေးရာများကလည်း ရှုပ်ထွေးလှ သည်။ ထိုပင် သတင်းစာ အရေးအသားသည်လည်း လွတ်လပ်ခွင့်မရှိတော့ ပေ။ ထိုကြောင့် မေင်ထင်ခေါ်မောင်ဝဇီရသည် သတင်းစာတိုက်တွင် ဆက် လက်အမှုမထမ်းလိုတော့ဘဲ တပည့် လူငယ်တို့အား ကဗျာလက‡ာပညာရပ် တို့ကို သင်ကြားပို့ချကာ အေးရာအေးကြောင်းရှာကြံလျက် မန္တလေးမှာပင် နေထိုင်လေသည်။

သုံးနှစ်မျှကြာလျှင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မငါးရွာမှ ရဟန်းရှင်လူတို့သည် ကိုဝဇီရခေါ် ကိုထင်၏ အရည်အသွေးကိုသိကြသဖြင့် ဆားတောင်သို့ပင့်ဆောင်ကြသည်။ ကိုဝဇီရသည် ကျမ်းဂန် ဓမ္မသတ်တို့ကို လည်း ကျွမ်းကျင်သဖြင့် ဆားတောင်ရွာတွင် စာပေပို့ချခြင်း၊ တရားဓမ္မ သတ်ဆုံးဖြတ်ပေးခြင်း၊ မော်ကွန်းများ၊ မေတ္တာစာများရေးသားခြင်းဖြင့် နေ ထိုင်ခဲ့သည်။ အသက် ၃၆ နှစ်အရွယ်တွင် မကျီးဖြူရွာမှ လာရောက်ပင့် ဆောင်ကြသဖြင့် လိုက်ပါသွားရပြီးလျှင် မကျီးဖြူရွာ ကျောင်းတကာတစ်ဦး ၏ သမီးအသက် ၁၈ နှစ်ရွယ်ရှိ မသိန်းခေါ် ချောမောလှပသော မိန်း ကလေး တစ်ဦးနှင့်လက်ဆက်လေည်။

သို့သော် သားဦးမောင်ကျင့်ကို မွေးဖွားပြီးသောအခါ ဆားတောင် ရွာသို့ ပြန်ပြောင်းကာ ထိုရွာတွင်ပင်နေထိုင်၍ ဗေဒင်ဟောခြင်း၊ မှုခင်းကြီး ငယ်တို့ကိုဆုံးဖြတ်ပေးခြင်း၊ မော်ကွန်းကျောက်စာရေးခြင်းဖြင့် အသက်မွေးခဲ့ ရာအသက် ၇ဝ ကျော်အထိဖြစ်သည်။ ဘိုးဝဇီရတွင် သားကြီးမောင်ကျင့်၊ သားငယ်မောင်မြင့်နှင့် သမီးမကြီးဟူ၍ သားသမီးသုံးယောက်ရှိခဲ့သည်။ ဘိုး ဝဇီရသည် အသက် ၈ဝ ကျော်သည်အထိ စာပေအရပ်ရပ်ကို ဖတ်ရှုမှတ် သားခြင်း၊ ညဉ့်အခါစာပြန်ခြင်း၊ မှတ်စု ပေစာ ပုရပိုက်စာတို့ကို စု ဆောင်းခြင်းပြုခဲ့ရာ ထင်းရှူးသေတ္တာငါးလုံးစာမျှရှိခဲ့သည်။ သို့သော် ထိုစာ များမှာ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးကုန်ကြသည်။

ဘိုးဝဇီရသည် ဘုရင့်ရှေ့တော်တွင် ပညာရှိကြီးတစ်ဦး၊ လွှတ် တော်တရားသူကြီးတစ်ဦးအဖြစ် ရည်မှန်းချက်ရှိခဲ့သော်လည်း နန်းတွင်းအရှုပ် အထွေးများ၌ မရောယှက်လို၍ ချောင်ကုတ်ခဲ့သည်။ ဗြိတိသျှခေတ်တွင် ရန်ကုန်နှင့် မန္တလေးပုံနှိပ်တိုက်များက အတန်တန်တောင်းပန် ပင့်ဆောင်ကြ သော်လည်း လူမျိုးခြားအကျိုးမဆောင်လိုသဖြင့် ငြင်းပယ်ခဲ့လေသည်။ အသက် ၈ဝ ကျော်လျှင် ရဟန်းဘောင်တွင်ရှိနေကြသော သားနှစ်ပါးက ဆားတောင်မှ ကျောက်ပနန်ရွာသို့ခေါ်ယူထားသဖြင့် ဇနီး မောင်နှံနှစ်ဦးသည် သီလဆောက်တည်ပုတီးစိတ်ကာ အေးချမ်းစွာနေထိုင်၍ ၁၂၉၈ ခုနှစ် တပေါင်းလတွင် မြန်မာရှေးသတင်းစာဆရာနှင့် စာဆိုကြီး ဘိုးဝဇီရသည် ဘဝတစ်ပါးသိပြောင်းသွားလေသည်။

သတင်းစာဆရာဘဝတွင်ရှိစဉ်က မောင်ထင်သည် မိမိ၏ ကဗျာ ဉာဏ်စွမ်းဖြင့် သတင်းများကို ကနွဲ့ကရ ကာရန်နဘေများဖြင့် သီကုံးရေး သားခဲ့သောကြောင့် ရတနာပုံသတင်းစာသည် ထူးခြားထင်ရှားကာ လူကြိုက် များခဲ့လေသည်။ နဂိုဖျော်ရင်း၊ စိန်သေမင်းကို၊ အိမ်နေရင်း မှောက်မှား၊ နှစ်ယောက်ဆင့် စားသောကြောင့်၊ အူယားလေပင့်၊ ငွေဇလပ်တာ၊ ရေပြင်ခါ ကို နေဟပ်လာသင့်သကဲ့သို့ .... စသော စိန်စားသတင်း၊ မြင်းပေါ်ကျ သတင်း၊ ဆွဲကြိုးချသတင်း၊ တောပုဘုရားပွဲသတင်းစသည်တို့မှာ ထင်ရှားလှ လေသည်။ တောပုဘုရားပွဲသတင်းတွင် ထိုခေတ်က အမျိုးသမီး၏ ဝတ်စား ဆင်ယင်မှုကို နွဲ့နှောင်းညိုစင်၊ အပျိုခင်တို့၊ ဟိုခွင်တိုင်းဖြစ် လှိုင်းရစ်ဆန်း ပုံ၊ ကွမ်းတုံစက်ချိတ်၊ ကွက်မှိတ်ကွက်လွှဲ၊ ဖက်ကဲရွှန်လျှံ၊ လွန်းပျံကိုက်ဆင့်၊ ဝိုက်နှင့်ဘလာ၊ ပြုချက်မှာ၊ သူ့ထက်ငါ၊ ညာမြေတောင်၊ ရှာဖွေဆောင်၊ သာလေအောင်၊ ဝတ်ထမီ၊ အင်္ကျီက ငွေပွင့်ထိုး၊ ရွှေဆင့်ကြိုးနှစ်ထပ်လိမ်၊ နဂါးပတ်အိမ် သန္တာပေါက်၊ ဇာပြောက်က အဆန်းဆန်းနွှဲ့ စသည်ဖြင့် ဖွဲ့နွဲ့ ဖော်ပြထားလေသည်။

ဘိုးဝဇီရ၏ခေတ်တွင် လင်္ကာစပ်နဘေထပ် အရေးအသားများ ခေတ်စားခဲ့ရာ ဘိုးဝဇီရသည် လက်ရာအပြောင်မြောက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ် သည်။ ဘိုးဝဇီရ၏ နဘေထပ်တို့သည် ထိထိမိမိ၊ မိမိပြားပြား သားနား ချစ်စဖွယ်ကောင်းသည့်ပြင် အလင်္ကာနယဖြင့် ချိန်ထိုးကြည့်သည့်အခါတွင် လည်း ရသကြွယ်ဝကြောင်းတွေ့ရသည်။

ဘိုးဝဇီရသည် ပိဋကကျမ်းစာများကို ပေချပ်ရေတစ်ထောင်တိတိ နှုတ်ငုံထားနိုင်၍ အသက် ၈ဝ ကျော်အရွယ်အထိ အချိန်အခါမရွေး ပြန်ဆိုပြ နိုင်သည်။ သတ်ပုံကျမ်း၊ ဓမ္မသတ်ကျမ်း၊ ဧချင်း၊ မော်ကွန်း အစောင်စောင် တို့ကိုလည်း အာဂုံဆောင်ထားနိုင်သည်။ တေးထပ်၊ လေးချိုးနှင့် ရတုကဗျာ များကို ထောင်နှင့်ချီ၍ အရဆောင်ထားနိုင်သည်။ ထို့ကြောင့် ဘိုးဝဇီရသည် မော်ကွန်း၊ ပျို့ စသည်တို့ကို တစ်ထိုင်တည်းနှင့် အစအဆုံးရေးစပ်နိုင်သည်။ လွယ်လွယ်ကူကူ ထိထိမိမိ ရေးစပ်နိုင်သဖြင့် ကဗျာမည်ကာမတ္တမဟုတ်ပေ။ ကာရန်ဝါကျညီညီ၊ အဓိပ္ပာယ်ရှိရှိ၊ ထိမိသော စာသွားများဖြင့် ရေးစပ်နိုင် ခြင်းဖြစ်လေသည်။ အခန့်လည်းရအနုလည်းရ၍ အသောအရွှမ်းများကိုလည်း ရေးသားနိုင်သည့် ဘိုးဝဇီရ၏ စာပေဉာာဏ်ရည်မှာ အံ့ဩချီးကျူးလောက်ပါ ပေသည်။[၁]

ဖိုးဝဇီရ (မြန်မာ ၁၂၁ဝ - ၁၂၉၈)[ပြင်ဆင်ရန်]

ပုဂံမင်း လက်ထက် အမပူရ မြို့တော် ပုထိုးတော်ကြီး အရှေ့တောင်ဘက် သရက်သုံးပင် အရပ်တွင် သက္ကရာဇ် ၁၂၁၀ ပြည့်နှစ် နှောင်းတန်ခူး လပြည့်ကျော် ၄ ရက် ဗုဒ္ဓဟူးနေ့ နံနက် နေ့ ၁ ချက်တီးကျော် အချိန်၌ 'မောင်လွင်' အမည် ရှိသော သူငယ်ကို သေနတ် စာရေးကြီး 'မင်းလှရာဇာ' ဘွဲ့ခံ ဦးထွန်း၊ သေနတ် စာရေး ကတော် ဒေါ်ခို တို့မှ ဖွားမြင်သည်။

ဖိုးဝဇီရ (၁၂၁၀ - ၁၂၉၈)

မင်းလှရာဇာသည် မိမိ သားငယ် အရွယ် ရောက်လျှင် နေအိမ် တွင်ပင် သင်ပုန်းကြီးနှင့် မင်္ဂလသုတ်၊ လောကနီတိ စသည် တို့ကို ကိုယ်တိုင် ကိုယ်ကျ သင်ကြား ပြသ ပေး၍ အသက် ၁၃ နှစ် အရွယ်သို့ ရောက်သော် အမရပူရ မြို့တော် မြောက်ဘက် ယခု မန္တလေး အနောက်ပြင် ခံပင်ကန်ရွာ အနီး ဆောက်လုပ် ပြုပြင်ဆဲ ရှိသည့် ခံပင်ကန်တိုက် မင်းလှရာဇာ၏ ညီအရင်း အရှင်ဇာဂရထံ အပ်နှံ၍ သဒ္ဒါကြီး အစ ရှိသော ကျမ်းဂန် စာပေ အများကို သင်ကြား စေလေသည်။ နောက် ခင်မကန်တိုက်ဟု တွင်သော အဆိုပါ တိုက် ဦးပဏ္ဍိ ထံတွင် ဆက်လက် သင်ကြားစဉ် အသက် ၁၆ နှစ် အရွယ်သို့ ရောက်သော အခါ ရှင်သာမဏေ ပြုလေရာ ဗုဒ္ဓဟူးသား ဖြစ်သည်က တကြောင်း၊ ဝရဇိန် လက်နက် ကဲ့သို့ ပညာဉာဏ် ထက်မြက် သည်က တကြောင်းကြောင့် 'ဝရဇီ' ဟု အရှင်ပဏ္ဍိက ဘွဲ့ ချည်တော် မူလေသည်။


ထို့နောက် ထိုတိုက် တွင်ပင် ဦးပဏ္ဍိ ထံမှ တဖန် ဦးကိတ္တိ ထံသို့ ရွှေ့ပြောင်း သင်ကြား ပြန်သည့် အပြင် အနီးရှိ စကုတိုက်ကျောင်း၊ 'မုနိန္ဒာဘိ သီရိပဝရ' ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘုရားကြီး ဦးမုနိန္ဒ အထံတော် တွင်လည်း စာပေ ပရိယတ္တိများ သင်ကြား ဆည်းပူးသည်။


တဖန် မေဃဝတီ ဆရာတော် ဘုရား ထံ၌ လည်းကောင်း၊ ခွေးချိုတိုက် ဦးဓမ္မနှင့် ဦးမေဓာတို့ ထံ၌ လည်းကောင်း ခညောင်း လိုက်နာ ခဲ့ပြန်၍ ထို့နောက်မှ တဖန် ဒက္ခိဏာရာမ ဘုရားကြီးတိုက်၊ 'ဇာဂနာဘိဝံသ တိပိဋကဓရ မဟာ ဓမ္မရာဇာဓိ ရာဇဂုရု' တံဆိပ်တော်ရ ပထမ ဆရာတော် ဦးဇာဂရ အထံတော်တွင် ၆ နှစ်ကျော် ကာလမျှ အဘိဓာန် စာကိုယ်၊ အဘိဓာန် ဋီကာ၊ ဏွာဒီမောဂ္ဂလာန် စသော ကျမ်းဂန် များကို သင်ကြား လေ့လာသည်။ ထိုဘုရားကြီး တိုက်တွင် သီတင်း သုံးနေစဉ် အခိုက်လည်း ဦးရန်ကုန်ဟု ထင်ရှားသော ဦးသုဇာတနှင့် ဦးအာစရ၊ ဦးသုတ အစ ရှိသည့် ရဟန်းတော် အရှင်မြတ် များက ကူညီ သင်ကြား ပေးသည်။ ထိုစဉ် အတွင်း တတိယ ညောင်ကန် ဆရာတော် ဘုရားကြီး အထံတော် တွင်လည်း ဗဟုသုတ အဖြာဖြာကို နာခံ ဆည်းပူးခွင့် ရရှိ ခဲ့၍ ခွေးချို တိုက်အုပ် ဆရာတော် ဦးမေဓာ ထံမှသော် ဆန်း၊ အလင်္ကာနှင့် ဗေဒင် ပညာများ ကိုပါ သင်ကြားခွင့် ရခဲ့သည်။ ထိုမျှမက နိုင်ငံခြား ဝန်ထောက် ဖြစ်အံ့သော ကဝိလက္ခဏ ဒီပနီ - ဆရာ ပညာရှိ စာရေးတော်ကြီး ဦးခြိမ့် ထံတွင်လည်း ပညာ အစုစု ဗဟုသုတ အဖြာဖြာကို ထပ်မံ ဖြည့်ဆည်းခွင့် ရခဲ့သည်။


အသက် ၂၆ နှစ် အရွယ်သို့ ရောက်သော အခါ နံ့သာနန်း ခုံမင်း ဦးကြီး အရင်း ဖြစ်ပေသော ဦးနှင်း၏ ဩဝါဒ အတိုင်း ပဥ္စင်း မတက်နိုင်သည့် အတူတူ ရှင်လိင် ပြန်၍ ခုံမင်းကြီး ထံတွင်ပင် ဦးကြီးကို ကူညီသော အားဖြင့် ရှေ့ဖတ် စာရေး လုပ်ကိုင်ရင်း ဓမ္မသတ်၊ ရာဇသတ် များကို ထပ်မံ၍ နာယူ သင်ကြားခွင့် ရပြန် လေရာ မောင်လွင်မှာ ဗဟု သုတ အရာတွင် အရွယ်နှင့် မလိုက် အောင်ပင် ပြည့်စုံ ကြောင်းဖြင့် ကျော်ကြား လာတော့သည်။


သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် စတင် ထုတ်ဝေသော ဘုရင် မင်းမြတ်၏ 'ရတနာပုံ နေပြည်တော် သတင်းစာ' တိုက်တွင် အယ်ဒီတာ အဖြစ်ဖြင့် မြောင်လှ မြို့စား ဝန်ထောက်မင်း ဦးခြိမ့်မှ တဆင့် ကင်းဝင် မင်းကြီးထံ ရောက်ပြီးနောက် ဝင်ရောက် လုပ်ကိုင်ခွင့် ရလေရာ ရေးသား သမျှသော အရပ်ရပ် ဆောင်းပါးများ၊ အရပ်ရပ် မှတ်တမ်း များကြောင့် 'မောင်လွင်' ခေါ် 'ဦးဝဇီရ' ၏ အမည်မှာ ရှေးက ထက်ပင် ဆထက် ထမ်းပိုး တိုးတက် ထင်ရှား လာခဲ့သည်။


သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် နှစ်ဆန်းစ အခါ၌ လက်မောင်းတွင် အနာပေါက်၍ အလုပ်မှ ခွင့်ယူ နေလေရာ ထိုအခိုက် အတန့်တွင် နန်းတွင်းရေးများ ရှုပ်ထွေး ပေါ်ပေါက် လာပြီးနောက် သီပေါမင်း တရားကြီး နန်းတက်တော် မူသော အခါ သာလွန် ဆိုးရွား၍ လာပြန်သည်။ ထိုသို့ ဆိုးရွား၍ လာခြင်း ကြောင့်လည်း ဖခင် ဖြစ်သော သေနတ် စာရေးကြီး၏ အမိန့် အတိုင်း သတင်းစာတိုက်မှ နုတ်ထွက်ကာ ဖခင်၏ ဇာတိ ဖြစ်သော ရွှေဘိုနယ် စည်ပုတ္တရာ အနီး ရှားတောရွာသို့ ခေတ္တ ခဏမျှ ဖခင်နှင့် အတူ သွားရောက် နေထိုင်သည်။ သည့်နောက် မန္တလေး ရွှေမြို့တော်သို့ ပြန်လည် ရောက်ရှိ လာပြန်ပြီး အမှုတော်ကို ဆက်လက် ထမ်းရွက်သင့် မထမ်းရွက်သင့် စဉ်းစား လေသော အခါ ဆက်လက် ထမ်းရွက်ရန် အကြောင်း မမြင် သဖြင့် အေးအေးပင် နေထိုင် လေတော့သည်။


ထို့ နောက်ပိုင်း တွင်ကား ရှေးဦးစွာ အသက် မွေးမှု၊ ဝမ်းကျောင်းမှု အတွက် မန္တလေး မြို့တွင်ပင် 'တရားကြပ်ဆင်' ခေါ် ခုံသမာဓိ ပြုလုပ်ကာ သုံးလေးနှစ်မျှ နေထိုင် ပါသေး၏။ နောက်ရဟန်း သံဃာတော် တို့၏ တောင်းပန်ချက် အရ ဆားတောင်ရွာ၌ ခေတ္တ ခဏမျှ နေထိုင်ရင်း ရဟန်း သံဃာတော် တို့အား စာပေ ပို့ချ သင်ကြား ပေးပေသည်။ ထို့နောက်မှ တဖန် မကျည်းဖြူ ရွာမှ ဖိတ်ကြား ခေါ်ယူ ပြန်သဖြင့် ထို မကျည်းဖြူ ရွာသို့ လိုက်ပါ နေထိုင်ရင်း စာပေ ဗဟု သုတ များကို သင်ကြား ဖြန့်ဖြူး ရပြန်သည်။ မကျည်းဖြူ ရွာ၌ နေထိုင်စဉ် အသက် ၃၆ နှစ် အရွယ်သို့ ရောက်သော အခါ ကျောင်းတကာ တဦး၏ သမီး အသက် ၁၈ နှစ် အရွယ်ရှိ 'မထိန်း' ဆိုသူ မိန်းကလေးနှင့် အကြောင်း ပါခဲ့သည်။ ထို မကျည်းဖြူ ရွာမှ တဖန် ဇနီး မောင်နှံ တို့သည် ဆားတောင် ရွာမှ ကျောင်းတကာ များ၏ ဖိတ်ကြား ခေါ်ဆောင်ချက် အရ ဆားတောင် ရွာသို့ ပြောင်းရွှေ့ နေထိုင် ရပြန်၏။


ထို ဆားတောင် ရွာတွင် စာပေ ပို့ချ သင်ကြားခြင်းဖြင့် အသက် မွေးမြူ နေထိုင်ရင်း သား သမီး သုံးဦးမျှ ရရှိ ထွန်းကား ခဲ့ပေသည်။ သားကြီး များမှာ ရဟန်းများ ဖြစ်ကြ၍ ကျောက်ပနံ ရွာ၌ ကျောင်းထိုင် ကြသည့် အလျောက် ဖခင် ဖြစ်သူ အသက်အရွယ် ကြီးရင့် လာသော အခါ ဝတ္တရား အတိုင်း ပြုစု စောင့်ရှောက် လိုကြ၍ ကျောက်ပနံ ရွာသို့ ခေါ်ယူ ပြုစု ကြပေ၏။


ထိုကျောက်ပနံ ရွာ၌ အေးဆေးစွာ တရား အားထုတ်ရင်း ဖိုးဝဇီရ ခေါ် ဦးဝဇီရသည် သက္ကရာဇ် ၁၂၉၇ ခုနှစ် တပေါင်း လပြည့်ကျော် ၁ ရက် အင်္ဂါနေ့ အသက် ၈၇ နှစ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှာ လေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

(၁) 'မဟာဆွေ'၏ 'ဖိုးဝဇီရ' အတ္ထုပ္ပတ္တိ။

(၂) 'စန်းယုအောင်'၏ 'ဖိုးဝဇီရ စာပေ'။

(၃) ပေါရာဏ ဒီပနီကျမ်း၊ မျက်နှာ ၄၁၅၊ ၄၁၆။

(၄) 'သူရိယ သတင်းစာ' လာ 'မဟာဆွေ' ၏ 'ဖိုးဝဇီရ' ဆောင်းပါး။

(၅) သက္ကရာဇ် ၁၂၉၉ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက်နေ့ထုတ် 'သူရိယ သတင်းစာ' လာ 'ဖိုးဝဇီရ မှာတမ်း' စာအုပ် ဝေဖန်ချက်။