ဘိုးလှိုင်၊ ဦး(ယောမင်းကြီး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ယောမင်းကြီး ဦးဘိုးလှိုင်
ယောမင်းကြီး ဦးဘိုးလှိုင်
အမည်ရင်း မောင်ဘိုးလှိုင်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် (၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်

ကွယ်လွန် ၁၂၄၅‌ (အသက် ၅၄နှစ်ဖြင့်)
နိုင်ငံသား Flag of Myanmar.svgမြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
အလုပ်အကိုင် ရွှေပြည်ဝန်ကြီး ဘုရင့်သစ္စာခံ အမှုထမ်း(ကုန်းဘောင်ခေတ်)၊ ယောအတွင်းဝန်(မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်)
မွေးရပ်ဇာတိ ရွာပုလဲရွာမြောင်မြို့ နယ်၊စစ်ကိုင်းတိုင်းမြန်မာနိုင်ငံ
ကြင်ဖော် ဒေါ်ခင်ဖြူ
ယောမင်းကြီးဦးဘိုးလှိုင်

ယောမင်းကြီး ဦးဘိုးလှိုင် ဟုခေါ်သော ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသောပညာရှိ တစ်ဦးဖြစ်သည်။ ယောမင်းကြီးသည် တီထွင်မှုပေါင်း များစွာကို ပြုလုပ်ခဲ့သော်လည်း ကြွားဝါခြင်း မရှိခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် များပြားလှစွာသော စာအုပ်များ၊ ကျမ်းများကို ရေးသားခဲ့သည်။ ယနေ့ခေတ် ကျောင်းစာတွင် သင်ကြားပေးနေကြသော တစ် တစ်လီ တစ်၊ တစ် နှစ်လီ နှစ် ဟူသော အမြှောက်အလီကျမ်း၊ ကျန်းမာရေးတွင် ယနေ့တိုင် အဖိုးမဖြတ်နိုင်သော ဥတုဘောဇနာကျမ်းကာယနုပဿနာကျမ်း စသည့် ထင်ရှားသော ကျမ်းများအပြင် အခြားသိပ္ပံစာပေ ကျမ်းစာအုပ်ပေါင်းများစွာကိုလည်း ရေးသား ပြုစုခဲ့လေသည်။

မျိုးရိုး[ပြင်ဆင်ရန်]

မြန်မာ့သမိုင်းတွင်ထင်ရှားကျော်ကြားလှသော သမိုင်းဝင်ပညာရှင်ကြီး ဦးဘိုးလှိုင်၏ အဖိုးမှာစာရေးတော်ကြီးဦးတော ဖြစ်သည်။ ဦးတောသည် ယင်းတောရွာမှ ဖြစ်ကာ ဉာဏ်ပညာထက်မြက်သူတစ်ယောက်လည်းဖြစ်သည်။ သူသည် အမရပူရမင်းနေပြည်သို့ သွားရောက်ကာ မိမိ၏ ကြီးပွားရေးလမ်းစကိုရှာဖွေရာ ဉာဏ်ပညာထက်မြက်သောကြောင့် ရွှေပြည်ဝန်လက်ဝဲဝင်းတော်မှူး ၏သမီးနှင့်ထိမ်းမြားနိုင်ခွင့်ရလေသည်။ (အကြောင်းပါခဲ့သည်)။ ရွှေပြည်ဝန်က ဦးတော၏ပညာဉာဏ်ကို သဘောကျသဖြင့် နန်းတွင်းတွင် အမှုထမ်းဆောင်ခွင့်ရအောင် စီမံပေးသောကြောင့် မင်းနေပြည်တော်တွင် စာရေးတော်ကြီး အဖြစ် အမှုထမ်းခွင့်ရခဲ့သည်။ စာရေးတော်ကြီးဦးတောနှင့် ရွှေပြည်ဝန်သမီးနှင့်တို့မှ သားတစ်ယောက်ထွန်းကားလေရာ ထိုသူငယ်ကို ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသောကြောင့် မောင်တုတ်ကြီးဟု ခေါ်ဆိုကြသည်။

မောင်တုတ်ကြီးမှာ ငယ်စဉ်ကပင် ဓားခုတ်၊ လှံထိုး ကျွမ်းကျွင်လှသည်။ အဖမှာလည်း နန်းတွင်းမှ ဖြစ်သောကြောင့် ဓားရေးလှံရေးကို စနစ်တကျ သင်ကြားခွင့်ရသည်။ မောင်တုတ်ကြီးအရွယ်ရောက်လာသောအခါ သူ၏ဖခင် ဦးတောက စစ်ဘက်တွင် အမှုထမ်းရန် လမ်းညွှန်တိုက်တွန်းသောကြောင့် စစ်ဘက်တွင် အမှုထမ်းခဲ့ပြီး ရဲစွမ်းရှိသောကြောင့် မကြာမီပင် စစ်သူကြီးအဆင့်ရောက်ရှိလာလေသည်။ ထိုအခါသူ့အားလေးစားသမှုဖြင့် ဦးရွှေတုတ်ဟု ခေါ်ဆိုကြလေသည်။ ဦးရွှေတုတ်သည် ယောမင်းကြီး ဦးဘိုးလှိုင်၏ အဖပင်ဖြစ်လေသည်။ ဦးရွှေတုတ်တွင် ကတော်သုံးပါး ရှိလေရာ ဝန်ကတော်မယ်ငြိမ်းနှင့် ရသောသားသည် ယောမင်းကြီး အလောင်းလျာပင်ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဘိုးလှိုင်ကို မြန်မာသက္ကရာဇ် (၁၁၉၁) နှောင်းတန်ခူးလဆန်း (၁၀)ရက် မနက်(၃) နာရီကျော်တွင် မြောင်မြို့နယ် ရွာပုလဲရွာ၌ ဖွားမြင်သည်။ အဖမှာ ယင်းတောဝန်ကြီး ဦးရွှေတုတ်၊ အမိ ဝန်ကတော် မယ်ငြိမ်း ဖြစ်သည်။ ဦးဘိုးလှိုင် (၉) နှစ်သားအရွယ်တွင် ဦးရွှေတုတ်သည် ရေနံချောင်းမြို့စား၊ ယင်းတောဝန်ကြီးအထိရာထူးမြင့်တက်လာလေသည်။

သာယာဝတီမင်းသည် အောက်မြန်မာနိုင်ငံ ရွှေတိဂုံဘုရားဖူးပြီး ပြန်လာချိန်တွင် ကံကြမ္မာဆိုးသောကြောင့် စိတ်တော်မူမမှန် ဖောက်ပြန်စပြုလာလေသည်။ ထိုအခြေအနေတွင် မိဖုရားခေါင်ကြီးက မင်းကြီး၏ဝေဒနာ သည်းလာသည်ကို အကြောင်းပြု၍ အိမ်ရှေ့စံနေရာတွင် ပုဂံမင်းသားအား မင်းကြီး၏အမိန့်ဟု ဆိုကာ တင်မြှောက်ပေးလိုက်လေသည်။ သာယာဝတီမင်း၏ စိတ္တဇရောဂါအခြေအနေပိုမိုဆိုးရွားလာသောကြောင့် မှူးမတ်အချို့နှင့် ဝန်ကြီးများမှာ (နေမကောင်းဟန်ဆောင်သူဆောင်ကာ) အကြောင်းအမျိုးမျိုးပြ၍ နန်းတွင်းသို့ အခစားမဝင်ဘဲ ရှောင်တိမ်းကြလေသည်။ သို့သော် မောင်ဘိုးလှိုင်၏ အဘဖြစ်သူ ယင်းတောဝန်ကြီးမှာမူ ကျွန်သခင်အရင်း ချင်းမည်သို့မှ မလုပ်တန်ရာဟု ထင်မှတ်ကာ အခြေအနေကို အကဲခတ်ရန် သွားလေသည်။ ထိုအခိုက်တွင် ရွှေဘိုမင်းမှ ဦးရွှေတုတ်အား လှံဖြင့် လိုက်လံထိုးလေသည်။ ယင်းတောဝန်ကြီးသည် သာယာဝတီမင်း စိတ်နောက်စဉ် အသတ်ခံရသည်။

မောင်ဘိုးလှိုင်၏ အမိ ဝန်ကတော်မယ်ငြိမ်းသည် ထိုအဖြစ်ကို ကြားသိရသောအခါ မင်းရာဇဝတ်ဒဏ်သည် သားသမီးများအပေါ် သက်ရောက်နိုင်သည်ဟု ယူဆကာ မင်းတုန်းမင်း၏ အိမ်တော်သို့ ခိုလှုံခွင့်တောင်းသည်။ သို့ရာတွင် မင်းတုန်းမင်းသားက လက်မခံထားဝံပဲ စကြာဒေဝီ မင်းသမီးကြီး၏ အိမ်တော်သို့တဆင့် ပို့လေသည်။ စကြာဒေဝီမင်းသမီးကြီးမှာ ဇီဝိတဒါန အခွင့်ထူးခံ မင်းသမီးကြီး ဖြစ်သောကြောင့် မောင်ဘိုးလှိုင်၏ အသက်ကို ချမ်းသာပေးရန် အခွင့်ရှိလေသည်။

ထိုသို့ဖြင့် မောင်ဘိုးလှိုင်သည် စကြာဒေဝီမင်းသမီးကြီး၏ အိမ်တော်တွင် ခိုလှုံခွင့် ရရှိလေသည်။ ထိုသို့ နန်းတွင်းရေးရှုပ်ထွေးချိန်တွင် ပြည်မင်းသားကြီးသည် ပုန်ကန်မှုကိုပြုလုပ်လေရာ ဘုရင့်တပ်မတော်က ပြန်လည်ဖမ်းမိသောကြောင့် ကွပ်မျက်လိုက်လေသည်။ ပြည်သူလူထု တစ်ရပ်လုံးက ဝမ်းနည်းမှုများ ဖြစ်ခဲ့ရသည်။ သို့ဖြင့် ပြည်သူတို့ စိတ်ကြိုက်မဟုတ်သော ပုဂံမင်းသားသည် နန်းတက် လာလေသည်။

ပုဂံမင်းသား ဘုရင်ဖြစ်သော် ပုဂံမင်းဟုပင် အမည်တွင်သည်။ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့သည်လည်း လွှတ်တက် မင်းသားကြီးများ အဖြစ်ရောက်ရှိလာသည်။ ထိုအချိန်တွင် မောင်ဘိုးလှိုင်သည် ဗားကရာဆရာတော်ထံတွင် ပညာလေ့လာ ရှာမှီးနေပြီး မဲထီးဆရာတော်ထံ၌လည်း ပညာသင်ကြားခွင့် ရခဲ့လေသည်။ ထို့အပြင် ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော စကြာဒေဝီမင်းသမီးကြီးထံ မှလည်း ပညာများဆည်းပူးခွင့် ရရှိခဲ့သည်။

ထိုကာလ၌ ပြည်သူလူထုတို့က မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ကို ပုဂံမင်းထက် ပိုမိုကြိုက်နှစ်လို ကြလေသည်။ ထို့ကြောင့် ပုဂံမင်းက သူ၏ထီးနန်းတည်မြဲရန် ထိုညီနောင်ကို ရှင်းမှသာ ဖြစ်မည်ဟု မှတ်ယူလေသည်။ ထိုအချင်းအရာကို ကြိုတင်သိသော မင်းသားညီနောင်တို့က အကြံဦးကာ (၁၂၁၄)၊ ပြာသိုလဆန်းရှစ်ရက်တွင် ရွှေဘိုသို့ထွက်ခွာကာ ခြားနားကြလေသည်။ မဆွကပင် မင်းသားတို့အား စကြာဒေဝီမင်းသမီးကြီးက ဉာဏ်ပညာထက်မြက်သော မောင်ဘိုးလှိုင်ကို ခေါ်ဆောင်သွားသင့်ကြောင်းကို အကြံပေးပြောဖူးလေရာ မင်းသားညီနောင်တို့က မဲထီးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော မောင်ဘိုးလှိုင်ကို ခေါ်ဆောင် သွားလေသည်။ ထိုအဖြစ်အပျက်မှာ ဦးဘိုးလှိုင်၏ ငယ်ဘဝ အဆုံးသတ်ကာ မင်းမှုထမ်းဘဝ ရောက်ရှိလာ ခြင်းပင်ဖြစ်လေတော့သည်။

အမှုထမ်းဘဝ[ပြင်ဆင်ရန်]

မောင်ဘိုးလှိုင်သည် မင်းသားညီနောင်နှင့်လိုက်ပါကာ ၊ ရွှေဘိုမြို့အား သိမ်းပိုက်ပြီးချိန်တွင် ချီးမြှင့် မြှောက်စားထိုက်သူများကို ချီးမြှင့်လေသည်။ မောင်ဘိုးလှိုင်ကို သားအဖြစ်မွေးစားကာ မင်းလှစည်သူဘွဲ့ အမည်ဖြင့် ယောမြို့ကို အပိုင်စားပေးသနားစေသည်။ ယောမြို့စားမင်းသားဟု ထင်ရှားလာလေသည်။ ထို့နောက်မင်းနေပြည်တော်ကိုရောက်ချိန်၊ မောင်ဘိုးလှိုင် အသက် ၂၄ နှစ်အရွယ်တွင် မင်းတုန်းမင်းတရားကြီးက မကွေးမြို့စား သတိုးမင်းကြီး မဟာမင်းလှစည်သူ ၏ သမီးအငယ်ဖြစ်သူ မခင်ဖြူနှင့် လက်ထပ်စေရန် အမိန့်ချမှတ်လိုက်လေသည်။ ထိုအချိန်၌ ခင်ဖြူသည် အသက် နှစ်ဆယ်မျှသာ ရှိသေးသည်။ မင်းမှုထမ်းရင်းနှင့် ကြင်ရာပါရလေသည်။

ဦးဘိုးလှိုင် အသက် ၂၈ နှစ် အရွယ်တွင် ယောမြို့စား အရာမှ တိုးမြှင့် ၍ အတွင်းဝန်ယောမြို့စား အရာသို့ သူကောင်းပြုခြင်း ခံရသသည်။ ဘွဲ့မည်ကိုလည်း မင်းလှစည်သူမှ မင်းကြီးမင်းလှမဟာစည်သူ ဟု ပေးအပ်ချီးမြှင့်လေသည်။ ဦးဘိုးလှိုင်၏ မင်းမှုထမ်းသက် ၂၆ နှစ်တွင် ခြောက်ကြိမ် အရာမှ နုတ်သိမ်းခံရသည်။ ပထမအကြိမ် သည် ၁၂၂၇ ခုနှစ်တွင် ဖြစ်၍ ရာဇဓမ္မသင်္ဂဟကျမ်းကို ဆက်သပြီးချိန် ၁၂၄၀ ခုနှစ်တွင် နောက်ဆုံးဖြစ်လေသည်။ ၁၂၃၈ ခုနှစ် ကဆုန်လမှစ၍ မင်းတုန်းမင်းတရားကြီး၏ တောင်နန်းမတော်ကြီး(စကြာဒေဝီ) နာမကျန်းဖြစ်တော်မူသည်။ ထိုအချိန်တွင် ဦးဘိုးလှိုင်၏ ရာထူးမှာ ရွှေပြည်ဝန် ဝက်မစွတ်မြို့စား မင်းကြီး မင်းလှမဟာစည်သူ ဖြစ်လေသည်။ ဤသည်မှာ ဦးဘိုးလှိုင်၏ မင်းမှုထမ်းဘဝ ဖြစ်ကာ သူ၏အရှင်သခင် အပေါ်တွင် များစွာအထောက်အကူ ပြုသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့လေသည်။

စကြာဒေဝီမိဖုရားကြီး လွန်သော် မင်းတုန်းမင်းလည်း ပူဆွေးလှသဖြင့် မိဖုရားကြီးအလောင်းကို သင်္ဂြိုဟ်ခွင့်လည်းမပေး၊ ညီလာခံလည်း မထွက်ဘဲနေခဲ့သည်။ ထိုအခါ မှူးမတ်၊ မင်းညီမင်းသားများလည်း မလျှောက်တင်ဝံ့သဖြင့် အရာကျနေသည့် ဦးဘိုးလှိုင်ကို အကူအညီတောင်းရာ ဦးဘိုးလှိုင်လည်း စာတစ်စောင်ကို မှူးမတ်များကိုယ်စား ရေးသားပြီး ဆက်သလေသည်။ မင်းတုန်းမင်းလည်း စာကိုဖတ်လျှင် ဦးဘိုးလှိုင်လက်ရာမှန်းသိသောကြောင့်တစ်ကြောင်း၊ စာပါအချက်များမှာ ညီညွှတ်သည်ကြောင့်တစ်ကြောင်း စိတ်လျော့ကာ မိဖုရားကြီး အလောင်းကို သင်္ဂြိုဟ်ခွင့်ပေးလေသည်။ ဦးဘိုးလှိုင်ကိုလည်း ပြန်လည်ခေါ်ယူကာ ဆူပူကြိမ်းမောင်းဟန်ပြုပြီး အရာပြန်ပေးခဲ့သည်။ ဦးဘိုလှိုင်သည် မင်းတုန်းမင်း လက်ထက်မှ သီပေါမင်း လက်ထက်တိုင် အတွင်းဝန်မြို့စားအတိုင်ပင်ခံ ပညာရှိ စသော ရာထူးတို့ဖြင့် အမှုထမ်းရွက်သည်။ တစ်ဖက်တွင်လည်း မြန်မာစာပေလောက၌ ထင်ရှားသော ဝိဇ္ဇာသိပ္ပံ ပညာရပ်ဆိုင်ရာ ကျမ်းများကို ပြုစုခဲ့သည်။

စိတ်ဓာတ်[ပြင်ဆင်ရန်]

မင်းမှုထမ်းဘဝ၌ ရှိစဉ် ဦးဘိုးလှိုင်သည် မင်း အလိုလိုက်၊ မင်း အကြိုက်မဆောင်ခဲ့ချေ။ ရာထူး စည်းစိမ်ကို မငဲ့ခဲ့။ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်။ ဤတွင် မကြာခဏ ဘုရင် မျက်သည်ကို ခံခဲ့ရသည်။ သုံးကြိမ်ထက် မနည်း စည်းစိမ် နုတ်သိမ်းခြင်းခံရသည်။ အကျယ်ချုပ် ချထားခြင်း ခံခဲ့ရသည်။ သီပေါမင်း လက်ထက်တွင် ဦးဘိုးလှိုင်သည် အရာကျခဲ့ပြန်သည်။ ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို တော်လှန်လျက် ပြည်သူ့အာဏာဖြင့် အုပ်ချုပ်မှုကို ကြိုဆိုသည့် "ရာဇဓမ္မ သင်္ဂဟကျမ်း"ကို ရေးသားပြုစုခဲ့ရာ ဘုရင်က မနှစ်သက်နိုင်အောင် ဖြစ်နေသည်။ ထိုအတော်အတွင်း ဘုရင်မင်းမြတ်သည် လွန်စွာ အသုံးအဖြုံး ကြီးသည်။ "ဘဏ္ဍာတော်ဆိုသည်မှာ ဆင်းရဲသားတို့၏ ချွေးနှဲစာမှ ညှစ်ထုတ်ယူထားသည် ဖြစ်၍ ကျောက်ခဲသလဲကဲ့သို့ သဘောမထားသင့်ပါ" ဟု ဆိုကာ ဘုရင့် ဘဏ္ဍာရေးအာဏာကို ကန့်သတ်ရန် ကြိုးပမ်းသည်။ ဤတွင် မိဘုရားက "ရှင်ဘုရင် လုပ်ရတာ ငလှိုင်ပေးသရွေ့နဲ့ စားရမတဲ့လား၊ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်ပါဘူး" ဟူ၍ ဒေါသမာန် ပါပါဖြင့် ပြောရာ သီပေါမင်းကပါ နားယောင်လျက် ဦးဘိုးလှိုင်ကို ရာထူးမှ ချလိုက်သည်။ ဤအကြိမ်သည် နောက်ဆုံးအကြိမ် ရာထူးကျခြင်း ဖြစ်သည်။ ထပ်မံ ရာထူးခန့်အပ်ထားခြင်း မခံရတော့ပေ။ သို့ရာတွင် ဦးဘိုးလှိုင်သည် မမှုခဲ့၊ စိတ်ဓာတ်မကျခဲ့။ အေးချမ်းစွာ ခြံဥယျာဉ်အလုပ်ကို လုပ်ကိုင်လျက် မိမိ ဝါသနာပါသော ကျမ်းပြုခြင်း အလုပ်ကို လွတ်လပ်စွာ ဖိ၍ လုပ်ကိုင်ခဲ့လေသည်။

လူသားအကျိုးပြု လုပ်ငန်းများ[ပြင်ဆင်ရန်]

ဦးဘိုးလှိုင်သည် မြန်မာပါဠိသက္ကတ စာပေတို့အပြင် မျိုးခြားစာပေများကိုလည်း ဆည်းပူး လေ့လာသည်။ အမှန်တရားကို စူးစမ်းရှာဖွေ၍ လည်း ထုတ်ဖော်လေ့ ရှိသည်။ မင်းတုန်းမင်း လက်ထက်တွင် "ကမ္ဘာသည် လုံးသည်၊ ပြားသည်" ဟူသော ပြဿနာ ပေါ်ပေါက်ခဲ့ရာ "ကမ္ဘာသည် လုံးသည်"ဟူသော အယူအဆဘက်မှ ရဲဝံ့စွာ မားမားမတ်မတ် ရပ်ခဲ့သည် ဆိုသည်။ ထို့ကြောင့် ကနောင်မင်းသားနှင့် ဦးဘိုးလှိုင်တို့သည် အလွန်အတွဲ ညီကြသည်။ သူတို့သည် ခေတ်သစ်ကို ထူထောင်လိုသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံကို အခြားသော တိုးတက်နိုင်ငံများ နည်းတူ တိုးတက်စေလိုသည်။ သို့မှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ထားကြဟန် တူသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးကို အစွမ်းကုန် ဆောင်ရွက်ကြသည်။ ဦးဘိုးလှိုင်က သဘောတရားရေးဆရာ၊ ကနောင်မင်းသားက လက်တွေ့ဆရာ ဖြစ်ရာ အလွန်လိုက်ဖက်ညီကြသည်။ ဘာသျှကာရ ဆရာစီရင်သော လိကာဝတီ ဂဏန်းကျမ်းကို သက္ကတဘာသာမှ မြန်မာဘာသာသို့ ဦးဘိုးလှိုင် ပြန်ဆိုခဲ့သည်မှာ ကနောင်မင်းသား၏ တိုက်တွန်းချက် အရ ဖြစ်ပေသည်။

ထိုစဉ်က ကနောင်မင်းသားကြီး၏ စီမံကိန်းအရ အင်္ဂလန်ပြင်သစ်အီတလီနိုင်ငံများသို့ မြန်မာ ပညာတော်သင်များ စေလွှတ်ခဲ့သည်။ ယင်းတို့ အထဲတွင် ဦးဘိုးလှိုင်၏ တပည့်များစွာလည်း ပါဝင်သည်။ ဦးဘိုးလှိုင်သည် ထိုသူတို့၏ အကူအညီဖြင့် အနောက်တိုင်း ဝိဇ္ဇာသိပ္ပံ ပညာရပ်တို့ကို ကောင်းစွာ လေ့လာဆည်းပူးခွင့် ရခဲ့သည်။ တစ်ဖန် ယင်းတို့ကို လေ့လာဆည်းပူးရုံဖြင့် အားမရ၊ မြန်မာလူထု လက်သို့ရောက်အောင်လည်း ဆီလျှော်အောင် ပြန်ဆို ပြုစုပေးခဲ့သည်။

ရေးသားခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

ဦးဘိုးလှိုင်သည် ၁၂၂၂ ခုနှစ်မှစ၍ ၁၂၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်အတွင်းတွင် ကျမ်းစာပေါင်းများစွာ ပြုစုရေးသားခဲ့သည်။ ထိုကျမ်းစာများသည် မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) တွင်ပါဝင်၍ အောက်ပါအတိုင်းဖြစ်သည်။

  • လိကာဝတီ ဂဏန်းကျမ်း(၁၂၂၅ ခုနှစ်) အိမ်ရှေ့စံကနောင်မင်းသားကြီး၏ အမိန့်တော်ကြောင့် ရေးသည်။
  • လောကဓာတ် ဆေးကျမ်း(၁၂၃၀ ခုနှစ်) ဖန်ချက်ဝန်ထောက် မင်းထင်ပညာသိဒ္ဓိကျော် နှင့် အတူရေးသည်။
  • လိပိဒီပိကာကျမ်း[၁]၊ ကြေးနန်းရိုက်ကျမ်း (၁၂၃၁ ခုနှစ်) ထိုကျမ်းကို အင်္ဂလိပ်သံအရာရှိ မက်မာဟွန်က အင်္ဂလိပ်ဘာသာ သို့ပြန်ဆိုခဲ့သည်။
  • သဒ္ဒသင်္ဂဟ ကျမ်း(၁၂၃၁-၁၂၃၅ ခုနှစ်)
  • အဿဗေဒကျမ်း (၁၂၃၁ ခုနှစ်) မြင်း၏ကြင်အင်လက္ခဏာပြကျမ်းဖြစ်၍ ဘုရင့်အမိန့်တော်အရရေးသည်။
  • ဝိမုတ္တိရသကျမ်း(၁၂၃၃ ခုနှစ်)
  • မဟာ သမ္မတ ဝိနိစ္ဆယကျမ်း(၁၂၃၄ ခုနှစ်)
  • ကာယနုပဿနာကျမ်း(၁၂၃၇ ခုနှစ်) စလင်းမင်းသမီး၏တောင်းပန်ချက်အရရေးသည်။
  • ဝိပဿနာ ဉာဏ်ဆယ်ပါး(၁၂၃၉ ခုနှစ်)
  • ရာဇဓမ္မ သင်္ဂဟကျမ်း(၁၂၄၀ ခုနှစ်)
  • နဝသိဒ္ဓန္တ လက်ရိုးကျမ်း(၁၂၄၁ ခုနှစ်)
  • ဥတုဘောဇန သင်္ဂဟကျမ်း(၁၂၄၂ ခုနှစ်)
  • အလင်္ကာနိဿယကျမ်း(၁၂၄၂ ခုနှစ်)
  • မဟာသုဇာတက ဗေဒင်ကျမ်း(၁၂၄၃ ခုနှစ်)
  • မဟာသုဇာတက (၁၂၄၃ ခုနှစ်)
  • နဝသိဒ္ဓန္တကျမ်း
  • အသုတသာဂရကျမ်း
  • နိဗ္ဗာန်ရောက်ကြောင်း စာတမ်း
  • ဝိဇယသုတ်
  • သံဌသုတ်
  • သမသနဉာဏ်တော် ၁၀ ပါးအကျယ်
  • သဒ္ဒသင်္ဂဟကျမ်း စသဖြင့် ကျမ်းပေါင်း (၁၉) အုပ်ပါရှိသည်။

ထို့သို့ မြောက်မြားစွာရေးသားသည်မှာ သူတစ်ဦးတည်းနှင့်ပင် တက္ကသိုလ်ကျောင်းတစ်ကျောင်း ထူထောင်နိုင်လောက်အောင် တတ်ကျွမ်းသူတစ်ဦးဖြစ်လေသည်။

ယင်းတို့အနက် လောကဓာတ် ဆေးကျမ်းသည် ပြင်သစ်ဘာသာဖြင့် ပါမောက္ခ အင်ဒရီ မရီ အမ်ပီယာ (Andre Marie Ampere) ရေးသည့် ဓာတုဗေဒ ပညာရပ်ဆိုင်ရာ ကျမ်းကို မြန်မာဘာသာဖြင့် ဆီလျော်အောင် ပြန်ဆိုသော ကျမ်းဖြစ်သည်။ ပြင်သစ်ပြန် ဖန်ချက်ဝန်ထောက် မင်းထင်ပညာ သိဒ္ဓိကျော်၏ အကူအညီဖြင့် ပြန်ဆိုသည်။ ယင်းကျမ်း၌ ဓာတုဗေဒ ပညာရပ်ကိုသာမက ရူပဗေဒပညာရပ်ကိုပါ တင်ပြထားသည်။ ဓာတုဗေဒ သဘောဖြစ်သော ဓာတ်အကြောင်း၊ ဓာတ်စင်တို့ အကြောင်း စသည်တို့ကို တင်ပြသည့် နည်းတူ ရူပဗေဒသဘောဖြစ်သော အလင်းအပူလျှပ်စစ်အသံ စသည်တို့ အကြောင်းကိုလည်း တင်ပြထားသည်မှာ စုံလင်လှပေသည်။ ယင်းကျမ်းသည် ဘာသာပြန်ဆိုပုံကို ကျစ်လစ် သိပ်သည်း၍ အဓိပ္ပါယ် တိကျသည်ဟု ဆိုကြသည်။ ခဲရာခဲဆစ်ဖြစ်သော သိပ္ပံဝေါဟာရတို့ကို မြန်မာ အဂ္ဂိရတ်ကျမ်းတို့၌ ရှိပြီးဖြစ်သော ပါဠိ၊ သက္ကတ ဝေါဟာရတို့နှင့် ညှိုနှိုင်း ပြန်ဆိုထားသည်။ ဥပမာ- အခဲကို ဃန၊ အရည်ကို ဒဝ၊ အခိုးကို ဓုမ၊ ဒြပ်စင်ကို သုဒ္ဓ၊ အောက်စီဂျင်ကို ရီတိဇ စသည်ဖြင့် ပြန်ဆိုထားသည်။ ထိုခေတ် လူတို့ နှစ်သက်လက်ခံသော ဝေါဟာရများကို ဦးစားပေး အသုံးပြုထားခြင်းပင် ဖြစ်သည်။

လိပိဒိပိကာ ကျမ်းသည် မော့စ် ဥပဒေကို အခြေခံထားလျက် မြန်မာဘာသာဖြင့် ကြေးနန်းရိုက်နည်းကို တီထွင်ပြုစုသော ကျမ်းဖြစ်သည်။ ထိုကျမ်းကို မန္တလေးမြို့၌ ရုံးစိုက်သော ဗြိတိသျှ ကိုယ်စားလှယ် မေဂျာ မက္ကမေဟန်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။ မြန်မာမင်းပိုင် နေပြည်တော်အတွင်း ကြေးနန်းသွယ်တန်း ဆက်သွယ်ပြီးနောက် ကြေးနန်းဆက်သွယ်ရေး အလုပ်သမားတို့ အကျိုးငှာ ပြုစုခြင်း ဖြစ်သည်ဆိုသည်။ ကာယာနုပဿနာကျမ်းသည် အီတာလျံ ဘာသာဖြင့် ရေးသားထားသော ခန္ဓာဗေဒကျမ်း (Anotomy)ကို ဗုဒ္ဓဘာသာ ကမ္မဌာန်းတရားနှင့် ယှဉ်ပြသော ကျမ်းဖြစ်သည်။ မဟာသုဇာတက ကျမ်းမှာမူ ဗေဒင်ပညာရပ်တို့ကို နက္ခတ္တဗေဒ (Astronomy) နှင့် ယှဉ်ပြသော ကျမ်းဖြစ်သည်။ အထင်ရှားဆုံးမှာ "ဥတုဘောဇန သင်္ဂဟကျမ်း" ဖြစ်သည်။ နောက်ဆုံး ရာထူးကျပြီးနောက် ရေးသားပြုစုသော ကျမ်းဖြစ်သည်။ ပါဠိ၊ သက္ကတ ဆေးကျမ်းများနှင့် အနောက်တိုင်း ဆေးကျမ်းတို့ကို မှီငြမ်းပြုကာ မြန်မာ့မူ၊ မြန်မာ့ဟန်မပျက် တင်ပြထားသော ဆေးကျမ်းဖြစ်သည်။ ထိုခေတ် မြန်မာပြည်သူတို့အတွက် ကျန်းမာရေး လမ်းညွှန်ဖြစ်သည် ဟုဆိုလျှင် သင့်ပေသည်။ ထိုကျမ်းကို ဦးဘိုးလှိုင်သည် မကွယ်လွန်မီ ၃ နှစ် အလိုတွင် ရေးသားပြီးစီးခဲ့သည်။ သူ ကွယ်လွန်ပြီး တစ်နှစ်အကြာတွင် ၁၂၄၆ ခုနှစ်တွင် သီပေါဘုရင် ပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့သည်။ ဥတုဘောဇန သင်္ဂဟကျမ်းသည် ဆေးပညာအနေဖြင့် အဖိုးထိုက်သော ကျမ်းတစ်ကျမ်းလည်း ဖြစ်သည်။ မြန်မာစကားပြေ အရေးအသား အနေဖြင့်လည်း အဖိုးထိုက်သော ကျမ်းတစ်ကျမ်း ဖြစ်သည်။ စံပြုထိုက်သော ကျမ်းဖြစ်သည်။ အရေးအသားမှာ အပိုအလို မပါ။ လွန်စွာ ကျစ်လစ် သိပ်သည်းသည်။ တိကျသည်။ ရှင်းလင်းသည်။ ပြတ်သားသည်။ ထိုကျမ်း၌ ကာဗွန်ကို မီးသွေး၊ Acid ကို ငရဲမီး၊ Beer ကို ဗျစ်ခါး စသည်ဖြင့် ပြန်ဆိုထားသည်။ မြန်မာဘာသာ ပြန်ဆို၍ မထိမိသော ဝေါဟာရများကိုမူ ဟိုက်ဒရော်ဂျင် (Hydrogen)၊ အောက္ကစီဂျင် (Oxygen)(အထက်တွင်-ရီတိဇဟု ဖော်ပြထားသည်)၊ နိုက်ထရကာစစ် (Nitric Acid)၊ ကလော်ရစ် အာစစ် (Chloric Acid)၊ ဝှစ္စကီ (Whisky)၊ ဗြန္တီ (Brandy)၊ ရွန် (Rum)၊ ဝိုင် (Wine)၊ ဇင် (Gin) စသည်ဖြင့် အသံလှယ် ပြန်ဆိုထားခဲ့သည်။ နည်းမှီး အတုယူဖွယ်ပင် ဖြစ်လေတော့သည်။ မြန်မာ့သမိုင်းတွင် မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်း ( Ree's Encyclopedia) မှ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်ဟု ဆိုသည်။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ မက္ခရာ မင်းသားကြီးနည်းတူ အခြား ပြန်ဆိုသူများ ရှိကောင်း ရှိဦးမည်လား မဆိုနိုင်ပေ။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ အခိုင်အခံ့ ရပ်တည်ကျန်ရှိနေသည်ကား ဦးဘိုးလှိုင်၏သိပ္ပံစာပေတို့သာ ဖြစ်သည်။ ဤတွင် မြန်မာလူမျိုးများထဲ၌ အနောက်တိုင်း သိပ္ပံစာပေကို အခိုင်အခံ့ တည်ရစ်အောင် ပထမဆုံး ပြန်ဆို ပြုစုခဲ့သူမှာ ဦးဘိုလှိုင်ပင် ဖြစ်သည်ဟု ဆိုသော် ရအံ့ထင်သည်။ ဦးဘိုးလှိုင်သည် ယင်းသို့ပညာအရာ၌ စံတင်ထိုက်သည်သာမက စိတ်ဓာတ်အရာတွင်လည်း စံတင်ထိုက်သည်။ သက်ဦးဆံပိုင် ဘုရင် ထံပါတွင် အမှုထမ်းရပါလျက် အသက်အိုးအိမ် စည်းစိမ်ကို ဂရုမပြု။ ပြည်သူတို့ဘက်မှ နေ၍ မှန်ရာကို ပြောခဲ့၊ ရေးခဲ၊ ပြုခဲ့သည်မှာ လွန်စွာ အံ့ချီးဖွယ်ရာ ဖြစ်ပေသည်။ ဦးဘိုးလှိုင်သည် သူရ သတ္တိနှင့် ပြည်စုံသည်သာမက၊ အလွန်ဖြောင့်မတ်၏။ ပွင့်လင်း၊ ပြတ်သားသည်။ ထိုပြင် ခွင့်လွှတ်တတ်သော သဘောလည်း ရှိ၏။ မိမ အရာကျအောင် ကုန်းချောသော သူများကို မည်သည့်အခါမှ ရန်တုန့်မမူခဲ့ပေ။ တစ်ခါသော် ဦးဘိုးလှိုင်အား အရာကျအောင် မင်းတုန်းမင်းအား ကုန်းချောခဲ့သော တောင်ထားဝယ်ဗိုလ်ကလေး ရတနာ့ဂူ ဘုရားပွဲတော်၌ မီးကျဉ်သင့်၍ သေဆုံးသွားသည်။ ထိုအခါ မင်းမှုထမ်း တစ်ဦးက "ဝန်မင်းကို ကုန်းချောတဲ့သူ သေပါရော့လား။ ရှေးက ဝိပါတ် ၇ ရက်၊ ကာလဝိပါတ် နောက်ပိုးတတ်ဆိုတာ မှန်ပါရော့လား" ဟု ဝမ်းသာအားရ ပြောလာသည်။ ဤတွင် ဦးဘိုးလှိုင်က "သူသေတာ ငါနှင့် မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ။ ငါလည်း ငါ့ကံနဲ့ ငါပါ။ သည်ဟာနှင့် စပ်လျဉ်းလို့ နောက်ထပ် မည်သူ့ကိုမျှ မပြောလေနှင့်နော်" ဟူ၍ တားမြစ်ခဲ့လေသည်။

ကွယ်လွန်ချိန်[ပြင်ဆင်ရန်]

ဦးဘိုးလှိုင်သည် အသက် ၅၄ နှစ်အရွယ်၊ ၁၂၄၅ ခုတွင် ကွယ်လွန်သည်။ ကွယ်လွန်ခါနီး တစ်လခန့်အလိုတွင် သူ၏ ငယ်သူငယ်ချင်း ဦးတူကို အိမ်သို့ ခေါ်ထားသည်။ သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြသည်။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးကြသည်။ ရွတ်ဖတ်သရဇ္ဈာယ် ပြုကြသည်။ ယင်းသို့ ပြုရင်းပင် ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိ။ အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်။ သူကွယ်လွန်သည်မှာ ကာလကြာပြီး ဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊ သူ့စိတ်ဓာတ်၊ သူကြိုးပမ်းချက်တို့ကား မကွယ်ပေ။ ယနေ့တိုင် ရှင်သန်ဆဲပင် ဖြစ်ပေသည်။ [၂] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. https://tuxdoc.com/download/-239_pdf
  2. http://wikimyanmar.co.cc/wiki/index.php?title=%E1%80%B1%E1%80%9A%E1%80%AC%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%81%BE%E1%80%80%E1%80%AE%E1%80%B8_%E1%80%A6%E1%80%B8%E1%80%98%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%AD%E1%82%88%E1%80%84%E1%80%B9
  3. ဆရာမင်းယုဝေ ရေးသားသော ပထမ မြန်မာများစာအုပ်။ နှာ-၁၈