ဘာလန် ဒရာရှာ
ဘာလန် ဒရာရှာ | |
|---|---|
बालेन्द्र शाह | |
| ၄၀ ဦးမြောက် နီပေါနိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၇ မတ် ၂၀၂၆ | |
| သမ္မတ | ရာမစန္ဒြ ပေါ်ဍေလ |
| ယခင်လူ | ဆူရှီလာ ကာ့ရ်ကီ (ယာယီဝန်ကြီးချုပ်) |
| အောက်လွှတ်တော် (နီပေါ) (ရွေးကောက်ခံ ပါလီမန်အမတ်) | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၇ မတ် ၂၀၂၆ | |
| ယခင်လူ | ကေပီ ရှာမာ အိုလီ |
| မဲဆန္ဒနယ် | Jhapa 5 |
| ၁၅ဦးမြောက် မြို့တော်ဝန် | |
| တာဝန်သက်တမ်း ၃၀ မေ ၂၀၂၂ – ၁၈ ဇန်နဝါရီ ၂၀၂၆ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဘလန် ဒရာရှာ ၂၇ ဧပြီ၊ ၁၉၉၀ နာရဒေဝီ၊ ခတ္တမန္ဒုမြို့၊ နီပေါနိုင်ငံ |
| နိုင်ငံရေးပါတီ | ရာစထရီယာ ဆွာတန်ထရာပါတီ (၂၀၂၅–လက်ရှိ) |
| အခြား နိုင်ငံရေးလွှမ်းမိုးမှု | တစ်သီးပုဂ္ဂလနိုင်ငံရေးသမား (၂၀၂၂–၂၀၂၅) |
| ကြင်ဖော် | ဆဘီနာ ကာဖလေ (၂၀၁၈ လက်ထပ်) |
| သားသမီး | ၁ဦး |
| မိခင်ကျောင်း |
|
| ကျွမ်းကျင်မှု |
|
| ကျော်ကြားမှု | တစ်သီးပုဂ္ဂလနိုင်ငံရေးသမား ခတ္တမန္ဒုမြို့တော်ဝန် |
ဘလန် ဒရာရှာ (အင်္ဂလိပ်: Balendra Shah; ၂၇ ဧပြီ ၁၉၉၀ မွေး)သည် နီပေါနိုင်ငံရေးသမား နှင့် ရက်ပ်ပါ အဆိုတော်ဟောင်း ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် မတ်လ ၂၇ရက် မှစ၍ ၄၀ဦးမြောက် နီပေါနိုင်ငံ၏ နိုင်ငံတော်ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။[၁]
ကေပီ ရှာမာ အိုလီအစိုးရပြုတ်ကျသွားသော ၂၀၂၅ ခုနှစ် နီပေါ Gen Z ဆန္ဒပြပွဲများအပြီး ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တက်ရောက်လာခြင်း ဖြစ်သည်။ အသက် ၃၅ နှစ်အရွယ်ရှိ ဘလန်ဒရာ ရှာသည် နီပေါနိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံး ဝန်ကြီးချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၂]
သူသည် ယခင်က ခတ္တမန္ဒုမြို့၏ ၁၅ဦးမြောက် မြို့တော်ဝန် အဖြစ် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[၃]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဘလန် ဒရာရှာ သည် ၁၉၉၀ ပြည့်နှစ်၊ ဧပြီ ၄ ရက်နေ့၊ ခတ္တမန္ဒုမြို့ တွင် မွေးဖွားခဲ့ပြီး၊ အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်သည်။[၄]
သူသည် နောက်ပိုင်းတွင် ရက်ပ်ပါ ဂီတ လူငယ် အဆိုတော် တစ်ဦးအဖြစ် ကျော်ကြားလာခဲ့သည်။
နိုင်ငံရေးဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]ရှာသည် ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး လူငယ် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် နိုင်ငံရေး နယ်ပယ်ထဲ စတင်ဝင်ရောက်လာခဲ့သည်။
၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲမွဲတေမှုပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ နှင့် အဂတိလိုက်စားမှု ကိစ္စရပ်များကို တိုက်ဖျက်မည့် ကြွေးကြော်သံများဖြင့် ခတ္တမန္ဒုမြို့၏ မြို့တော်ဝန်ရာထူးနေရာကို ဝင်ပြိုင်ခဲ့သည်။
နိုင်ငံ၏ မြို့တော်ဝန်ရာထူးနေရာကို နိုင်ငံရေးပါတီကျောထောက်နောက်ခံမရှိသော တစ်သီးပုဂ္ဂလ လူငယ်နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ရှားရှားပါးပါး ပထမဦးဆုံး အနိုင်ရခဲ့သည်။
ဘလန် ဒရာရှာ သည် မြို့တော်ဝန် အနေဖြင့် မြို့တော်၏ စည်ပင်သာယာရေးကိစ္စ၊ ကျူးကျော်များနှင့် တရားမဝင် အဆောက်အအုံများကိစ္စအပါအဝင် မြို့တော်အားအကျည်းတန်အရုပ်ဆိုးစေသော အမှိုက်ပုံများကို အောင်အောင်မြင်မြင်ဖြင့် ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။
နိုင်ငံရေးအချိုးအကွေ့
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၈ ရက် မှစတင်၍ နီပေါနိုင်ငံတွင် လူငယ်များဦးဆောင်သော အစိုးရဆန့်ကျင် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့သည်။၂၀၂၅ နီပေါ Gen Z ဆန္ဒပြပွဲများအဖြစ် ထင်ရှားခဲ့သည့် ဤဆန္ဒပြလှုပ်ရှားမှုများသည် နိုင်ငံတဝှမ်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေးပေါ်တွင် ပြောင်းလဲမှုများ ဖော်ဆောင် နိုင်ခဲ့ပြီး နောက်ဆက်တွဲတွင် နီပေါဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီအပါအဝင် အစိုးရအရာရှိအချို့သည် ရာထူးမှ နုတ်ထွက်ခဲ့ကြရသည်။
ဆန္ဒပြပြည်သူ ၁၉ ဦးအထိ အသက်ပေးခဲ့ရသော ထိုဆန္ဒပြပွဲအပြီးတွင် လူငယ်များက ရှာကို ကြားကာလ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပေးရန် တောင်းဆိုခဲ့ကြသည်။သို့သော် ရှာသည် တောင်းဆိုချက်ကို ငြင်းဆန်ပြီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာ့ရ်ကီ သည် နီပေါနိုင်ငံ သမိုင်းတွင် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အနေဖြင့် အိမ်စောင့်အစိုးရကို ဦးဆောင်ခဲ့သည်။
၂၀၂၆ မတ်လ နီပေါနိုင်ငံရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် နီပေါနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ နီပေါ နိုင်ငံရေး သမိုင်းတွင် ဂျန်ဇီ ဟုခေါ်သည့် လူငယ်များ၏ ဆန္ဒပြလှုပ်ရှားမှုများအပြီး ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး လူငယ်မျိုးဆက်နှင့် လူဟောင်းသက်ကြီး နိုင်ငံရေးသမားကြီးများအကြား အားပြိုင်ပွဲအသွင်ကို ပိုမိုထင်ရှားစေခဲ့သည်။
ရှာသည် နီပေါကွန်မြူနစ်ပါတီ(မာက်စ်ဝါဒ နှင့် လီနင်ဝါဒ) ၏ ဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သော ကေပီ ရှာမာအိုလီ ၏ အမာခံမဲဆန္ဒနယ်ဖြစ်သည့် ဂျာပါ–၅ မဲဆန္ဒနယ်မှနေ၍ ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း အိုလီသည် မဲစုစုပေါင်း ၁၈,၇၂၄ မဲသာရရှိခဲ့ပြီး၊ ရှာက ထောက်ခံမဲ ၆၈,၃၄၈ မဲရရှိကာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။[၅] [၆]
မြို့တော်ဝန်ဟောင်း ဘလန် ဒရာရှာ ဦးဆောင်သော Rastriya Swatantra Party (RSP) သည် မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်နေရာ ၂၇၅ နေရာအနက် တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် မဲဆန္ဒနယ် ၁၆၅ နေရာတွင် ၁၀၀ ဝန်းကျင်ခန့် အနိုင်ရရှိခဲ့ပြီး၊ PR (Proportional Representation) အချိုးကျကိုယ်စားပြုစနစ်အရ ခွဲဝေသည့် အမတ်နေရာ ၁၁၀ နေရာအနက်မှလည်း အများစုကို ရရှိခဲ့သည်။
ရွေးကောက်ပွဲစနစ် နှစ်မျိုးကို တပြိုင်နက် အသုံးပြုသော နီပေါနိုင်ငံတွင် ပါတီတစ်ခုတည်းက လွှတ်တော်နေရာ အများစုကို လွှမ်းမိုးရရှိနိုင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ယင်းအောင်မြင်မှုကို Rastriya Swatantra Party က ရရှိခဲ့ခြင်းဖြစ်သည်။
Balen Shah ၏ အောင်မြင်မှုကြောင့် နီပေါနိုင်ငံ၏ အကြီးဆုံးပါတီဖြစ်သည့် Nepali Congress ပင် ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Rapper-turned-politician Balen Shah’s RSP heads for poll landslide in Nepal။ aljazeera (8 Mar 2026)။ 12 Mar 2026 တွင် ပြန်စစ်ပြီး။
- ↑ Ex-rapper Shah sworn in as Nepal prime minister after sweeping election win။ Reuters (27 March 2026)။ 27 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Nepal swears in ex-rapper as new prime minister။ BBC (27 March 2026)။ 27 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Balen Shah: Meet the Independent Mayor of Kathmandu Who Could Lead Nepal's Transition (in en) (2025-09-10)။ 2026-03-09 တွင် ပြန်စစ်ပြီး။ “Born in 1990 to a Madhese Buddhist family”
- ↑ နီပေါနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပ။ Myanmar Digital News (၅ မတ် ၂၀၂၆)။ ၁၂ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ နီပေါနိုင်ငံရွေးကောက်ပွဲ၌ RSP ပါတီအကြီးအကဲ ဘာလန်ဒရာရှာ ထောက်ခံမဲအသာစီးဖြင့် အနိုင်ရ။ Myanmar Digital News (၈ မတ် ၂၀၂၆)။ ၁၂ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။