ဘသန်း (ယူပီအိုင်)

ဝီကီပီးဒီးယား မှ
(ဘသန်း၊ ဦး (ယူပီအိုင်) မှ ပြန်ညွှန်းထားသည်)

ဘသန်း၊ ဦး (ယူပီအိုင်) (ခရစ် ၁၈၉၉-၁၉⁠၉၀)[ပြင်ဆင်ရန်]

သတင်းစာလောကတွင် ထင်ရှားသော သတင်းစာ ဆရာကြီး ယူပီအိုင် ဦးဘသန်းကို ၁၈၉၉ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၁၆)လမ်းတွင် အဖ ဦးအုန်း၊ အမိ ဒေါ်ဖွားတို့က မွေးဖွားသည်။

ငယ်စဉ်က မြန်မာသင်ကျောင်းတွင် ပညာသင်ကြားပြီးနောက် အစိုးရဟိုက်စကူးကျောင်း [ယခု အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)လသာ]သို့ ပြောင်းရွှေ့၍ လေးတန်းမှ ကလာကတ္တားတက္ကသိုလ် လက်အောက်ခံ မက်ထရစ် (၁၀)တန်းအထိ ပညာသင်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်မှ ကျင်းပသော တက္ကသိုလ်ဝင် စားမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ၁၉၁၇-ခုနှစ်မှစ၍ ဆက်လက်ပညာသင်သည်။ ၁၉၂ဝပြည့်နှစ် ဘီအေအောင်တန်းတွင် ပညာသင်ကြားနေစဉ် ယူနီမာစီတီအက်ဥပဒေကို ဆန့်ကျင်၍ သပိတ်မှောက်ခဲ့ရာတွင် ခေါင်းဆောင်ပိုင်းမှာ ပါဝင်လှုပ်ရှားခဲ့သည်။


၁၉၂၁-ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ အမျိုးသားကျောင်းများ ဖွင့်လှစ်သောအခါ စစ်ကိုင်းမြို့နှင့် ခရမ်းမြို့များရှိ အမျိုးသားအထက်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၃၁-ခုနှစ်တွင် ကျောင်းဆရာအဖြစ်မှ နုတ်ထွက်ခဲ့ပြီး 'သူရိယသတင်းစာတိုက်'တွင် သတင်းထောက် အဖြစ် စတင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက်ညအယ်ဒီတာအဖြစ် ၁၉၄၂ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင်ဗြိတိသျှ အစိုးရက ဦးဘသန်းအား ဖမ်းဆီးခဲ့သည်။ သို့သော် ရန်ကုန်မြို့မှ ဗြိတိသျှအစိုးရ ထွက်ခွာသွားသောအခါ လွတ်မြောက်ခဲ့သည်။


ထို့နောက် ဦးဘသန်းသည် သူရိယသတင်းစာတိုက်တွင် ဆက်လက်လုပ်ကိုင်ပြန်သည်။ ၁၉၄၆ခုနှစ်တွင် သူရိယသတင်းစာတိုက်မှ နုတ်ထွက်ပြီးလျှင် ပြန်ကြားရေးဌာနခွဲတွင် သတင်းစာဆက်သွယ်ရေးအရာရှိအဖြစ် ၁၉၅၃ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ ထို့နောက် ၁၉၅၄ ခုနှစ် ၁၉၅၆ ခုနှစ် အထိ မြန်မာသတင်းစာတိုက်ပိုင်ရှင်များ ဖွဲ့စည်းတည်ထောင်သော 'ဘားမားပရက်စ်ဆင်ဒီကိတ်'(Burma Press Syndicate)တွင် အုပ်ချုပ်ရေး အယ်ဒီတာအဖြစ်ဖြင့် ကမ္ဘာကြေးနန်းသတင်းများ ဖြန့်ချိခဲ့သည်။ ၁၉၅၆ခုနှစ် တွင် 'နယူးတိုင်းအော့ဖ်ဘားမား' (New time of Burma) သတင်းစာတိုက်၌ သတင်းထောက်ချုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် 'ယူနိုက်တက်ပရက်စ်အင်တာနေရှင်နယ်'(United Press international)ခေါ် ယူပီအိုင် (U.P.I)နိုင်ငံခြားသတင်း ဖြန့်ချိရေးဌာနတွင် အုပ်ချုပ်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၃ခုနှစ်၊ ဒီဇင်ဘာလတွင် အလုပ်မှ အငြိမ်းစားယူပြီးနောက် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားခဲ့သည်။ အထူးသဖြင့် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သွေးသောက်မဂ္ဂဇင်းတွင် 'ဘဝအတွေ့အကြုံ'အခန်းဆက် ဆောင်းပါးများ ရေးသားခဲ့သည်။ သတင်းစာဆရာကြီး ဦးဘသန်းသည် ၁၉⁠၉ဝပြည့်နှစ်၊ မေလ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၀)ရှိ ဇနီးနှင့် သားသမီး (၆)ယောက်၊ မြေး (၁၀)ယောက်၊ မြစ် (၆)ယောက်တို့ ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]