မာတိကာသို့ ခုန်သွားရန်

ဘရစ်ခ်စ်

ဝီကီပီးဒီးယား မှ
BRICS[]
၂၀၂၄ ဘရစ်ခ်စ်ထိပ်သီးအစည်းအဝေးတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၏ အကြီးအကဲကိုယ်စားလှယ်များ
BRICS 2025 Brazilian chairmanship logo
၂၀၂၅ ခုနှစ် ဘရားဇီးဥက္ကဋ္ဌအမှတ်တံဆိပ်
Map key
  BRICS member countries
  BRICS partners
  BRICS applicants
  Invited to join BRICS
ယခင်အဖွဲ့အစည်း2024 BRICS Summit, Russia
ဆက်ခံသည့် အဖွဲ့အစည်း2025 BRICS Summit, Brazil
ဖွဲ့စည်းခြင်း
  • ၁၆ ဇွန် ၂၀၀၉; ၁၆ နှစ် အကြာက (၂၀၀၉-၀၆-16)
အမျိုးအစားနိုင်ငံများအကြား အဖွဲ့အစည်း
ဦးတည်ချက်နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ
နယ်ပယ်sအပြည်ပြည်ဆိုင်ရာ နိုင်ငံရေး
အဖွဲ့ဝင်များ
 ဘရာဇီး
 ရုရှား
 အိန္ဒိယ
 တရုတ်
 တောင်အာဖရိက

 အီဂျစ်
 အီသီယိုးပီးယား
 အင်ဒိုနီးရှား
 အီရန်
 အာရပ်စော်ဘွားများပြည်ထောင်စု
အလှည့်ကျဥက္ကဋ္ဌ
ဘရာဇီးနိုင်ငံ Luiz Inácio Lula da Silva (ဘရာဇီးသမ္မတ)
ယခင်အမည်
BRIC

ဘရစ်ခ်စ် (အင်္ဂလိပ်: BRICS) သည် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသော ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဤအဖွဲ့ကို ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးစင်မြင့်များတွင် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထူထောင်ထားခြင်း ဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်အဖွဲ့ကို ၂၀၀၁ ခုနှစ်မှစ၍ စတင်ဖွဲ့စည်းရန် စိတ်ကူးခဲ့ကြပြီး ၂၀၀၃ ခုနှစ်တွင် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က BRIC အမည်ဖြင့် စတင်ပူးပေါင်းခဲ့ကြသည်။ တရားဝင် အဖွဲ့အစည်းအဖြစ်ကို ၂၀၀၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ ပါဝင်လာပြီးနောက် BRICS ဟု ဖြစ်လာခဲ့သည်။

ရည်ရွယ်ချက်များ

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်အဖွဲ့၏ အဓိကရည်ရွယ်ချက်များမှာ-

  • ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတို့၌ အမေရိကန်နှင့် အနောက်နိုင်ငံများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်။
  • အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်။
  • ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ကုန်သွယ်ရေး သဘောတူညီမှုများ ပြုလုပ်နိုင်ရန်။
  • နိုင်ငံတကာငွေကြေးစနစ်သစ်တစ်ခု ထူထောင်ရန်နှင့် ကမ္ဘာ့ငွေကြေးသုံးစွဲမှုတွင် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချရန်။

ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်၏ အမြဲတမ်း ရုံးချုပ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် တည်ထောင်ထားသည်။ အဖွဲ့ဝင်နိုင်ငံများသည် အစည်းအဝေးများကို အလှည့်ကျ ကျင်းပကြသည်။ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဖွံဖြိုးရေးဘဏ်သစ် (New Development Bank) ကိုလည်း တည်ထောင်ထားပြီး စီမံကိန်းများအတွက် ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

စီးပွားရေးနှင့် လူဦးရေဆိုင်ရာ အချက်အလက်များ

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေးနှင့် လူဦးရေတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

  • ဂျီဒီပီ (GDP) စုစုပေါင်း: ဘရစ်ခ်စ်နိုင်ငံများ၏ ဂျီဒီပီ စုစုပေါင်းသည် ကမ္ဘာ့ဂျီဒီပီ၏ ၃၁.၅% အထိ ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၀% အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။ (မှတ်ချက်- ပေးထားသော GDP ကိန်းဂဏန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)
  • လူဦးရေ စုစုပေါင်း: ဘရစ်ခ်စ်နိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ၃.၇ ဘီလီယံခန့် ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄၁.၄၄% ကို ကိုယ်စားပြုသည်။
  • နယ်မြေအကျယ်အဝန်း: ဘရစ်ခ်စ် ၅ နိုင်ငံ၏ နယ်မြေအကျယ်အဝန်းသည် ကမ္ဘာ့ကုန်မြေစုစုပေါင်း၏ ၃၀% အထိ ရှိသည်။

ငွေကြေးစနစ်ဆိုင်ရာ စိန်ခေါ်မှုများ

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်နိုင်ငံများ စတင်ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများအနက်တစ်ခုမှာ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကဲ့သို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများတွင် မဲပေးရာ၌ အနောက်နိုင်ငံများ၏ အသာစီးရယူထားမှုကို ကျော်လွှားလိုခြင်း ဖြစ်သည်။ ဤအဖွဲ့အစည်းများတွင် အမေရိကန်နှင့် အနောက်နိုင်ငံများသည် မဲအသာစီးဖြင့် ထိန်းချုပ်ထားပြီး ၎င်းတို့ မလိုလားသော နိုင်ငံများ (ဥပမာ- အာဏာရှင်နိုင်ငံများ၊ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရသော နိုင်ငံများ) အား ချေးငွေများ မရရှိစေရန် တားဆီးလေ့ရှိသည်ဟု ရှုမြင်ကြသည်။

ထို့ကြောင့် ဘရစ်ခ်စ်နိုင်ငံများသည် နိုင်ငံတကာသုံး ငွေကြေးစနစ်သစ်တစ်ခုကို ထူထောင်လိုကြပြီး အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချလိုကြသည်။ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကုန်သွယ်ရာတွင် ဒေါ်လာအစား ငွေကြေးအသစ်တစ်ခု သုံးစွဲနိုင်ရန် ရည်မှန်းပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်ငွေကြေးအသစ် ဖန်တီးထုတ်လုပ်ရန်အထိ ရည်ရွယ်ထားသည်။ လတ်တလောတွင် တရုတ် ယွမ်ငွေကို ဘုံငွေကြေးအဖြစ် အသုံးပြုရန် ထည့်သွင်းစဉ်းစားနေသော်လည်း အခြားအဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ ငွေကြေးများကို မြှင့်တင်လိုကြသည်။

လက်ရှိ နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုတွင် အဓိကအားဖြင့် အနောက်နိုင်ငံများက ထိန်းချုပ်ထားသော SWIFT (The Society for Worldwide Interbank Financial Telecommunication) စနစ်ကို အသုံးပြုနေကြသည်။ တရုတ်နှင့် ရုရှားအပါအဝင် အချို့နိုင်ငံများက ဤစနစ်ကို အားမထားလိုဘဲ အခြားရွေးချယ်စရာ ငွေကြေးလွှဲပြောင်းမှုစနစ်တစ်ခုကို ပြောင်းလဲအသုံးပြုလိုကြသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် SWIFT အသုံးပြုခွင့် ပိတ်ပင်ခံရပြီးနောက် ရုရှားအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ဘရစ်ခ်စ်နိုင်ငံများသည် ကိုယ်ပိုင်ငွေကြေးလွှဲပြောင်းစနစ်ကို ဖန်တီးခြင်းဖြင့် အလားတူ အရေးယူမှုများမှ လွတ်မြောက်လိုကြသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်၏ CIPS (Cross-Border Inter-Bank Payments System)၊ အိန္ဒိယ၏ SFMS (Structured Financial Messaging System) နှင့် ဘရာဇီးလ်၏ Pix စနစ်တို့ကို အကောင်အထည်ဖော်ထားပြီး ဖြစ်သည်။

အဖွဲ့ဝင်သစ်များဆိုင်ရာ စိတ်ဝင်စားမှု

[ပြင်ဆင်ရန်]

ယခင်က ဘရစ်ခ်စ်ကို လူသိနည်းခဲ့သော်လည်း ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်အတူ ရုရှားအပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ဘရစ်ခ်စ်အပေါ် လူစိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူဒဏ်ခတ်မှုများကို ရှောင်ရှားလိုသော နိုင်ငံပေါင်း ၃၀ ကျော်က ဘရစ်ခ်စ်အဖွဲ့ဝင်ဖြစ်ရန် စိတ်ဝင်စားလာကြပြီး လျှောက်ထားမှုများ ရှိလာခဲ့သည်။ မြန်မာနိုင်ငံရှိ စစ်ကောင်စီ၏ ဗဟိုဘဏ်သည်လည်း အဖွဲ့ဝင်လျှောက်ထားရန် စဉ်းစားနေသည်ဟု သိရသည်။[] ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများ ထိန်းချုပ်ထားသည့် နိုင်ငံတကာ ငွေပေးချေမှုစနစ်ကို ကျော်လွှားလိုခြင်း ဖြစ်သည်။

စိန်ခေါ်မှုများ

[ပြင်ဆင်ရန်]

ဘရစ်ခ်စ်အနေဖြင့် အမေရိကန်ဒေါ်လာနှင့် SWIFT စနစ်ကို စင်ပြိုင်ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းထားသော်လည်း အောင်မြင်ရန် အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံသည် ယွမ်ငွေကို မြှင့်တင်လိုသော်လည်း အိန္ဒိယနှင့် ဘရာဇီးလ်တို့ကလည်း ၎င်းတို့၏ ငွေကြေးများကို အသုံးပြုလိုကြသည်။ လက်ရှိအချိန်အထိ ဘရစ်ခ်စ်နိုင်ငံများအချင်းချင်း ကုန်သွယ်ရာတွင် ဒေါ်လာကိုသာ အဓိက မှီခိုနေရဆဲ ဖြစ်သည်။ တရုတ်နိုင်ငံကိုယ်တိုင်ပင်လျှင် အရန်ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ ထရီလီယံပေါင်းများစွာကို ဆက်လက်စုဆောင်းထားဆဲ ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် နိုင်ငံ ၁၀ နိုင်ငံကျော်ကိုလည်း လက်ရှိအချိန်အထိ အဖွဲ့ဝင်အဖြစ် လက်ခံထားခြင်း မရှိသေးပေ။ တရုတ်နိုင်ငံကမူ ၎င်း၏ ယွမ်ငွေနှင့် CIPS စနစ်ကို အသုံးပြုရန် နိုင်ငံများကို စည်းရုံးလျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို ဒေါ်လာကြားခံစရာမလိုဘဲ တိုက်ရိုက်လဲလှယ် သုံးစွဲနိုင်ရန် သဘောတူညီမှု ရယူထားခြင်းမျိုး ဖြစ်သည်။ ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ လူစိတ်ဝင်စားမှု မြင့်မားလာသော်လည်း ဘရစ်ခ်စ်၏ ငွေကြေးစနစ်ဆိုင်ရာ အောင်မြင်မှုမှာ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. BRICS။ Union of International Associations (2024)။ 24 December 2024 တွင် ပြန်စစ်ပြီး။
  2. https://www.bbc.com/burmese/articles/cn5wrn30eryo