ဘယဘေရဝသုတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘယဘေရဝသုတ်ကို ဇာဏုဿာဏိပုဏ္ဏားကို အကြောင်းပြု၍ ဘုရားမြတ်စွာသည် ဟောကြားတော် မူခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာကြောင်း ဘုရားမြတ်စွာက ဤသုတ်၌ ရှင်းလင်းဖေါ်ပြခဲ့သည်။[၁]


မဇ္ဈိမနိကာယ်

၄— ဘယဘေရဝသုတ်[ပြင်ဆင်ရန်]

၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—

“အသျှင်ဂေါတမ အကြင်အမျိုးသားတို့သည် အသျှင်ဂေါတမကို ရည်မှန်း၍ ယုံကြည်ခြင်းဖြင့်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့၏ ရှေ့သွား (ခေါင်းဆောင်) ဖြစ်ပါ၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့အား များစွာ ကျေးဇူးပြု ပါ၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့အား (အဓိသီလစသည်တို့ကို) ကောင်းစွာ ဆောက် တည်စေပါ၏၊ ထိုအမျိုး သားအပေါင်းသည် အသျှင်ဂေါတမ၏ အယူကို အတုလိုက်၍ ကျင့်ကြပါ ကုန်၏” ဟု လျှောက်၏။

ပုဏ္ဏား သင်လျှောက်သည့်အတိုင်းဟုတ်ပေ၏၊ သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပုဏ္ဏားအကြင်အမျိုး သားတို့သည် ငါ့ကို ရည်မှန်း၍ ယုံကြည်ခြင်းဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကုန်၏၊ ငါသည် ထိုအမျိုးသားတို့၏ ရှေ့သွား (ခေါင်းဆောင်) ဖြစ်၏၊ ငါသည် ထိုအမျိုးသားတို့အားများစွာ ကျေးဇူးပြု၏၊ ငါသည် ထိုအမျိုးသားတို့အား (အဓိသီလစသည်တို့ကို) ကောင်းစွာ ဆောက်တည်စေ၏၊ ထိုအမျိုးသား အပေါင်းသည် ငါ၏ အယူကို အတုလိုက်၍ ကျင့်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည် သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်း နေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့ကဆောင် ယူသွားသကဲ့သို့ ထင်ရ၏ဟု (လျှောက်၏)။

ပုဏ္ဏား သင်လျှောက်သည့်အတိုင်းဟုတ်ပေ၏၊ သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပုဏ္ဏား တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည်သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်းနေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့ကဆောင်ယူသွားသကဲ့သို့ ထင်ရ၏ဟု (မိန့်တော်မူ၏)။

၃၅။ ပုဏ္ဏား ငါ့အားလည်း အရိယာမဂ်ကို မရသေးမီ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှ ဖြစ်စဉ်ကပင် ဤသို့သော အကြံသည် ဖြစ်ခဲ့၏။

“တောအုပ် တောနက်ကြီးများဖြစ်သောတော စွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည်သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်းနေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့က ဆောင်ယူသွားသကဲ့သို့ထင်ရ၏ဟု (အကြံဖြစ်ပေါ်ခဲ့၏)။

ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ကာယကံ မစင်ကြယ်ကုန်ဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထို အသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ မစင်ကြယ်သော ကာယကံအပြစ်ကြောင့် စင်စစ် မကောင်းသောဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ကာယကံမစင်ကြယ်ဘဲလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား စင်ကြယ်သော ကာယကံသာ ရှိ၏။ မှန်လှ၏၊ စင်ကြယ်သော ကာယကံ ရှိသည်ဖြစ်၍တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကိုမှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ် ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤစင်ကြယ်သော ကာယကံရှိသည့် အဖြစ်ကို ကောင်းစွာ မြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁)

၃၆။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ဝစီကံ မစင်ကြယ်ကုန်ဘဲ။ပ။ မနောကံ မစင်ကြယ် ကုန်ဘဲ။ပ။ အသက်မွေးမှုမစင်ကြယ်ကုန်ဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင် ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ မစင်ကြယ်သောအသက် မွေးမှုအပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား အသက်မွေးမှု မစင်ကြယ်ဘဲလျက် တောအုပ် တောနက်ကြီး များဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား စင်ကြယ်သော အသက်မွေးမှုသာ ရှိ၏။ မှန်လှ၏၊ စင်ကြယ်သော အသက်မွေးမှုရှိသည်ဖြစ်၍ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤစင်ကြယ်သော အသက်မွေးမှုရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၂— ၃— ၄)

၃၇။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘ များကုန်လျက်ကာမဂုဏ်တို့၌ ပြင်းထန်စွာ တပ်မက်ကုန်လျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည်သူတစ်ပါး စည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘များကုန်လျက် ကာမဂုဏ်တို့၌ ပြင်းထန်စွာ တပ်မက်ခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘များပြားလျက် ကာမဂုဏ်တို့၌ပြင်းထန်စွာ တပ်မက်ခြင်းရှိသည်ဖြစ်၍ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား သူတစ်ပါးစည်းစိမ်ကိုရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘ မများသူသာ ဖြစ်၏။ မှန်လှ၏၊ သူတစ်ပါးစည်းစိမ်ကိုရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘ မများဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤသူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈ ာ‘ မများသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၅)

၃၈။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ဖောက်ပြန်သောစိတ် ပြစ်မှားသောစိတ် အကြံရှိကုန်လျက်တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ ဖောက်ပြန်သောစိတ် ပြစ်မှားသော စိတ်အကြံရှိခြင်း အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ် ကုန်၏၊ ငါသည်ကား ဖောက်ပြန်သောစိတ် ပြစ်မှားသောစိတ် အကြံရှိလျက် တောအုပ် တောနက်ကြီးများဖြစ် သောတောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား မေတ္တာ စိတ်ရှိသူသာဖြစ်၏။ မှန်လှ၏၊ မေတ္တာစိတ်ရှိကုန်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤမေတ္တာစိတ်ရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၆)

၃၉။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ဖြင့် အနှိပ်စက်ခံရကုန် လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ဖြင့် အနှိပ်စက်ခံ နေရခြင်း တည်းဟူသောမိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ဖြင့် အနှိပ်စက်ခံနေရလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကင်းသူ ဖြစ်၏။ မှန်လှ၏၊ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကင်းလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကင်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၇)

၄ဝ။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ပျံ့လွင့်သောစိတ် မအေးမြသောစိတ်ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲ ကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ပျံ့လွင့်သောစိတ် မအေးမြသော စိတ်ရှိခြင်းတည်းဟူ သော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားပျံ့လွင့်သောစိတ် မအေးမြသောစိတ်ရှိလျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား အေးမြသော စိတ်ရှိသူ ဖြစ်၏။ မှန်လှ၏၊ အေးမြသော စိတ်ရှိလျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤအေးမြသောစိတ်ရှိသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၈)

၄၁။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ယုံမှားခြင်း ‘ကင်္ခါ’ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ယုံမှားခြင်း ‘ကင်္ခါ’ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ရှိခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ယုံမှားခြင်း ‘ကင်္ခါ’ မဆုံး ဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ယုံမှားခြင်း ‘ကင်္ခါ’ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သူ ဖြစ်၏။ မှန်လှ၏၊ ယုံမှားခြင်း ‘ကင်္ခါ’ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံ ဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ယုံမှားခြင်း ‘ကင်္ခါ’ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်ခြင်းရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၉)

၄၂။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချသူဖြစ် လျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီ ဝဲပေ၊ ့ငါသည်ကား မိမိကိုယ်ကို မမြှင့်တင်, သူတစ်ပါးကို မနှိမ့်ချသူ ဖြစ်၏။ မှန်လှ၏၊ မိမိ ကိုယ်ကို မမြှင့်တင်,သူတစ်ပါးကို မနှိမ့်ချဘဲလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင်ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤမိမိကိုယ်ကို မမြှင့်တင်ခြင်း သူတစ်ပါးကို မနှိမ့်ချခြင်း ရှိသည့် အဖြစ်ကိုကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁ဝ)

၄၃။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ထိတ်လန့်ခြင်းရှိသူ ကြောက်ရွံ့ခြင်းရှိသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ကိုယ်ထိတ်လန့်ခြင်း ကြောက်ရွံ့သော သဘောရှိခြင်းတည်းဟူသောမိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ကိုယ်ထိတ်လန့်ခြင်းရှိသူ ကြောက်ရွံ့သော သဘောရှိသူ ဖြစ် လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ကြက်သီးမွေးညင်းထခြင်းမှ ကင်းသူသာ ဖြစ်၏။ မှန်လှ၏၊ ကြက်သီးမွေးညင်း ထခြင်းကင်းလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤကြက်သီးမွေးညင်းထခြင်းမှ ကင်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၁)

၄၄။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် လာဘ်ပူဇော်သကာအကျော်အစောကို လိုလားသူဖြစ် လျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လာဘ်ပူဇော်သကာအကျော်အစောကို လိုလားခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား လာဘ်ပူဇော်သကာ အကျော်အစောကို လိုလားသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား အလိုနည်းသူသာ ဖြစ်၏။ မှန်လှ၏၊ အလိုနည်းသူများ ဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲသောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤအလိုနည်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသောအဖြစ်သို့ ရောက်ခဲ့၏။ (၁၂)

၄၅။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ပျင်းရိ ရော့ရည်း ဝီရိယနည်းသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ပျင်းရိရော့ရည်း ဝီရိယနည်းသူဖြစ်ခြင်းတည်းဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါ သည်ကားပျင်းရိရော့ရည်း ဝီရိယနည်းသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား လုံ့လစိုက်ထုတ် သူသာ့ဖြစ်၏။ မှန်လှ၏၊ လုံ့လစိုက်ထုတ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင်ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤလုံ့လစိုက်ထုတ်သည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၃)

၄၆။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် လွတ်သောသတိ ဆင်ခြင်ဉာဏ်မရှိကုန်ဘဲလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လွတ်သောသတိ ဆင်ခြင်ဉာဏ်မရှိခြင်းတည်းဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားလွတ်သော သတိဆင်ခြင်ဉာဏ်မရှိဘဲလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ထင်သော သတိရှိသူသာဖြစ်၏။ မှန်လှ၏၊ ထင်သော သတိရှိလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤထင်သောသတိရှိသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၄)

၄၇။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် မတည်ကြည် တုန်လှုပ်သောစိတ်ရှိသူ ဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် မတည်မကြည် တုန်လှုပ်သော စိတ်ရှိခြင်းတည်း ဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားမတည်ကြည်သူ တုန်လှုပ်သောစိတ်ရှိသူ ဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား ၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည် ကား သမာဓိနှင့် ပြည့်စုံသူသာဖြစ်၏။ မှန်လှ၏၊ သမာဓိနှင့် ပြည့်စုံလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန် သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤတည်ကြည်ခြင်း ‘သမာဓိ’ နှင့် ပြည့်စုံသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသောအဖြစ်သို့ ရောက်ခဲ့၏။ (၁၅)

၄၈။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“အချို့သော သမဏဗြာဟ္မဏတို့သည် ပညာမရှိသူ ထိုင်းအသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ပညာမဲ့ခြင်း ထိုင်းအခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ်မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ပညာမဲ့သူ ထိုင်းအသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ပညာနှင့်ပြည့်စုံသူသာ ဖြစ်၏။ မှန်လှ၏၊ ပညာနှင့်ပြည့်စုံလျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏” ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤပညာ နှင့် ပြည့်စုံသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၆)

ပရိယာယ် တစ်ဆယ့်ခြောက်မျိုးပြီး၏။

၄၉။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏—

“ငါသည် (လပြည့်ခြင်း လကုန်ခြင်းစသည့်) အမှတ်အသားတို့ဖြင့် သိမှတ်အပ်သော ဆန်း ဆုတ်ပက္ခ၏တစ်ဆယ့်လေးရက် တစ်ဆယ့်ငါးရက် ရှစ်ရက် ညဉ့်မျိုးတို့တွင် ကြောက်မက်ဖွယ် ကြက်သီးမွေးညင်းထဖွယ်ကောင်းသော စေတီဖြစ်သောအရံ, စေတီဖြစ်သောတောအုပ်, စေတီဖြစ် သော သစ်ပင်ဟူသောကျောင်းအိပ်ရာနေရာမျိုးတို့၌ နေရမူ ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကို မြင်နိုင်ကောင်းတန်ရာ၏” ဟု (အကြံသည် ဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ထိုငါသည် အခါတစ်ပါး၌ (လပြည့်ခြင်း လကုန်ခြင်းစသည့်) အမှတ်အသားတို့ဖြင့်သိမှတ်အပ်သော ဆန်းဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် တစ်ဆယ့်ငါးရက် ရှစ်ရက် ညဉ့်မျိုးတို့တွင်ကြောက်မက်ဖွယ် ကြက်သီးမွေးညင်း ထဖွယ်ကောင်းသော စေတီဖြစ်သောအရံ, စေတီဖြစ်သောတောအုပ်, စေတီဖြစ်သော သစ်ပင်ဟူသော ကျောင်းအိပ်ရာနေရာမျိုးတို့၌ နေစဉ် စိုင်,ကြံ့, သစ်,တောဝက်စသော သားကောင်သည်လည်း လာ၏၊ ဥဒေါင်း (နှင့်အခြားငှက်များ) သည်လည်း သစ်ခက်ခြောက်ကို ကျစေ၏၊ လေသည်လည်း သစ်ရွက်မှိုက်ကို တိုက်ခတ်၏၊ ပုဏ္ဏား “ဤအရာစု သည်ပင်ရောက်လာသော ဘေးနှင့် ကြောက်မက်ဖွယ် ပေလော” ဟု ထိုငါ့အား အကြံဖြစ်မိ၏။

ပုဏ္ဏား ထိုငါ့အား “ငါသည် စင်စစ်အားဖြင့် ကြောက်မက်ဖွယ်ကို တောင့်တလျက်နေသည် မဟုတ်လော၊ ဣရိယာပုထ်အလိုက်နေသော ငါ၏ထံသို့ ရောက်လာသော ကြောက်မက်ဖွယ်ကို ထိုဣရိယာပုထ်အလိုက်ပင် ငါပယ်ဖျောက်ရမူ ကောင်းပေမည်” ဟု ဤအကြံ ဖြစ်ပေါ်ခဲ့၏။

ပုဏ္ဏား ထိုငါသည် စင်္ကြံသွားနေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကို မရပ် မထိုင် မအိပ်ဘဲ စင်္ကြံသွားလျက်သာ ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် ရပ်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုစင်္ကြံ မသွား မထိုင် မအိပ်ဘဲ ရပ်လျက်သာ ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် ထိုင်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုမအိပ် မရပ် စင်္ကြံမသွားဘဲ ထိုင်လျက်ပင် ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် အိပ်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုမထိုင် မရပ် စင်္ကြံမသွားဘဲ အိပ်လျက်ပင် ပယ်ဖျောက်၏။

၅ဝ။ ပုဏ္ဏား အချို့သော သမဏဗြာဟ္မဏတို့သည် ညဉ့်ဖြစ်ပါလျက် နေ့ဟူ၍ သိမှတ်ကြကုန်၏၊ နေ့ဖြစ်ပါလျက် ညဉ့်ဟူ၍ သိမှတ်ကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဤသို့ သတ်မှတ်ခြင်းကို တွေတွေဝေဝေနေခြင်းဟု ငါဆို၏။ ပုဏ္ဏား ငါမူကား ညဉ့်ဖြစ်လျှင် ညဉ့်ဟု သိမှတ်၏။ နေ့ဖြစ်လျှင် နေ့ဟုသိမှတ်၏။ ပုဏ္ဏား “များစွာသော လူတို့၏ စီးပွားချမ်းသာနှင့် လောကကို စောင့်ရှောက်ရန်အတွက်နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာသုခအတွက် မတွေဝေသော သဘောရှိသော သတ္တဝါသည်လူ့လောက၌ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့၏” ဟူသော စကားကို အမှန်အတိုင်း ပြောဆိုလိုသောသူသည် ငါဘုရားကိုသာလျှင် ပြောဆိုရာ၏။

၅၁။ ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသောအာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ပြီ။

ပုဏ္ဏား ထိုငါ (ဘုရား) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသောပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။

နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာပုဂ္ဂိုလ်တို့သည်ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

၅၂။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါ (ဘုရား) သည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထိုငါ (ဘုရား) သည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်ကားအဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သောချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သောဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း (ငါသည်) ဤသို့သောအမည် ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏” ဟု ဤသို့အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ပုဏ္ဏား ငါသည် ညဉ့်ဦး ‘ပဌမ’ ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု ‘အဝိဇ္ဇာ’ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၃။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိ်ုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါ (ဘုရား) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိနိုင်သောစုတူပပါတဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထို ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိ နှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်း လှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ “အချင်းတို့ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာခြင်းကင်းသော မကောင်းသော လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏။ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ လူ့ပြည် နတ်ပြည် သုဂတိ၌ ဖြစ်ကုန်၏” ဟု သိ၏။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။

ပုဏ္ဏား ငါသည် သန်းခေါင် ‘မဇ္ဈိမ’ ယာမ်၌ ဒုတိယဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မမေ့ မလျော့ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိ မှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ငါ့အားအမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၄။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါစိတ်ကို ရှေးရှုညွတ်စေ၏။

ထိုငါသည် “ဤကား ဆင်းရဲဒုက္ခ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း ဒုက္ခသမုဒယ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဒုက္ခနိရောဓ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤသည်တို့ကား ယိုစီးခြင်းအာသဝတို့” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်း အာသဝတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း အာသဝသမုဒယ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား ယိုစီးခြင်းအာသဝတို့၏ချုပ်ရာ (နိဗ္ဗာန်) အာသဝနိရောဓ” ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ “ဤကား အာသဝတို့ချုပ်ရာ့ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် အာသဝနိရောဓဂါမိနီ ပဋိပဒါ” ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ် မြောက်ခဲ့ပြီ၊ အဝိဇ္ဇာဘဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်ခဲ့လေပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ” ဟု သိခဲ့ပြီ။

ပုဏ္ဏား ငါသည် မိုးသောက် ‘ပစ္ဆိမ’ ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ။

ပီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၍အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၅။ ပုဏ္ဏား “ရဟန်းဂေါတမသည် ယနေ့တိုင်အောင်ပင် ရာဂ ဒေါသ မောဟ မကင်းသေးသော ကြောင့်တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်း အိပ်ရာ နေရာတို့ကိုမှီဝဲနေ၏” ဟု သင့်အား စိတ်အကြံဖြစ်ပေါ်တန်ရာ၏၊ ပုဏ္ဏား ဤသို့ မမှတ်သင့်၊ ပုဏ္ဏား ငါသည် မိမိ၏မျက်မှောက် ချမ်းသာစွာ နေရခြင်းနှင့် နောင်လာနောက်သားများကို အစဉ်သနားခြင်းဟူသော အကြောင်းနှစ်ပါးတို့ကို ကောင်းစွာ မြင်၍ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲ၏ဟု (မိန့်တော်မူ၏)။

၅၆။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အသျှင်ဂေါတမသည် နောက်လူအပေါင်းကို အစဉ်သနား အကျိုးလိုလားသော သဘောရှိပါပေသည်တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်” ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟူ၍လျှောက်ထားလေ၏။

လေးခုမြောက် ဘယဘေရဝသုတ်ပြီး၏

ကိုးကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။