ဘဒ္ဒန္တဇာဂရာဘိဝံသ

ဝီကီပီးဒီးယား မှ

ဘဒ္ဒန္တဇာဂရာဘိဝံသ သည် မြန်မာနိုင်ငံသား ရဟန်းတစ်ပါးဖြစ်၍ နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ထမ်းဆောင်ခဲ့သော ဆရာတော်တစ်ပါးလည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ နယ်၊ ကုန်းသာကျေးရွာ၊ ခမည်း တော် ဦးပေါ၊ မယ်တော် ဒေါ်အေးသန့် တို့မှ ၁၃၀၃ ခုနှစ်၊ ဝါခေါင်လပြည့် ကျော် ၆ ရက်၊ အင်္ဂါနေ့ ည (၉)နာရီတွင် ဖွားမြင်တော်မူသော အဘိဇာတ တတိယသားရတနာ ဖြစ်သည်။

(၅)နှစ်သားအရွယ်တွင် ဦးလေးသိန်း၏ အကူအညီရယူ၍ ကုန်းသာရွာကျောင်းဆရာတော် ဦးစန္ဒိမာ၊ ဦးကုမုဒ၊ ဆရာတော်ဦးဉာဏဝံသ တို့ထံအပ်နှံ၍ ဘုန်းတော်ကြီးသင်ပညာရေး အခြေခံမှစ၍ သင်ယူခဲ့သည်။

သာမဏေဘဝ[ပြင်ဆင်ရန်]

(၁၀)နှစ်သားအရွယ်တွင် အဘိုးဦးတုပ်ရ+အဖွား‌‌ဒေါ်ဖွားအုံ၊ အဘိုးဦးဘိုးဆင်+အဖွားဒေါ်နန်းပါးတို့ကိုအမှူးထား၍ ခမည်းတော်+မယ်တော်တို့က ရှင့်ဒါယက-ဒါယိကာမများအဖြစ်ခံယူကာ ရှင်ပြုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆရာတော်ဦးကုမုဒကို ဥပဇ္ဈယ်ပြု၍ သာသနာ့အမွေရှင်သာမဏေအဖြစ်သို့ ရရှိခဲ့သည်။ ဘွဲ့တော်မှာ ရှင်ဇာဂရ ဖြစ်သည်။

စာပေသင်ယူခြင်း[ပြင်ဆင်ရန်]

ဆရာတော်လောင်းလျာသည် ကုန်းသာရွာကျောင်းတွင် (၂)ဝါဆိုခဲ့ပြီး (၁၂)နှစ်သားအရွယ်တွင် ဆရာတော်ဦးကုမုဒ ကိုတော်တိုင် ၁၃၁၅-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၅)ရက် ကြာသပတေးနေ့တွင် မုံရွာမြို့ လယ်တီနိကာယ သပြေပင်တောရ ကျောင်းတိုက် ကျမ်းပြုအကျော် ဆရာတော်အရှင်ကေ၀လာဘိဝံသ ထံတော်သို့ အပ်နှံလျက် ပရိယတ္တိစာပေများကို သင်ကြားစေခဲ့သည်။ သပြေပင်ကျောင်းတိုက်တွင် ကျောင်းတိုက်တည် မဟာနာယက ပထမဆရာတော်ဘုရား ဘဒ္ဒန္တကေ၀လာ ဘိဝံသ၊ ဒုတိယဆရာတော် ဘဒ္ဒန္တကုမုဒ နှင့် စာချဆရာ‌တော်များဖြစ်ကြသော အရှင်ဓမ္မိက (ယခု မုံရွာမြို့၊ ရှမ်းတော်ရပ်၊ ဓမ္မိကာရုံဆရာတော်)၊ အရှင်ဩဘာသ (ယခု ပဲခူး၊ အင်းကတော်၊ ဘုရားငုတ်တိုရေဝန်းကျောင်းဆရာတော်)၊ အရှင်ပညာသီရိ (ယခု ဟုမ္မလင်းမြို့၊ သဝန်ရွာဆရာတော်)၊ အရှင်မာနိတ (ချောင်းဦးမြို့၊ ကျီကုန်းရွာ၊ ဓမ္မရက္ခိတကျောင်းဆရာတော်)၊ အရှင်သုမန (တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်)၊ အရှင်ပညာသီရိ (အဂ္ဂမဟာပဏ္ဍိတ၊ ပါဠိပါရဂူ၊ ငွေတောင်တောရကျောင်းတိုက် ပဓာနနာယကဆရာတော်)၊ ဘဒ္ဒန္တပရမ (သာသီဓ ဓမ္မာစရိယ၊ ငါန်းဇွန်ဆရာတော်)၊ ဘဒ္ဒန္တဉာဏိန္ဒ (မုံရွာမြို့ အရှေ့လယ်တီတိုက် ပဌာန်းဆရာတော်)၊ ဘဒ္ဒန္တမာလာသီရိ (နိုင်ငံတော်ဩဝါဒါစရိယ၊ လယ်တီတိုက်သစ်၊ မြင်းမူမြို့)၊ ဘဒ္ဒန္တကုဏ္ဍလ (အဂ္ဂမဟာပဏ္ဍိတ၊ အရှေ့လယ်တီတိုက် ပဓာနနာယကဆရာတော်) စသော ဆရာတော်များထံတွင် ပရိယတ်စာပေ အခြေခံများနှင့်တကွ ပါဠိ၊ အဌကထာ၊ ဋီကာ၊ ဂဏ္ဌိ၊ ကျမ်းကြီး၊ ကျမ်းငယ် အသွယ်သွယ်တို့ကို သင်ယူခဲ့သည်။ အထူးသဖြင့် သပြေပင်တောရဆရာတော်ကိုယ်တိုင် သင်ကြားပို့ချပေးသော ရူပသိဒ္ဓိကျမ်းကို သုံးနှစ်တိုင်တိုင် အစမှအဆုံး သင်ကြားခဲ့ရသည်။ စာချဆရာတော်ဘုရား စာချစဉ်နှင့် ညဉ့်စင်သုံးတော်မူသော ထွေးခံကြီးနှစ်လုံးကို ဆေး‌ကြော‌‌‌၍ ဝေယျာဝစ္စကြီးငယ်ကို ဝတ်ပြုဆောင်ရွက်ခဲ့သည်မှ (၁၅)နှစ်ခန့် ဖြစ်သည်။

ရဟန်းဘဝ[ပြင်ဆင်ရန်]

၁၃၂၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်တွင် မုံရွာမြို့၊ သပြေပင်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေဝလာဘိဝံသကို ဥပဇ္ဈာယ်ပြုလျက် မုံရွာမြို့၊ တရုတ်တန်းရပ်နေ ဇေယျသုခဆန်စက်ပိုင်ရှင် ဦးဘရွှေ-ဒေါ်ရွှေချယ် တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ရန်ကုန်၊ မုံရွာ၊ ကနီ၊ တောင်ကြီး၊ မန္တလေး၊ မလေးရှားနိုင်ငံ၊ အမေရိကန်နိုင်ငံများက ပစ္စည်းလေးပါးဒါယကာ-ဒါယိကာမများအဖြစ် (၇၄)ကြိမ်တိုင်တိုင် သိက္ခာထပ်တင် ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။ ရဟန်း(၁)ဝါအရတွင် ပထမဦးဆုံးရဟန်းဒါယကာက ဝိဇ္ဇာမဂ္ဂဒီပနီကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ပရိယတ္တိစာပေ သင်ယူဆည်းပူးခြင်း[ပြင်ဆင်ရန်]

ပခုက္ကူစာသင်နည်း[ပြင်ဆင်ရန်]

ရဟန်း(၁)ဝါအရ ဓမ္မာစရိယအတန်း ပါဠိဘာသာဖြင့် အောင်မြင်ပြီးသောအခါ ပခုက္ကူအလယ်တိုက်ကြီး၊ မဟာဝိသုတာရာမတိုက် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာဌဂုရု ဘဒ္ဒန္တသုန္ဒရ မဟာထေရ်၏ ခြေတော်ရင်းကို ခုလှုံလျက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တနေမိန္ဒ သီတင်းသုံးတော်မူရာ သု၀ဏ္ဏတိုက်ကျောင်းတွင် နေထိုင်တော်မူပြီး တိုက်အုပ်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ၊ ဘဒ္ဒန္တနန္ဒိယ၊ ဘဒ္ဒန္တပညိန္ဒ(အဂ္ဂမဟာပဏ္ဍိတ) စသော ဂဏဝါစက ဆရာတော်များထံတော်တွင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ အဌကထာ၊ ဋီကာများနှင့်တကွ သင်ယူခဲ့ပြီး တိပိဋကစာပြန်ပွဲ ဝင်ရောက်ဖြေဆိုရန် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသုန္ဒရ မဟာထေရ်၏ အားပေးချီးမြှောက်မှုကို ခံယူရရှိခဲ့သည်။

မန္တလေးစာသင်နည်း[ပြင်ဆင်ရန်]

မန္တလေးမြို့ ရွှေရေးဆောင်ကျောင်းတိုက် အထူးစာချအကျော် သံချောင်းဆရာတော် ဦးပဏ္ဏ၀၊ မန္တလေးမြို့ ရွှေရေးဆောင်တိုက် သူဌေးကျောင်းဆရာတော် ဦးစန္ဒိမာ၊ ဆီဘန်နီဆရာတော် ဘဒ္ဒန္တအာစာရာဘိဝံသ(နိုင်ငံတော်သံဃမဟာနာယက)၊ ဘုရားကြီးတိုက် အမရပူရကျောင်းဆရာတော် ဘဒ္ဒန္တဥက္ကံသာဘိဝံသ(နိုင်ငံတော်သံဃမဟာနာယက)အရှင်မြတ်တို့ထံ မန္တလေးစာသင်နည်း ရွှေရေးဆောင်စာသင်နည်းတို့ကို သင်ယူခဲ့သည်။

၁၃၂၁ခုနှစ် ရှမ်းပြည်နယ်၊ လားရှိုးမြို့ မဟာဗောဓာရုံကျောင်းတိုက်၌ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရ(ယခု အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့-ဒုတိယဥက္ကဋ္ဌ)မြို့လယ်ကျောင်းဆရာတော်၏ အာမိသဓမ္မ ထောက်ပံ့မှုကို ရယူနေထိုင်ခဲ့သည်။

စာမေးပွဲများ[ပြင်ဆင်ရန်]

(၁၄)နှစ်သားအရွယ်တွင် သာသနာတော် (၂၅၀၀)ပြည့် အထိမ်းအမှတ် ဝိနည်းစာပြန်ပွဲတွင် "ပထမ"ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ (၁၆)နှစ်သားအရွယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် "ပထမငယ်တန်း"ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ (၁၇)နှစ်သားအရွယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် "ပထမလတ်တန်း"ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။

(၁၈)နှစ်သားအရွယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် "ပထမကြီးတန်း"ကို ဖြေဆိုအောင်မြင်ပြီး မုံရွာမြို့ သပြေပင်တောရကျောင်း ပါဠိပါမောက္ခသမိတိမှ ကြီးမှူးကျင်းပသော စာမေးပွဲ၌ ပထမအဆင့်ကို ပထမ၊ ဒုတိယအဆင့်ကို ဒုတိယ၊ တတိယအဆင့်ကို ပထမ တို့ဖြင့် အောင်မြင်တော်မူခဲ့သည်။ (၁၉)နှစ်သားအရွယ်တွင် အစိုးရ ဓမ္မာစရိယစာမေးပွဲ သီလက္ခန်နှင့် အဌသာလီနိ(၂)ကျမ်း ပါဠိဘာသာဖြင့် အောင်မြင်တော်မူခဲ့သည်။ (၂၀)နှစ် ရဟန်း(၁)ဝါအရတွင် "ပါရာဇိကဏ်"ကျမ်းကို အောင်မြင်ခဲ့သည်။ ကျမ်းရင်းအစိုးရဓမ္မာစရိယတန်း "ပါဠိဘာသာ"ဖြင့် အောင်မြင်ခဲ့သည်။ သာသနဓဇဓမ္မာစရိယဘွဲ့(ပါဠိဘာသာဖြင့်)ရခဲ့သည်။

ရဟန်း(၂)ဝါအရတွင် စာမျက်နှာ(၇၇၉)ရှိသော ဒီဃနိကာယ်သုတ္တန္တပိဋကကို အာဂုံပြန်ဆိုခဲ့သဖြင့် အရိုးနီထီးဖြူတော်တစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် "ဒီဃဘာဏက"ဘွဲ့ပုံလက်မှတ် ရရှိခဲ့သည်/ ရဟန်း(၄)ဝါအရတွင် "မဟာဝဂ္ဂါဒိ"မြန်မာဂုဏ်ထူးကို အောင်မြင်တော်မူခဲ့သဖြင့် "သာသနဓဇသိရီပါဝရ ဓမ္မာစရိယ"ဘွဲ့ ရရှိတော်မူခဲ့သည်။

ဆရာတော်သည် ကနီမြို့နယ်၊ မုံရွာမြို့၊ တပ်ကုန်းမြို့၊ ပခုက္ကူမြို့၊ ရန်ကုန်မြို့၊ မန္တလေး မြို့များရှိ စာသင်တိုက်တို့၌ ပရိယတ္တိ၊ ပဋိပတ္တိစာပေများ သင်ကြားဆည်းပူးတော်မူခဲ့ပြီး သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့၊ ဒွိပိဋကကောဝိဒ၊ မူလအာဘိဓမ္မိကဘွဲ့တို့ကို ရရှိ အောင်မြင်တော်မူခဲ့သည်။

သာသနာရေး အားပေးဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ရဟန်း (၅)ဝါမှစ၍ ရဟန်း၊ သာမဏေကျောင်းသားများကို ပရိယတ္တိ စာပေများ သင်ကြားပို့ချပေးခြင်း၊ ဝေးလံခေါင်းပါးသော ဒေသများဖြစ်မှ တိုင်းရင်းသား ကလေးသူငယ်များကို မြန်မာစာပေ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ သင်ကြားပေးခြင်း၊ သိက္ခာတော် (၄၀)မှစ၍ ပဋိပတ္တိရိပ်သာများဖွင့်ကာ လယ်တီဝိပဿနာများ ဟောပြောပြသ ပေးခြင်း၊ ပါဠိရေးနည်းပြောနည်းကျမ်းစာ၊ လယ်တီဝိပဿနာကျမ်းစာ အတွဲ (၁)မှ ကျမ်းစာ ပေါင်း (၃၃)ကျမ်းထိ ရေးသားပြုစုတော်မူခဲ့ခြင်း၊ ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ နာဂလိုဏ်ဂူအောင်ချမ်းသာစေတီတော် တို့၏ ‌ဂေါပကအဖွဲ့ ဩဝါဒါစရိယအဖြစ်လည်းကောင်း၊ ၁၃၅၃-ခုနှစ်မှ ၁၃၇၀-ပြည့်နှစ်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဆောင်ရွက် တော်မူခဲ့ပြီး ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယတာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

ဘွဲ့တံဆိပ်တော်များ[ပြင်ဆင်ရန်]

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော ဝီရိယတို့ဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခြင်း၊ အများပြည်သူရဟန်း ရှင်လူတို့၏ ကြည်ညိုလေးစားမှုကိုခံယူရရှိ တော်မူခြင်း၊ ပရိယတ္တိ ဝိသာရဒ ပဋိပတ္တိမာမကဂုဏ်နှင့် ပြည့်စုံတော်မူခြင်း၊ သီလ၊ သမာဓိ၊ ပညာ (၃)ပါးတို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် ၁၃၅၁- ခုနှစ်တွင် နိုင်ငံတော်အစိုးရက (*အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) ဘွဲ့၊ ၁၃၆၈-ခုနှစ်တွင် (*အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)ဘွဲ့၊ ၁၃၆၀-ပြည့်နှစ်တွင် (*အဂ္ဂမဟာပဏ္ဍိတ) ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်နှင့်တောင်တန်း‌ဒေသ လူစွမ်းအားအရင်းအမြစ်များ ဖော်ထုပ်ပေးနိုင်ခဲ့မှု၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကမ္ဘာကသိအောင် စွမ်းဆောင်ပေးနိုင်မှု စသည်တို့အတွက် ၁၅-၅-၂၀၁၅ ရက် နေပြည်တော် တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ နိုင်ငံ့စွမ်းဆောင်ရည်ဆု ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော်မူခဲ့သည်။

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၈၁ နှစ်၊ သိက္ခာတော် ၆၁ ဝါအရ ၁၃၈၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ ၁၅-၁၁-၂၀၂၀ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၀၀:၁၅) နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]