ဘတင်၊ ဦး (ရွှေပြည်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရွှေပြည်ဦးဘတင်

ရွှေပြည်ဦးဘတင်သည် ထင်ရှားသော နိုင်ငံသမိုင်းပညာရှင်၊ မြန်မာစာ၊ မြန်မာမှု ပညာရှင်ကြီးတစ်ဦး၊ စာဟောဆရာကြီး ဖြစ်ပါသည်။ မန္တလေး၏ မဟာဂီတ ပညာရှင်ကြီး တစ်ဦးလည်း ဖြစ်သည်။

ဆရာကြီးသည် တက္ကသိုလ်ဘွဲ့ရ ပညာရှိကြီးတစ်ဦး မဟုတ်ပါ။ သို့သော် ဆရာကြီး၏ ပညာအရည်အချင်းကြောင့် မန္တလေး အမျိုးသားကျောင်းဆရာ၊ မန္တလေး ဆရာအတတ်သင် ကျောင်းဆရာ၊ မန္တလေး ပန်တျာကျောင်းအုပ်၊ သမိုင်းသုတေသီ စသည့် အစိုးရခန့် ပညာရှင်အလုပ်များကို တာဝန်ယူခဲ့ရပြီး တက္ကသိုလ်ဆရာများကို မြန်မာစာ၊ မြန်မာမှု၊ မြန်မာရာဇဝင်များ ပို့ချဟောပြောပေးခဲ့ရသော ဆရာကြီးတစ်ဆူပင်ဖြစ်သည်။

မန္တလေးတက္ကသိုလ် ရှိ “အေဝမ်း” ခန်းမကြီးတွင် တစ်ပတ်တစ်ခါ ဆရာကြီး ပို့ချဟောပြောပေးသောအခါ မြန်မာစာ ပါမောက္ခများ၊ မြန်မာစာကထိကများက ကျိုးကျိုးနွံနွံနှင့် လိုက်လံနာကြား ရေးမှတ်ကြရပါသည်။ ဟောပြောသည့် အကြောင်းအရာများသည် ပုံနှိပ်စာအုပ်တွေ၊ ပေပုရပိုက်များထဲကသာမက ရှေးလူကြီးများ ကျန်ကောင်း ကျန်ရာ ကျန်ခဲ့သည့် နန်းတွင်း ပညာရှိကြီးများ၏ မှတ်သားပြောဆိုချက်များလဲ ပါရှိပါသည်။ ဆရာကြီးသည် အသားညို၍ ဥပဓိရုပ်ခန့်ညားသည်။ ခေါင်းပေါင်းစွပ်ထားပြီး တိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိသည်။ လည်တွင် ပုဝါရှည်တစ်ခု အမြဲပတ်ထားလေ့ရှိသည်။ မျက်လုံးမှေးပြီး ပြောဟောလေ့ရှိပေမယ့် မျက်နှာထိ မျက်နှာထား၊ အသံနေ အသံထား၊ မှင်မောင်း ကောင်းလှသောကြောင့် စာနာသည့် ပရိတ်သတ်သည် မငြီးနိုင်ဘဲ အစအဆုံး နာယူမှတ်သားလေ့ ရှိသည်။

နန်းဓလေ့ မန်းဓလေ့များကို ပြောပြရာတွင် နန်းတွင်းသူ နန်းတွင်းသားများကို ထင်ယောင် မြင်ယောင်မိပြီး ငေးမော နားထောင်ကြရပါသည်။ တခါတရံ ရှေးသီချင်းကြီးများကို အသံနေ အသံထားနှင့် စည်းဝါးကိုင်ပြီး သီဆိုပြတာမျိုးလဲ ရှိပါသည်။

ဂီတမှာ ဘယ်လောက် အစွဲတကြီး လေးစားသလဲဆိုလျှင် သူ့သားများအားလုံးကို မြန်မာယောက်ျားတိုင်း ပတ္တလား တီးတတ် ရမယ်၊ ပန်းချီ ဆွဲတတ်ရမယ်ဆိုပြီး ကိုယ်တိုင် သင်ပေးလေ့ ရှိပါသည်။ ပြီးလျှင် သူလေးစားသော ဂီတပညာရှင်ကြီးများဆီတွင် ဆက်လက်အပ်နှံ သင်ယူစေပါသည်။ ဆရာမြို့မငြိမ်းနှင့် အတွဲဖြစ်သော ပန်းချီကျော် ဦးဘသက်သည် ဂီတပညာရှင်လဲဖြစ်ပြီး တယောထိုး ကျွမ်းပါသည်။ ထိုဆရာများဆီကိုလဲ ဆရာကိုယ်တိုင် သားများကို အပ်နှံခဲ့သည်။

ဆရာရွှေပြည်သည် ကိုလိုနီခေတ်၊ မန္တလေး မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ နိုင်ငံရေး တရားဟောရာမှာ ဦးတိုး ရာမရကန်ထဲမှ သဇင်ပန်းဘွဲ့ကို ဌာန်နှင့်မာန်နှင့် သီဆိုဟောပြော လေ့ရှိပြီး ပရိသတ်က ညစဉ်မပြတ် တခဲနက် အားပေး နားထောင်ကြ၍ ညပေါင်း ၁၄၀ တိတိ ရှိသောအခါ အင်္ဂလိပ်အရေးပိုင်က အမိန့်ထုတ်တားမြစ်ရပြီး ရပ်လိုက်ရတော့သည် ဟုဆို၏။

ဂျပန်များ အောက်မြန်မာပြည်မှ မထွက်သေးခင် အင်္ဂလိပ်စစ်တပ်လဲ မန္တလေးကို အခြေမချသေးခင် ဦးရာဇတ်နှင့် လူထုဦးလှတို့က အထက်ဗမာနိုင်ငံ ဖဆပလအဖွဲ့ချုပ်ကို ဖွဲ့သည်။ ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ချုပ်ဖွဲ့သောအခါ ကိုယ်စားလှယ် ၁၀ ဦး တောင်းရာမှာ ဆရာရွှေပြည်ဦးဘတင် ပါခဲ့ပါသည်။ လူထုကြည်ညိုသော နိုင်ငံရေးသမားအဖြစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ အထူးလေးစား၍ ပြည်တွင်းစစ်ဖြစ်စက ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဆရာရွှေပြည်ကိုပဲ ကော်မတီဝင်အဖြစ် ထည့်သွင်းခဲ့ဖူးပါသည်။ ကျန်းမာရေးမကောင်း၍ ဆက်လက် မလုပ်နိုင်ခဲ့ရှာပါ။

ဆရာကြီးရွှေပြည်ဦးဘတင်၏ တပည့်ရင်းချာများက အမျိုးသားကျောင်းထွက် လူထုဒေါ်အမာ၊ ဗိုလ်ခင်မောင်ကလေး စသူတို့ပဲ ဖြစ်ပါသည်။ စာဖတ်ရာ၊ သီချင်းဆိုရာ၊ စကားပြောရာများတွင် ဌာန်ကရိုဏ်း ပယတ်တို့ကို အထူးသတိထားကြောင်း သိရပါသည်။

မန္တလေး၊ ဓမ္မဗိမာန် စာဆိုတော်နေ့ ဟောပြောပွဲမှ အပြန် ထုံးစံအတိုင်း ပတ္တလား ခေါက်ပြီး အထလိုက်မှာ ပတ္တလားအစွန်းကိုကိုင်ရင်းလဲကျပြီး ဆရာကြီး ကွယ်လွန်သွားခဲ့ရှာပါသည်။ [၁] ရွှေပြည်ဦးဘတင်၏ သားမှာ ဒါရိုက်တာ ဝင်းဖေ ဖြစ်ပြီး မြေးမှာ မီမီဝင်းဖေ ဖြစ်သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

မြန်မာ့စာဆိုရွှေပြည်ဦးဘတင်

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်စွမ်းရည်