ဘဏ်နှင့် ဘဏ်လုပ်ငန်း

ဝီကီပီးဒီးယား မှ

ဘဏ်တိုက်သို့လူတိုင်းရောက် ဖူးကြမည် မဟုတ်သော်လည်း ဘဏ်တိုက် အကြောင်းကို ကြားဖူးသူများကား နည်းလှမည်မဟုတ်ချေ။ ဘဏ်၌ စုငွေ ထားရှိသည်၊ ဘဏ်မှ ငွေထုတ်လာသည်စသော အသုံးနှုန်းများ ကို ရံဖန်ရံခါ ကြားသိကြမည့် နည်းတူ ချက်လက်မှတ်ဟူသော ဝေါဟာရကိုလည်း ကြားဖူး နားဝ ရှိကြပေမည်။ သို့သော် ချက်လက်မှတ်၊ ချက်လက်မှတ် သုံးသည့်စံနစ် စသည်တို့ကား အဘယ်ကဲ့သို့နည်း ဟူ၍ အသေးစိတ်သိသောသူကား မများ လှသေးချေ။

ချက်လက်မှတ် ဆိုသည်မှာ ဘဏ်တစ်ခု၌ ငွေအပ် နှံထားသောသူသည် ထိုဘဏ်တွင် သူအပ်နှံထားသော ငွေမျးမှ ငွေမည်ရွေ့မည်မျှကို သူ၏ ချက်လက်မှတ် ရရှိသော သူအား ထုတ်ပေးစေရန် ထိုဘဏ်သို့ညွှန်ကြားလိုက်သော အမိန့် လွှာပင် ဖြစ်သည်။ ယခုခေတ်တွင် ငွေအပေးအယူ အပြောင်း အလွှဲ လုပ်ကြရာ၌ ငွေစက္ကူ၊ ငွေဒင်္ဂါး စသည်တို့ကို အသုံး နည်း၍ ချက်လက်မှတ်ကို အသုံးများလာကြ၏။ အနောက်နိုင်ငံ များတွင် ချက်လက်မှတ် သုံးစွဲသော အလေ့အထမှာ တိုးတက် လျက် ရှိလေသည်။ ယူနိုင်တက် ကင်းဒမ်းခေါ် ဗြိတိန်နိုင်ငံ၌ ယခုအခါတွင် ရောင်းဝယ်ရေး လုပ်ငန်းအဝဝတို့တွင် ချက်လက်မှတ်သုံးသော စံနစ်ဖြင့်သာ ဆောင်ရွက်ကြ၏။

အနောက်တိုင်း နိုင်ငံများမှာကဲ့သို့ချက်လက်မှတ်သုံး အလေ့အထ မတိုးတက်သေးသော မြန်မာနိုင်ငံ၌ပင် ယခုအခါ ချက်လက် မှတ်များကို ရှေးကထက် သုံးစွဲလာလေပြီ။ ရှေးအခါက လူအများသည် ငွေပိုငွေလျှံများကို စဉ့်အိုး၌ဖြစ်စေ၊ ဝါးကျည်တောက်၊ သေတ္တာ၊ ဘူး၊ ခွက်၊ ကြုတ် စသည်တို့၌ဖြစ်စေ၊ ကျစ်ကျစ်ပါအောင်ထည့်၍ လူသူလေးပါး မသွားလာသည့် ချောင်ကျကျနေရာတွင် မြှုပ်နှံသိုမှီး ထားတတ်ကြလေသည်။ သို့မဟုတ်ခဲ့လျှင်လည်း ထိုငွေပိုငွေလျှံကို အသိမ်းရလွယ်ကူ၍ ငွေပြန်ပေါ် လွယ်သော ရွှေများ၊ ကျောက်မျက်ရတနာများဖြင့် ဖလှယ်ကာ လုံခြုံမည် ထင်ကြသည့် စိတ်ချရသော သေတ္တာတွင်း၌ လည်းကောင်း၊ သူတစ်ပါးမထင်စားသည့် တိုင်ခေါင် နံရံခေါင်းများ၌ လည်းကောင်း သိုဝှက်သိမ်းဆည်းထားလေ့ ရှိကြလေသည်။

ဤအလေ့အထမျိုးကို နယ်စွန်နယ်ဖျားကျသည့် တောလက် ကျေးရွာများ၌ ယခုတိုင်အောင် ပြုလုပ်လျက် ရှိသည်ကို တွေ့ရ၏။ ယခုခေတ်တွင်ကား မြို့ကြီးများ၌ နေထိုင်သူများသည် မိမိတို့၏ ငွေပိုငွေလျှံများကို မိမိတို့ကိုယ်တိုင် မသိမ်းထားဘဲ ဘဏ်များသို့လွှဲအပ်ကာ ထိန်းသိမ်း စောင့်ရှောက်စေကြ လေသည်။

ဘဏ်၌ ငွေအပ်ငွေထုတ် ပြုလုပ်သည့် စံနစ်ကို အောက်တွင် ပုံစံတစ်ခုအနေဖြင့် ဖော်ပြထားသည်။ ဦးမူ ဆိုသူ၌ ငွေဒင်္ဂါး၊ ငွေစက္ကူမှစ၍ ငွေပိုလငွေလျှံများစွာ ရှိရာတွင် ထိုငွေများကို တစ်နေရာရာ၌ သိုဝှက် သိမ်းဆည်း ထားရန်လည်း စိတ်မချနိုင်၊ သွားလေရာရာသို့မိမိနှင့် တစ်ပါးတည်း ယူဆောင်ရန်လည်း မလိုလားသဖြင့် ဦးမူသည် ယင်းငွေများကို ဘဏ်သို့ယူသွားပြီးလျှင် ဘဏ်မန်နေဂျာအား သိမ်းဆည်းထားရန် အပ်နှံလိုက်၏။ ထိုအခါ ဘဏ်မန်နေဂျာ သည် ဦးမူလိုသည့်အခါ၌ ထိုအပ်ငွေ၏ တစ်ချိုးတစ်ဝက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပြန်လည် ထုတ်ပေးမည်ဟူသော ကတိဝန်ခံချက်ဖြင့် ဦးမူအပ်လာသော ငွေများကို လက်ခံလျက် အပ်ငွေစာရင်းကို ဖွင့်ပြီးလျှင် ဦးမူအား ချက်လက်မှတ် စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်လေသည်။

ငွေအပ်ခြင်း နှစ်မျိုးနှစ်စား ရှိသည်။ ဦးမူအပ်သကဲ့သို့ ငွေရှင်၏ သဘောအလျောက် အလိုရှိသည့်အခါ လိုသမျှငွေကို ထုတ်ယူနိုင်သည့် စည်းကမ်းချက်ဖြင့် အပ်နှံခြင်းကို စာရင်း ရှင် ငွေအပ်နှံခြင်းဟု ခေါ်သည်။ စာရင်းရှင် အပ်ငွေများကို အချိန်မရွေး ထုတ်ပေးရသည့် စည်းကမ်းချက်ကြောင့် ဘဏ် သည် (ငွေကို) လှည့်၍ သုံးစွဲရန် အခွင့်အလမ်း နည်းပါး သည်ဖြစ်ရာ အချို့ဘဏ်များက ထိုသို့သော အပ်ငွေများအတွက် အတိုးမပေးကြချေ။ အချို့ဘဏ်များကမူ စတိသဘောမျိုးဖြင့် အနည်းငယ် ပေးလေ့ရှိကြသည်။ အခြားအပ်နှံခြင်း တစ်မျိုး ကား ငွေရှင်သည် ဘဏ်နှင့် သဘောတူညီထားသော အချိန် စေ့မှသာလျှင် မိမိ၏ ငွေကို ထုတ်ယူရမည်။ ထိုအတော အတွင်း၌ မထုတ်ယူရဟူ၍ စည်းကမ်းသတ်ထားသော အပ်နှံခြင်းပင်ဖြစ်သည်။ ထိုသို့အပ်နှံခြင်းကို စာရင်းသေ ငွေအပ်ခြင်း (ဝါ) အပ်ငွေစာရင်းဖွင့်ခြင်း ဟုခေါ်သည်။

အချိန် သတ်မှတ်ထားသည့် အလျောက် ဘဏ်များသည် ထိုသို့သော အပ်ငွေမျိုးကို ခြားလုပ်ငန်းတို့၌ လှည့်၍ အသုံးပြုနိုင်ကြသည် ဖြစ်ရာ၊ စာရင်းသေ အပ်ငွေများ အတွက် အတိုးငွေ ခပ်များများပေးလေ့ရှိကြသည်။

ဦးမူသည် ချက်လက်မှတ် စာအုပ်ရသောအခါ မိမိ၏ ထိုးမြဲလက်မှတ်ပုံစံကို ရေးထိုး၍ ဘဏ်သို့ပေးအပ် ခဲ့ရပေ သည်။ ငွေထုတ်လိုသည့်အခါ ချက်လက်မှတ်တွင် မည်သူ မည်ဝါအား ငွေမည်မျှ ပေးပါဟု ညွှန်ကြားဖော်ပြလျှက် ထိုးမြဲလက်မှတ်ကို ရေးထိုးပေးရ၏။ ချက်လက်မှတ် ရသူက ဘဏ်သို့တစ်ဆင့် ပို့ရပြန်၏။ ထိုအခါ ဘဏ်တိုက်က ဦးမူ၏ ထိုးမြဲလက်မှတ်ကို ယခင်က ထားခဲ့သော ပုံစံနှင့် တိုက်ဆိုင် စစ်ဆေးပြီးနောက် မှန်ကန် သည်ဟု ကျေနပ်လျှင် ချက် လက်မှတ်တွင် ဖော်ပြထားသော ငွေကို ထုတ်ပေးရလေသည်။

ပုံစံအားဖြင့် ဦးမူသည် ကုန်စုံဆိုင်ရှင် ဦးထွန်းအား ကုန်ဖိုးငွေသော် လည်းကောင်း၊ အကြွေးကိုသော် လည်းကောင်း ပေးဆပ်ရန် ငွေလိုသည်ဟု ဆိုကြပါစို့။ ထိုအခါ ဦးမူသည် ဘဏ်သို့ကိုယ်တိုင်သွားရောက်ပြီးလျှင် မိမိ၏ စာရင်းရှင် အပ်ငွေများမှ လိုသမျှသောငွေကို ထုတ်ယူလျက် ဦးထွန်းအား လက်ထိလက်ရောက် ရှင်းလင်း ပေးဆပ်မည် ဆိုက ကိုယ်တိုင် ပေးဆပ်နိုင်လေသည်။ ထိုသို့မဟုတ်ဘဲ ကိုယ်တိုင် ဒုက္ခမခံလို သော် ချက်လက်မှတ် တွင် ဦးထွန်းအား ပေးရန်ရှိသော ငွေကို အတိအကျဖော်ပြပြီးလျှင် ဦးထွန်းအား၊ သို့မဟုတ် ဦးထွန်းက စေလွှတ် လိုက်သော သူအား ထုတ်ပေးရန် ညွှန်ကြား၍ မိမိထိုးမြဲလက်မှတ်ကို ရေးထိုးပြီးနောက် ထိုချက်လက်မှတ်ကို ဦးထွန်းအား ပေးလိုက်နိုင်သည်။ ဦးထွန်းသည် ချက်လက်မှတ် ကို ရရှိသောအခါ ချက်လက်မှတ်၏ ကျောဘက်တွင် မိမိ၏ နာမည်ကို ထပ်မံရေးထိုးလျက် ဘဏ်သို့မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ကို စေလွှတ်၍ဖြစ်စေ အဆိုပါ ချက် လက်မှတ်ပြပြီးသော် ငွေထုတ်ယူနိုင်၏။ အကယ်၍ ဦးထွန်း သည် ဘဏ်၌ အပ်ငွေရှိက ဦးမူထံမှရသော ထိုငွေကို ထုတ် မယူဘဲ မိမိ၏ အပ်ငွေစာရင်း၌ လွှဲပြောင်း ထည့်သွင်းနိုင် သည်။

အကယ်၍ ဦးမူအပ်ငွေရှိသော ဘဏ်သည် ဦးထွန်း အပ်ငွေရှိသော ဘဏ်နှင့် မတူလျှင် ဦးမူထံမှရရှိသော ချက် လက်မှတ်ကို ဦးထွန်းသည် မိမိအပ်ငွေရှိသော ဘဏ်သို့ပင် ပေးပို့ကာ ထိုဘဏ်မှတစ်ဆင့် ဦးမူအပ်ငွေရှိသော ဘဏ်နှင့် အပြန်အလှန် စာရင်းရှင်းယူနိုင်သည်။ ထို့ကြောင့် ဘဏ်ပိတ် ချိန် ရောက်သည့်အခါ ဘဏ်တိုက်ခွဲတို့၌ လက်ခံရရှိသမျှသော ချက်လက်မှတ်ကို ဗဟိုဘဏ်တိုက်ကြီးသို့ပို့ကြရသည်။ ထိုမှတစ်ဖန် အခြားဘဏ်များနှင့် ဆိုင်သော ချက်လက်မှတ် များကို ဘဏ်စာရင်းရှင်ရုံးသို့ပို့လျက် မိမိနှင့် ဆိုင်သော ချက်လက်မှတ်များနှင့် အပြန် အလှန် စာရင်းရှင်း၍ ငွေထုတ် ယူကြရလေသည်။ ဘဏ်စာရင်းရှင်ရုံး ဆိုသည်မှာ အဖွဲ့ဝင် ဘဏ်တိုက်ကြီးများ၏ ချက်လက်မှတ်ပေါင်း များစွာတို့ကို နေ့စဉ် အပြန်အလှန် စာရင်းရှင်းပေးရာ ဌာနဖြစ်သည်။

ချက်လက်မှတ်များကို အပြန်အလှန် စာရင်းရှင်းပြီးသည့်နောက် အဖွဲ့ဝင် ဘဏ်တစ်ခုသည် အခြားအဖွဲ့ဝင် ဘဏ်တစ်ခုပေါ်၌ ငွေရရှိရန် နေသေးလျှင် ဗဟိုဘဏ်တိုက်ချုပ်မှ တစ်ဆင့် ငွေထုတ်ယူရ၏။ သို့မဟုတ် စာရင်းလွှဲပြောင်းယူရ၏။ လုပ်ငန်း ဖွံ့ဖြိုးထွန်းကားသည့် မြို့ကြီးများတွင် အပြန်အလှန် စာရင်းရှင်းသော အလုပ်ကို နေ့စဉ် နှစ်ကြိမ်မျှ ဘဏ်စာရင်း ရင်းရုံးက ဆောင်ရွက်ပေးရလေသည်။

ယူနိုက်တက်ကင်းဒမ်း နိုင်ငံတွင် လန်ဒန်မြို့ရှိ အင်္ဂလန်နိုင်ငံတော်ဘဏ်သည် ဘဏ်တကာတို့၏ ဗဟို ဘဏ်တိုက်ချုပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ရှိ အိန္ဒိယရီဇတ်ဘဏ် ( အိန္ဒိယ သိးသန့်ဘဏ် ) သည် အခြားဘဏ်များ၏ ဗဟိုဘဏ်တိုက် ချုပ်ပင် ဖြစ်၏။ အိန္ဒိယရီဇတ်ဘဏ်၏ စီမံအုပ်ချုပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန် ဘဏ်စာရင်းရှင်ရုံးသည် ၁၉၄ဝ ပြည့်နှစ်တွင် ချက်လက်မှတ်ပေါင်း ၈၈၆၅ဝ၂ စောင်၊ သင့်ငွေပေါင်း ၁ဝ၈၆၈၂၇၁၂၃ ကျပ်မျှကို စာရင်းရှင်ပေး ခဲ့ရလေသည်။ ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ပေါက်လာသောအခါ၌ကား ဗဟိုဘဏ်တိုက်ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ ဘဏ်ဖြစ်၍ ယခင်က အိန္ဒိယ ရီဇတ်ဘဏ်၏ လုပ်ငန်းဆောင်တာများကို ဆက်လက် ဆောင်ရွက်လျက် ရှိလေသည်။

ဗဟိုဘဏ်တိုက်ချုပ်သည် ငွေလွှဲစာချုပ်များ အတွက် ဘဏ်နှုန်းမျးကို သီတင်းစဉ် သတ်မှတ် ကြေညာလေ့ရှိသည်။ ဘဏ်နှုန်းဆိုသည်မှာ ငွေလွှဲစာချုပ်များကို ဝယ်ယူ၍ ငွေချေ ရာတွင် စာချုပ်တန်ဖိုးမှ ဘဏ်က နုတ်ယူ လိုက်သည့် အနည်းဆုံးသော လျှော့ငွေပင်ဖြစ်သည်။ ဗဟိုဘဏ်တိုက်ချုပ်မှ ကြေညာသော ဘဏ်နှုန်းကို အမှီပြု၍ သာလျှင် အခြားသော ဘဏ်များသည် မိမိတို့ထံ အပ်နှံထားသော အပ်ငွေများအတွက် အတိုးနှုန်းထားကို သတ်မှတ်လေ့ရှိသည်။

ငွေလွှဲစာချုပ်ဟူရာ၌ လူတစ်ဦးမှ တစ်ဦးသို့ လည်းကောင်း၊ ကုမ္ပဏီတစ်ခုမှ တစ်ခုသို့လည်းကောင်းဖော်ပြ ပါငွေကို သတ်မှတ်ထားသော အချိန်ကာလတွင် ပေးရန် ကတိပြုချုပ်ဆိုထားသော စာချုပ်စာတမ်းကို ဆိုလို လေသည်။ ကုန်သည်တစ်ဦးသည် အခြားတစ်နိုင်ငံမှ ကုန်သည်တစ်ဦးအား ကုန်များ ရောင်းချလိုက်သည်တွင် ကျသင့်သော ကုန်ဖိုးငွေကို ဖော်ပြပြီးနောက် ၃ လဆိုင်း၊ ၄ လဆိုင်းစသည်ဖြင့် အချိန် ကာလကို သတ်မှတ်ပြီးလျှင် စာချုပ်တစ်ခုပြုလုပ်၍ ကုန်ဝယ် သူထံ ပို့လိုက်၏။ ကုန်ဝယ်သူသည် စာချုပ်ပါ စည်းကမ်း ချက်များကို သဘောတူခဲ့သော် စာချုပ်တွင် လက်မှတ်ရေးထိုး၍ ကုန်ရောင်းသူထံသို့ပြန်ပို့ရ၏။ ထိုစာချုပ်မှာ ငွေလွှဲစာချုပ်ပင် ဖြစ်လေသည်။ ကုန်ရောင်းသူသည် စာချုပ်ပါငွေကို ထုတ်ယူ မည့်သူဖြစ်၍ ကုန်ဝယ်သူသည် စာချုပ်ကို ဝန်ခံသူ ဖြစ်လေ သည်။ စာချုပ်ဝန်ခံသူသည် အခြေခိုင်လုံ၍ နာမည်ကောင်း ရှိသောသူ ဖြစ်မှသာလျှင် စာချုပ်၏ တန်ဖိုးမှာ ကောင်း၍၊ ရောင်းရာ၌ လျှော့နှုန်းသက်သာလေသည်။ ငွေလွှဲစာချုပ်များမှာ လက်ပြောင်းရောင်းချနိုင်သော စာချုပ်များ ဖြစ်ကြ၏။

စုရိုးစုစဉ် ငွေစုသောသူများအတွက် ငွေစုဘဏ်များ လည်း ရှိကြသေးသည်။ ယင်းတို့မှာ အစုစပ်ဘဏ်များ (ရင်းဖက်စုဖက် ဘဏ်များ) နှင့် စာတိုက်ငွေစုဘဏ်များ ဖြစ် ကြ၏။ အင်္ဂလန်ပြည်တွင် အစုစပ်ဘဏ်များမှာ ကြီး ၅ ကြီး ဟုခေါ်လေ့ ခေါ်ထရှိသော ဘဏ်တိုက်ကြီး ၅ ခုတို့၏ ဘဏ် တိုက်ခွဲများ ဖြစ်ကြသည်။ ကြီး ၅ ကြီးကား ဗာကလေး၊ လွိုက်၊ မစ်ဒလန်၊ နေရှင်နယ်ပရောဗင်ရှယ်နှင့် ဝက်စမင် စတာဘဏ် လီမိတက်တို့ဖြစ်ကြသည်။ ထိုသို့စုဆောင်း အပ်နှံထားသော ငွေများအတွက် ဘဏ်များက အတိုးအနည်း ငယ် ပေးကြသည်။ စာတိုက်ငွေစုဘဏ်သည် စုငွေတစ်ရာ အတွက် တစ်နှစ်လျှင် ၂ ၁/၂ ရာခိုင်နှုန်း အတိုးပေးလေသည်။

ဘဏ်လုပ်ငန်း၏ ဇာစ်မြစ်ကို ပြန်ပြောင်းလေ့လာသော် အလယ်ခေတ်တွင် ထွန်းကားခေတ်စားခဲ့သော အီတလီနိုင်ငံရှိ ငွေလဲစားသူများနှင့် သူတို့၏ လုပ်ငန်းများမှ တစ်ဆင့် တိုးတက်ကြီးပွား ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုငွေလဲစားသူများသည် အီတလီနိုင်ငံရှိ မြို့အသီးအသီးတို့တွင် လမ်းဘေး၌ ခုံတန်းလျားများ တည်ခင်း၍ ငွေလဲလှယ်သော အလုပ်ကို လုပ်ကိုင်ကြရာမှ စုပေါင်းဖွဲ့စည်း၍ လုပ်ကိုင်သော ဘဏ်လုပ်ငန်းကို စတင်ခဲ့ကြလေသည်။ ( ခုံတန်းလျားကို အီတာလျံ ဘာသာဖြင့် ဗန်ကဟုခေါ်၍ ထိုစကားမှ ယခုခေတ် သုံးသော ဘဏ်ဟူသော ဝေါဟာရ ဆင်းသက်လာသည်ဟု ဆိုသည်။ ) သို့အားဖြင့် ပထမဆုံး ဖြစ်သော ကုန်သွယ်ရေး ဆိုင်ရာဘဏ်ကို ၁၅၇၈ ခုနှစ်တွင် ဗင်းနစ်မြို့၌ တည်ထောင် ဖွင့်လှစ်ခဲ့လေသည်။ ထိုဘဏ်ကား ဗန်ကို ဒယ်လာ ပီအာဇာ ဒယ်ရီ အယ်လတိုပင်ဖြစ်၏။ အီတလီနိုင်ငံ၌ အမြစ်တွယ်ခဲ့ သော ဘဏ်လုပ်ငန်းသည် အင်္ဂလန်ပြည်သို့၁၃ ရာစုနှစ်တွင် မျိုးပြန့်ခဲ့သည်။ အီတလီနိုင်ငံမှ လောင်းဗတ်လူမျိုးတို့သည် အစပထမ၌ ပုပ်ရဟန်းမင်းကြီးအတွက် အခွန်ဘဏ္ဍာ ကောက်ခံ ရန် ကိုယ်စားလှယ်တော်များအဖြစ်ဖြင့် ၁၃ ရာစုနှစ်တွင် အင်္ဂလန်ပြည်သို့ရောက်ရှိလာကြ၏။ လောင်းဗတ်တို့သည် ဇာတိမျိုးရိုးအားဖြင့် ရွှေပန်းတိမ်သည်များ ဖြစ်ကြသည်။

သူတို့သည် လန်ဒန်မြို့တစ်နေရာတွင် နေထိုင်ကြလျက် နေသားထိုင်သား ကျလာသောအခါ သူတို့၏ လာရင်းလုပ်ငန်း ပြင်၊ သူတို့၏ မိရိုးဖလာလုပ်ငန်းဖြစ်သော ငွေချေးငှားခြင်း၊ အပ်ငွေလက်ခံခြင်း၊ ငွေလဲလှယ်ခြင်းများကို လုပ်ကိုင်လာကြ သည်။ ထိုမှ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လျက် ဘဏ် လုပ်ငန်းသည် ပေါ်ထွက်ပွင့်ကားလာသည်။ ၁၆၉၄ ခုနှစ်တွင် အင်္ဂလန်ဘဏ်ကို အစိုးရအကူညီအနှင့် တည်ထောင်ခဲ့၏။

လောင်းဗတ်တို့နှင့် သူတို့၏ လုပ်ငန်းဆောင်တာတို့ကို အမှတ်တရ ဖြစ်စိမ့်သောငှာ ယင်းတို့မူလ အခြေတည်ရာ နေရာကို လောင်းဗတ်လမ်းဟု ခေါ်ခဲ့ကြ၏။ ယခုအခါ လောင်းဗတ်လမ်းသည် လန်ဒန်မြို့၏ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အချက်အချာ နေရာဖြစ်သည့်ပြင် ကမ္ဘာ့စီးပွားရေး ယန္တရားများဖြစ်သော အလုပ်တိုက်နှင့် ဘဏ်တိုက်များ တည်ရှိ ရာ ဗဟိုရပ်ကွက်ကြီးလည်း ဖြစ်နေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)