ဘဏ္ဍာရေး ဆင်းသက်စာချုပ်
ဘဏ္ဍာရေး တွင် ဘဏ္ဍာရေး ဆင်းသက်စာချုပ် (Financial derivative) သည် စာချုပ်ဖက် (counterparty) နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သူများအကြား ချုပ်ဆိုထားသည့် စာချုပ်တစ်ခု ဖြစ်သည်။ ၎င်းစာချုပ်၏ တန်ဖိုးသည် အခြေခံ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (underlying asset)၊ အညွှန်းကိန်း (index) သို့မဟုတ် စံသတ်မှတ်ချက် (benchmark) တစ်ခုခု၏ ဈေးကွက်လှုပ်ရှားမှုအပေါ် မူတည်နေခြင်း သို့မဟုတ် ယင်းတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆင်းသက်စာချုပ်တစ်ခုတွင် ပင်ကိုတန်ဖိုး (intrinsic value) မရှိပါ။ ယင်းအစား ၎င်း၏ ဈေးကွက်ပေါက်ဈေးသည် အခြေခံအရာဝတ္ထု၏ ဈေးနှုန်းပြောင်းလဲမှုများနှင့် တိုက်ရိုက်ဆက်စပ်၍ အတက်အကျ ဖြစ်ပေါ်လေ့ရှိသည်။ ဈေးကွက်တွင် အများဆုံး အသုံးပြုလေ့ရှိသော အခြေခံ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများတွင် အစုရှယ်ယာများ (equities)၊ ငွေတိုက်စာချုပ်များ (bonds) ကဲ့သို့သော ပုံသေဝင်ငွေရ ငွေကြေးစာချုပ်များ (fixed-income instruments)၊ ကုန်စည်များ (commodities)၊ နိုင်ငံခြားငွေကြေးများ (currencies)၊ အတိုးနှုန်းများ (interest rates) နှင့် ဈေးကွက် အညွှန်းကိန်းများ (market indices) ပါဝင်ကြသည်။ [၁]
ဈေးကွက်အတွင်း ပါဝင်သူများသည် ဆင်းသက်စာချုပ်များကို အဓိက စီးပွားရေးလုပ်ငန်းဆောင်တာ နှစ်ရပ်အတွက် အသုံးပြုကြသည်။ ပထမတစ်ရပ်မှာ မိမိလက်ရှိ ရင်ဆိုင်နေရသော အရှုံးပေါ်နိုင်ခြေများကို လျှော့ချရန် သို့မဟုတ် အခြားသူထံ လွှဲပြောင်းရန်အတွက် စွန့်စားရနိုင်ခြေ လျှော့ချခြင်း (risk mitigation) သို့မဟုတ် ဟက်ဂျ်လုပ်ခြင်း (hedging) ပြုလုပ်ခြင်း ဖြစ်သည်။ ဒုတိယတစ်ရပ်မှာမူ ဈေးနှုန်းများ မည်သို့ပြောင်းလဲမည်ကို ကြိုတင်ခန့်မှန်း၍ အမြတ်အစွန်းရယူရန်အတွက် လားရာခန့်မှန်း ဈေးကစားခြင်း (directional speculation) ပြုလုပ်ခြင်း ဖြစ်သည်။ [၂]
စီးပွားရေးအရ အသုံးဝင်မှုနှင့် ဗျူဟာမြောက် အသုံးပြုခြင်း (Economic Function and Strategic Usage)
[ပြင်ဆင်ရန်]ဆင်းသက်စာချုပ်များသည် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများနှင့် တစ်သီးပုဂ္ဂလ ဈေးကွက်ပါဝင်သူများ (market participants) အတွက် အသုံးဝင်မှု နယ်ပယ်ကျယ်ပြန့်စွာ ရှိသည်။ ယေဘုယျအားဖြင့် အောက်ပါအချက်များ ပါဝင်သည်။
- စွန့်စားရနိုင်ခြေ လျော့ပါးစေခြင်း (Risk Mitigation) - ဈေးကွက်ပါဝင်သူများသည် မိမိတို့ လက်ရှိရင်းနှီးမြှုပ်နှံထားသော ပစ္စည်းများ၏ တန်ဖိုးနှင့် ပြောင်းပြန်အချိုးကျ ရွေ့လျားမည့် ဆင်းသက်စာချုပ်တစ်ခုကို ဝယ်ယူလေ့ရှိကြသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ဈေးကွက်အတက်အကျကြောင့် ဆုံးရှုံးနိုင်ခြေ (price exposure) များကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ချေဖျက်နိုင်မည် (neutralize) ဖြစ်သည်။ [၃][၄]
- လားရာခန့်မှန်း ဈေးကစားခြင်း (Directional Speculation) - ဈေးနှုန်းသွားမည့် လမ်းကြောင်းများ (price trajectories/directions)၊ ဈေးကွက် မငြိမ်မသက်ဖြစ်မှုများ (volatility swings) သို့မဟုတ် သတ်မှတ်ထားသော ဈေးနှုန်းအတက်အကျ နယ်ပယ်များ (bounded trading ranges) ကို ကြိုတင်ခန့်မှန်းခြင်းအပေါ် အခြေခံ၍ အကျိုးအမြတ် ရှာဖွေခြင်း ဖြစ်သည်။ ဤနေရာတွင် ဟက်ဂျ်လုပ်ခြင်းကဲ့သို့ အကာအကွယ်ရယူထားခြင်းမရှိဘဲ မိမိ၏ ခန့်မှန်းချက်အတိုင်း ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။
- အရင်းအနှီး အသုံးချနိုင်စွမ်း သို့မဟုတ် လဲဗရိတ်ချ် (Capital Efficiency / Leverage) - မိမိဘက်မှ ကနဦး အာမခံကြေး (margin) အနည်းငယ်သာ စိုက်ထုတ်ထားသော်လည်း အမည်ခံ ဘဏ္ဍာရေးပမာဏ (notional financial position) ကြီးမားစွာဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် လက်ငင်းဈေးကွက် (spot market) နှင့် နှိုင်းယှဉ်ပါက အမြတ်အစွန်းဖြစ်စေ၊ အရှုံးဖြစ်စေ ပိုမိုကြီးမားစွာ (magnified gains or losses) ဖြစ်ပေါ်စေနိုင်သည်။ [၅]
- ပေါင်းစပ် ဖန်တီးထားသော ရင်းနှီးမြှုပ်နှံမှု (Synthetic Exposure) - တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်၍မရသော (non-tradeable)၊ ငွေပေါ်လွယ်မှုမရှိသော (illiquid) သို့မဟုတ် ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ လက်လှမ်းမမီနိုင်သော (physically inaccessible) အခြေခံပစ္စည်းများ (underlying assets) ကို စီးပွားရေးအရ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖန်တီးခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ရာသီဥတု ဆင်းသက်စာချုပ်များ (weather derivatives) ကို အသုံးပြု၍ လေထုနှင့် အပူချိန် အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာမည့် စွန့်စားရနိုင်ခြေများကို သီးခြားခွဲထုတ်ကာ (isolating) အရောင်းအဝယ် ပြုလုပ်ခြင်းများ ပါဝင်သည်။ [၆]
- အခြေအနေပေးမှ ရရှိမည့် အကျိုးအမြတ် သို့မဟုတ် ရွေးချယ်နိုင်ခွင့် (Contingent Payoffs / Optionality) - တိကျသော ဈေးကွက်အခြေအနေများ (specific market conditions) သို့မဟုတ် သတ်မှတ်ထားသည့် ဈေးနှုန်းအမှတ်များ (price milestones) သို့ ရောက်ရှိမှသာလျှင် ဆင်းသက်စာချုပ်၏ တန်ဖိုးကို အသက်ဝင်စေမည့် (triggered) မိမိစိတ်ကြိုက် အကျိုးအမြတ်ပုံစံများ (customised return profiles) ဖန်တီးခြင်း ဖြစ်သည်။
- ဈေးကွာဟချက်ကို အမြတ်ထုတ်ခြင်း (Arbitrage) - တစ်ထပ်တည်းတူညီသော (identical) သို့မဟုတ် အလွန်ဆက်စပ်မှုရှိသော ပစ္စည်း (highly correlated assset) တစ်ခုအား ဈေးကွက်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော နေရာများတွင် ဈေးနှုန်းသတ်မှတ်ချက် ခေတ္တလွဲမှားနေမှု (mispricing) ကို အခွင့်ကောင်းယူခြင်း ဖြစ်သည်။ ယင်းမှတစ်ဆင့် သဘောတရားရေးရာအရ (theoretically) အရှုံးပေါ်ရန်မရှိသည့် (riskless) အကျိုးအမြတ်များကို ရယူနိုင်မည် ဖြစ်သည်။
- ကူးပြောင်းမှု စီမံခန့်ခွဲခြင်း (Transition Management) - ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ငွေကြေးစာချုပ်များ (physical securities) ကို အမှန်တကယ် ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ်မည့်အစား အဓိက ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများအကြား ရင်းနှီးမြှုပ်နှံမှု အချိုးအစားများ (portfolio allocations) ကို ပေါင်းစပ်ဖန်တီးမှုနည်းလမ်းဖြင့် ပြောင်းလဲခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ဈေးကွက်အပေါ် ဂယက်ရိုက်ခတ်မှုများ (market impacts)၊ ဈေးနှုန်းကွာဟမှု ကုန်ကျစရိတ်များ (spread costs) နှင့် ငွေပေးချေမှု နှောင့်နှေးကြန့်ကြာမှုများ (settlement delays)ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
- အခွန်သက်သာစေရန် စီမံခြင်း (Tax Optimization) - ဥပဒေအရ ပေးဆောင်ရမည့် အခွန်ဝတ္တရားများ (statutory liabilities) ကို ရွှေ့ဆိုင်းရန် (defer) သို့မဟုတ် အနည်းဆုံးဖြစ်စေရန်အတွက် (minimize ) ငွေကြေးစီးဆင်းမှုများ (cash flows)ကို ဖွဲ့စည်းစီမံခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အစုရှယ်ယာများကို အမှန်တကယ် ပိုင်ဆိုင်ထားသော ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ရှယ်ယာ အကျိုးအမြတ် ဖလှယ်သည့် စာချုပ် (equity swap) ကို ချုပ်ဆိုနိုင်သည်။ ထိုစာချုပ်အရ ရင်းနှီးမြှုပ်နှံသူသည် ရှယ်ယာမှရရှိသော စုစုပေါင်းအကျိုးအမြတ်များကို စာချုပ်ဖက်ထံသို့ လွှဲပြောင်းပေးပြီး ယင်းအစား ဆိုနီယာ (SONIA) ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ အတိုးနှုန်း (financing rate) ကို ရယူမည် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူသည် အရင်းအနှီးတိုးပွားမှုအပေါ် ကောက်ခံသော အခွန် (Capital Gains Tax) ကျသင့်စေမည့် တရားဝင် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကို ဥပဒေနှင့်အညီ ရွှေ့ဆိုင်းထားနိုင်ပြီး ပိုင်ဆိုင်မှု၏ တန်ဖိုး ကိုမူ ငွေသားအဖြစ် ဖော်ဆောင်အသုံးပြုနိုင်မည် (monetize) ဖြစ်သည်။
ဈေးကွက် အမျိုးအစားခွဲခြားခြင်း (Market Classification)
[ပြင်ဆင်ရန်]ဆင်းသက်စာချုပ်များကို အဓိက ဈေးကွက်နေရာ နှစ်ခုမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ်ကြသည်။
- ပြင်ပဈေးကွက် (Over-the-Counter သို့မဟုတ် OTC) - ၎င်းသည် အဖွဲ့အစည်းများ (institutions) အကြား တိုက်ရိုက် အရောင်းအဝယ်ပြုလုပ်သော၊ နှစ်ဦးနှစ်ဖက် (bilateral) သီးသန့်ညှိနှိုင်းချုပ်ဆိုသည့် (privately negotiated) စာချုပ်များ ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်၏ အမည်ခံ ဘဏ္ဍာရေးပမာဏ (global market's notional value) အများစုသည် OTC ဆင်းသက်စာချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စံသတ်မှတ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းထက် မိမိတို့ စိတ်ကြိုက် ပြင်ဆင်ချုပ်ဆိုလေ့ရှိသောကြောင့် စာချုပ်ဖက်ဆိုင်ရာ ချေးငွေအန္တရာယ် (counterparty credit risk) ပိုမိုမြင့်မားလေ့ရှိသည်။ ဤအန္တရာယ်မှာ စာချုပ်ပါ ဝတ္တရားများကို တစ်ဖက်ဖက်မှ ပျက်ကွက်နိုင်ခြေ (default) ဖြစ်သည်။[၇]
- ဒိုင်ဖွင့် အရောင်းအဝယ်ပြုသော ဆင်းသက်စာချုပ်များ (Exchange-Traded Derivatives သို့မဟုတ် ETD) - ၎င်းတို့သည် စည်းမျဉ်းသတ်မှတ်ထားသော ကြိုပွိုင့် (futures) သို့မဟုတ် ရွေးချယ်ခွင့် (options) အရောင်းအဝယ်ဒိုင်များတွင် ကူးသန်းရောင်းဝယ်သည့် စံသတ်မှတ်ချက်ကိုက်ညီသော စာချုပ်များ ဖြစ်သည်။ ETD များတွင် အရောင်းအဝယ် နှစ်ဖက်စလုံးအတွက် ကြားခံစာချုပ်ဖက် (intermediary counterparty) အဖြစ် ဆောင်ရွက်ပေးသော ဗဟိုစာရင်းရှင်းလင်းရေးဌာန (central clearing house) ကို အသုံးပြုကြသည်။ ထိုသို့အသုံးပြုခြင်းဖြင့် စာချုပ်ဖက်တစ်ဦးဦးမှ ပျက်ကွက်နိုင်ခြေ (counterparty default risk) ကို ထိရောက်စွာ ချေဖျက်ပေးနိုင်သည်။[၈][၉]
အဓိက ဆင်းသက်စာချုပ် အမျိုးအစားများ (Primary Instrument Types)
[ပြင်ဆင်ရန်]
ဆင်းသက်စာချုပ်များ၏ ဖွဲ့စည်းပုံများကို ယေဘုယျအားဖြင့် စံသတ်မှတ်စာချုပ်များ (standard contracts) နှင့် ငွေချေးသက်သေခံလက်မှတ်အဖြစ် ဖန်တီးထားသော ထုတ်ကုန်များ (securitized products) ဟူ၍ အမျိုးအစား နှစ်ရပ် ခွဲခြားထားသည်။
စံသတ်မှတ်စာချုပ်များ (Standard Contracts)
[ပြင်ဆင်ရန်]- ရှေ့ပြေးစာချုပ်များ (Forwards) - အခြေခံပစ္စည်းတစ်ခုကို အနာဂတ်ရှိ သတ်မှတ်ရက်တစ်ခုတွင် ကြိုတင်သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် စိတ်ကြိုက် ညှိနှိုင်းချုပ်ဆိုထားသော သဘောတူညီချက်များ ဖြစ်သည်။ ၎င်းတို့ကို ပြင်ပဈေးကွက် (OTC) တွင် အရောင်းအဝယ် ပြုလုပ်လေ့ရှိသည်။[၁၀]
- ကြိုပွိုင့်စာချုပ်များ (Futures) - သတ်မှတ်ထားသော အရောင်းအဝယ်ဒိုင်များတွင် ကူးသန်းရောင်းဝယ်ပြီး နေ့စဉ် စာရင်းရှင်းလင်းမှုပြုလုပ်သော စံသတ်မှတ်ချက်ကိုက်ညီသည့် ရှေ့ပြေးစာချုပ်များ ဖြစ်သည်။[၁၁][၁၂]
- ရွေးချယ်ခွင့်စာချုပ်များ (Options) - ဝယ်ယူသူအား အခြေခံပစ္စည်းတစ်ခုကို သတ်မှတ်ထားသောရက်တွင် သို့မဟုတ် ထိုရက်မတိုင်မီ ကြိုတင်သတ်မှတ်ထားသည့် ဈေးနှုန်း (strike price) ဖြင့် ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် အခွင့်အရေးပေးသော စာချုပ်များ ဖြစ်သည်။ ဤစာချုပ်များတွင် ဝယ်ယူရန် အခွင့်အရေးကို ကောလ် (call) ဟုခေါ်ဆိုပြီး ရောင်းချရန် အခွင့်အရေးကို ပွတ်တ် (put) ဟု ခေါ်ဆိုသည်။ ဝယ်ယူသူအနေဖြင့် ထိုအခွင့်အရေးကို မဖြစ်မနေ အသုံးပြုရန် တာဝန်မရှိပေ။[၁၃]
- ဖလှယ်ရေးစာချုပ်များ (Swaps) - ကြိုတင်သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ငွေကြေးစီးဆင်းမှုများကို အစဉ်လိုက် ဖလှယ်ရန် သဘောတူညီချက်များ ဖြစ်သည်။ ဥပမာအားဖြင့် အတိုးနှုန်း ဖလှယ်ခြင်း (interest rate swaps)၊ ငွေကြေး ဖလှယ်ခြင်း (currency swaps) သို့မဟုတ် စုစုပေါင်းအကျိုးအမြတ် ဖလှယ်ခြင်း (total return swaps) တို့ ပါဝင်သည်။[၁၄][၁၅] [၁၆]
- ကြွေးမြီပျက်ကွက်မှု အကာအကွယ်ယူ ဖလှယ်ရေးစာချုပ်များ (Credit Default Swaps သို့မဟုတ် CDS) - ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ၎င်း၏ ချေးငွေအန္တရာယ်ကို အခြားရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် ဖလှယ်ရန် သို့မဟုတ် ချေဖျက်ရန် (offset) ခွင့်ပြုထားသည့် နှစ်ဦးသဘောတူ စာချုပ်ဖြစ်သည်။ ၎င်းသည် မြီစားတစ်ဦးမှ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုအပေါ် အာမခံထားရှိခြင်းအဖြစ် ထိရောက်စွာ ဆောင်ရွက်ပေးသည်။[၁၇]
ဆင်းသက်စာချုပ်များ၏ လုပ်ဆောင်မှု ယန္တရား (Instrument Mechanics)
[ပြင်ဆင်ရန်]ကြိုပွိုင့်စာချုပ်များ (Futures Contracts)
[ပြင်ဆင်ရန်]ရှေ့ပြေးစာချုပ်များနှင့် ကြိုပွိုင့်စာချုပ်များ နှစ်မျိုးစလုံးသည် အချိန်ကြာလာသည်နှင့်အမျှ ပိုင်ဆိုင်မှုပစ္စည်းများ၏ ဈေးနှုန်းအတက်အကျ အန္တရာယ်ကို ချေဖျက်ရန် သို့မဟုတ် လက်ခံရယူရန် (assume) လုပ်ဆောင်ကြသည်။ သို့သော် ကြိုပွိုင့်စာချုပ်များသည် ရှေ့ပြေးစာချုပ်များနှင့် မတူညီဘဲ တင်းကျပ်သော ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းနှစ်ရပ် ရှိသည်။ ၎င်းတို့မှာ စာချုပ်များကို စံသတ်မှတ်ချက်ထားရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှုရှိသော အရောင်းအဝယ်ဒိုင်များမှတစ်ဆင့် ဆောင်ရွက်ခြင်း (centralized exchange execution) တို့ ဖြစ်သည်။ [၁၈]
- စံသတ်မှတ်ချက်ထားရှိခြင်း (Standardization) - စည်းမျဉ်းသတ်မှတ်ထားသော (regulated) ကြိုပွိုင့် အရောင်းအဝယ်ဒိုင်များသည် စာချုပ်တိုင်းအတွက် ပြောင်းလဲ၍မရသော ပုံသေသတ်မှတ်ချက်များကို ပြဋ္ဌာန်းထားကြသည်။ အခြေခံပစ္စည်း၏ အရည်အသွေး၊ အရေအတွက် ယူနစ်၊ ပစ္စည်းပေးအပ်ရမည့် အချိန်ဇယားနှင့် နေရာတို့ကို တင်းကျပ်စွာ သတ်မှတ်ထားသည်။ ဥပမာအားဖြင့် နံပါတ် ၂ အဆင့်ရှိ အဝါရောင်ပြောင်းဖူး အမေရိကန်တင်း (bushel) ၅,၀၀၀ သို့မဟုတ် ဗြိတိသျှပေါင် ၆၂,၅၀၀ ဟု တိကျစွာ သတ်မှတ်ထားခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်အတွင်း ရှာဖွေဆုံးဖြတ်ရန် ကျန်ရှိနေသော တစ်ခုတည်းသော ကိန်းရှင် (variable) မှာ ဈေးနှုန်းသာ ဖြစ်သည်။ ဤကဲ့သို့ လုံးဝတူညီနေသည့် သတ်မှတ်ချက်များကြောင့် စာချုပ်များကို အလွယ်တကူ အစားထိုးလဲလှယ်နိုင်ပြီး (fungible) ဈေးကွက်ပါဝင်သူများအနေဖြင့် အခက်အခဲမရှိဘဲ (with minimal transactional friction) အရောင်းအဝယ် စတင်ခြင်း (open)၊ ချေဖျက်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများကို ပြုလုပ်နိုင်သည်။ [၁၉]
- ဗဟို ကြားခံစာချုပ်ဖက်မှ စာရင်းရှင်းလင်းပေးခြင်း (Central Counterparty Clearing သို့မဟုတ် CCP) - အရောင်းအဝယ်ဒိုင်တစ်ခုတွင် ကြိုပွိုင့် အရောင်းအဝယ်တစ်ခု ကိုက်ညီသွားသောအခါ (matched) ဒိုင်၏ စာရင်းရှင်းလင်းရေးဌာနသည် နှစ်ဖက်အကြားသို့ ဝင်ရောက်လာသည်။ ထို့နောက် ရောင်းချသူတိုင်းအတွက် တရားဝင် ဝယ်ယူသူအဖြစ် လည်းကောင်း၊ ဝယ်ယူသူတိုင်းအတွက် တရားဝင် ရောင်းချသူအဖြစ် လည်းကောင်း ဆောင်ရွက်ပေးသည်။ ဤလုပ်ငန်းစဉ်ကို ဘဏ္ဍာရေး ဥပဒေအရ စာချုပ်သစ်ဖြင့် အစားထိုးခြင်း (novation) ဟု ခေါ်ဆိုသည်။ ဤသို့ ဗဟိုမှ အာမခံပေးခြင်းကြောင့် နှစ်ဦးနှစ်ဖက် ချုပ်ဆိုရာတွင် ကြုံတွေ့ရမည့် ပျက်ကွက်နိုင်ခြေများကို ဖယ်ရှားပေးနိုင်ပြီး အရောင်းအဝယ်ပြုလုပ်သူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း လျှို့ဝှက်ထားနိုင်သည်။ စံသတ်မှတ်ချက်များနှင့် ပျက်ကွက်နိုင်ခြေ ကင်းစင်မှုတို့ ပေါင်းစပ်သွားသောအခါ ဈေးကွက်အတွင်း ငွေပေါ်လွယ်မှု (market liquidity) အားကောင်းလာစေသည်။ ထို့ကြောင့် ကြိုပွိုင့်ဈေးကွက်များသည် ဈေးနှုန်းရှာဖွေခြင်း (price discovery) အတွက် အဓိက ကမ္ဘာလုံးဆိုင်ရာ ယန္တရားဖြစ်လာသည်။ [၂၀]
- လက်တွေ့ လုပ်ဆောင်မှု ယန္တရား သို့မဟုတ် အလုပ်ချိန်ပြင်ပ ဈေးနှုန်းရှာဖွေခြင်း (Empirical Mechanism / Off-Hours Price Discovery) - စံသတ်မှတ်ထားသော ကြိုပွိုင့်စာချုပ်များသည် အီလက်ထရောနစ် စနစ်ဖြင့် ၂၄ နာရီနီးပါး အရောင်းအဝယ်ပြုလုပ်သောကြောင့် ပုံမှန် အရောင်းအဝယ်ဒိုင်များ ပိတ်ထားချိန်တွင် ဖြစ်ပေါ်တတ်သော ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးနှင့် ပထဝီနိုင်ငံရေး တုန်လှုပ်မှုများ (geopolitical shocks) ကို လက်ခံတုံ့ပြန်နိုင်သည် (absorb)။ ဥပမာအားဖြင့် ပင်လယ်ရေကြောင်း ရေနံစိမ်းသယ်ယူပို့ဆောင်ရေးအတွက် ကမ္ဘာ့အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့နိုင်ခြေရှိသည်ဟူသော သတင်းများ ဇွန်လ ၂၁ ရက် ၂၀၂၆ တနင်္ဂနွေပိတ်ရက်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုအခါ တနင်္ဂနွေနေ့ ညနေ ၆ နာရီ (EST) အချိန်တွင် ကြိုပွိုင့်ဈေးကွက်များ ပြန်လည်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် ရေနံ ထောက်ပံ့မှုပြတ်တောက်နိုင်ခြေ (supply risk)ကို ဈေးနှုန်းများတွင် ချက်ချင်းထည့်သွင်း တွက်ချက်ခဲ့ကြသည်။ အနောက်တက္ကဆက် ကြားခံ ရေနံစိမ်း (West Texas Intermediate သို့မဟုတ် WTI) ၏ ဆက်တိုက် ကြိုပွိုင့် (continuous futures) ဈေးနှုန်းများသည် ၂.၇ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၇၈ ဒေါ်လာအထိ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် S&P 500 နှင့် Nasdaq 100 ကဲ့သို့သော ကျယ်ပြန့်သည့် အစုရှယ်ယာ အညွှန်းကိန်း ကြိုပွိုင့်များသည် သုညဒသမ ၃ ရာခိုင်နှုန်းနှင့် သုညဒသမ ၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့သည်။ တနင်္လာနေ့နံနက်ပိုင်း အစုရှယ်ယာဈေးကွက်များ မဖွင့်လှစ်မီ နာရီပေါင်းများစွာ အလိုကတည်းကပင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း အမျိုးအစားစုံလင်စွာ၌ စွန့်စားရနိုင်ခြေကို ရှောင်ရှားလိုသည့် (risk-off) ဈေးနှုန်းအသစ် သတ်မှတ်မှုများ ချက်ချင်းဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ [၂၁]
အမြဲတမ်း ကြိုပွိုင့်စာချုပ်များ (Perpetual Futures သို့မဟုတ် Perpetual Swaps)
[ပြင်ဆင်ရန်]အမြဲတမ်း ကြိုပွိုင့်စာချုပ် (Perpetual future) ကို အရပ်သုံးစကားဖြင့် ပါပ် (perp) ဟု ခေါ်ဆိုကြသည်။ ၎င်းသည် စံသတ်မှတ်ချက်မရှိသော သို့မဟုတ် သီးခြားအရောင်းအဝယ်ဒိုင်တစ်ခုအပေါ်သာ မူတည်သော ဆင်းသက်စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်သည် အခြေခံပစ္စည်းတစ်ခုအပေါ် လဲဗရိတ်ချ် (leverage) အသုံးပြု၍ လားရာခန့်မှန်း ရင်းနှီးမြှုပ်နှံမှု (directional exposure) ကို ပေးစွမ်းနိုင်ပြီး သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးရက် မရှိပေ။ ဤစာချုပ်အမျိုးအစားသည် ဒစ်ဂျစ်တယ်ပစ္စည်းများ (digital assets) ဖြစ်သော ခရစ်ပတိုငွေကြေး (cryptocurrency) ဈေးကွက်များတွင် ပထမဆုံး ရေပန်းစားလာခဲ့သည်။ အမြဲတမ်း ကြိုပွိုင့်စာချုပ်များ၏ အရောင်းအဝယ်ပမာဏသည် လက်ငင်းဈေးကွက် (spot market) ၏ အရောင်းအဝယ်ပမာဏထက် အဆပေါင်းများစွာ သာလွန်လေ့ရှိသည်။ [၂၂]
- ရန်ပုံငွေနှုန်းထား ယန္တရား (The Funding Rate Mechanism) - အမြဲတမ်းစာချုပ်များသည် မည်သည့်အခါမျှ သက်တမ်းကုန်ဆုံးခြင်းမရှိသလို ပစ္စည်းအမှန်တကယ် ပေးအပ်ရန်လည်း မလိုပေ။ ထို့ကြောင့် စာချုပ်၏ ဈေးနှုန်းကို အခြေခံပစ္စည်း၏ လက်ငင်းပေါက်ဈေးနှင့် ထပ်တူကျစေရန်အတွက် ရန်ပုံငွေနှုန်းထား (funding rate) ဟုခေါ်သော အလိုအလျောက် အချိန်မှန် ငွေပေးချေမှုစနစ်ကို အသုံးပြုကြသည်။ အမြဲတမ်း ကြိုပွိုင့်ဈေးနှုန်းသည် လက်ငင်းဈေးကွက်ပေါက်ဈေးထက် ပိုမိုမြင့်မားနေပါက ဈေးတက်မည်ဟု ခန့်မှန်း၍ ဝယ်ယူထားသူများ (long position holders) သည် ဈေးကျမည်ဟု ခန့်မှန်း၍ ရောင်းချထားသူများ (short position holders) ထံသို့ ရာခိုင်နှုန်းတစ်ခုဖြင့် အခကြေးငွေ ပေးဆောင်ရသည်။ ပြောင်းပြန်အားဖြင့် ကြိုပွိုင့်ဈေးနှုန်းသည် လက်ငင်းဈေးကွက်ပေါက်ဈေးအောက် လျော့နည်းနေပါက (trades at a discount) ရောင်းချထားသူများက ဝယ်ယူထားသူများကို ပြန်လည်ပေးဆောင်ရသည်။ [၂၃]
- ရိုးရာ ဖလှယ်ရေးစာချုပ်များနှင့် နှိုင်းယှဉ်ချက် (Comparison to Traditional Swaps) - ဖွဲ့စည်းပုံအရ အမြဲတမ်း ကြိုပွိုင့်စာချုပ်များသည် ရိုးရာ စုစုပေါင်းအကျိုးအမြတ် ဖလှယ်ရေးစာချုပ်များ (Total Return Swaps သို့မဟုတ် TRS) ၏ လုပ်ဆောင်မှုများနှင့် ဆင်တူကြသည်။ ဤဖွဲ့စည်းပုံ နှစ်မျိုးစလုံးတွင် စာချုပ်ဖက်များသည် အခြေခံပစ္စည်းကို အမှန်တကယ် မပိုင်ဆိုင်ဘဲ ၎င်း၏ တန်ဖိုးတက်လာမှု (capital appreciation) သို့မဟုတ် ကျဆင်းမှု (depreciation) အပေါ် ပေါင်းစပ်ဖန်တီးမှုနည်းလမ်းဖြင့် အကျိုးအမြတ် ရယူနိုင်သည်။ သို့သော် TRS သည် များသောအားဖြင့် အဖွဲ့အစည်းများအကြား ပြင်ပဈေးကွက် (OTC) တွင် ချုပ်ဆိုသော နှစ်ဦးသဘောတူ စာချုပ် (bilateral agreement) ဖြစ်သည်။ အမြဲတမ်း ကြိုပွိုင့်စာချုပ်များမှာမူ မြင့်မားသော လဲဗရိတ်ချ်ကို ပေးစွမ်းနိုင်ရန်နှင့် ရိုးရှင်းသော လားရာခန့်မှန်းမှု ယန္တရားများ ပါဝင်စေရန် ဒီဇိုင်းထုတ်ထားသည့် အရောင်းအဝယ်ဒိုင်များတွင် ရောင်းဝယ်သော ဘဏ္ဍာရေးထုတ်ကုန်များ ဖြစ်ကြသည်။[၂၄]
အတိုးနှုန်း ဖလှယ်ရေးစာချုပ်များ (Interest Rate Swaps သို့မဟုတ် IRS)
[ပြင်ဆင်ရန်]အတိုးနှုန်း ဖလှယ်ရေးစာချုပ် (Interest rate swap သို့မဟုတ် IRS) သည် ပြင်ပဈေးကွက်တွင် ချုပ်ဆိုသော နှစ်ဦးသဘောတူ စာချုပ်ဖြစ်သည်။ ၎င်းတွင် စာချုပ်ဖက် နှစ်ဦးသည် အမည်ခံ ငွေရင်းပမာဏ (notional principal) အပေါ် အခြေခံ၍ အနာဂတ်တွင် ပေးချေရမည့် အတိုးငွေများကို အပြန်အလှန် ဖလှယ်ရန် သဘောတူကြသည်။ ပုံသေဝင်ငွေရ ဈေးကွက်များတွင် အဖွဲ့အစည်းကြီးများသည် အတိုးနှုန်း ဖလှယ်ရေးစာချုပ်များကို အဓိက ကိရိယာတစ်ခုအဖြစ် အသုံးပြုကြသည်။ ၎င်းတို့ကို ပိုင်ဆိုင်မှုနှင့် ကြွေးမြီ သက်တမ်း(asset-liability duration) များကို စီမံခန့်ခွဲရန်၊ ငွေကြေးမူဝါဒများနှင့် ပတ်သက်၍ လားရာခန့်မှန်း ဈေးကစားရန်နှင့် အတိုးနှုန်း မတည်ငြိမ်မှု (interest rate volatility) များကို အကာအကွယ်ယူရန်အတွက် အသုံးပြုလေ့ရှိသည်။ [၂၅]
- ရိုးရှင်းသော ဖွဲ့စည်းပုံ (The "Plain Vanilla" Structure) - အသုံးအများဆုံး ပုံစံမှာ ပုံသေအတိုးနှုန်းနှင့် အပြောင်းအလဲရှိသော အတိုးနှုန်းကို ဖလှယ်ခြင်း (fixed-for-floating swap) ဖြစ်သည်။ ဤအစီအစဉ်တွင် စာချုပ်ဖက် က (Counterparty A) သည် စာချုပ်ဖက် ခ (Counterparty B) သို့ ပုံသေအတိုးနှုန်း တစ်ခုကို ပေးချေရန် သဘောတူပြီး ယင်းအစား အပြောင်းအလဲရှိသော အတိုးနှုန်း (floating interest rate) ကို လက်ခံရယူမည် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် စာချုပ်ဖက် ခ သည် အပြောင်းအလဲရှိသော အတိုးနှုန်းကို ပေးချေပြီး ပုံသေအတိုးနှုန်းကို လက်ခံရယူမည် ဖြစ်သည်။ အခြေခံ ငွေရင်းပမာဏသည် အမည်ခံ (purely notional) သာဖြစ်ပြီး မည်သည့်အခါမျှ အမှန်တကယ် ဖလှယ်မည်မဟုတ်ပေ။ ထို့ကြောင့် စာချုပ်ဖက်များသည် ငွေပေးချေရမည့် ရက်ရောက်တိုင်း မိမိတို့ ပေးချေရမည့် တာဝန်နှစ်ရပ်အကြား ကွာဟချက်ကို တွက်ချက်ကာ အသားတင် ကွာဟသည့် ငွေသားပမာဏ (net cash differential) ကိုသာ ရှင်းလင်းပေးချေကြသည်။ [၂၆]
- စံသတ်မှတ်ချက် အညွှန်းကိန်းများ (Reference Benchmarks) - ရိုးရှင်းသော ဖလှယ်ရေးစာချုပ်တစ်ခုရှိ အပြောင်းအလဲရှိသော အတိုးနှုန်းအပိုင်းကို တက်ကြွစွာ ပြောင်းလဲနေသော ရေတိုဈေးကွက် စံသတ်မှတ်ချက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။ လန်ဒန် ဘဏ်အချင်းချင်း အတိုးနှုန်း (London Interbank Offered Rate သို့မဟုတ် LIBOR) ကို ကမ္ဘာတစ်ဝန်း အသုံးပြုမှု ရပ်ဆိုင်းလိုက်ပြီးနောက် အမေရိကန်ဒေါ်လာ အတိုးနှုန်း ဖလှယ်ရေးစာချုပ်များသည် အာမခံထားသော ညအိပ် ငွေကြေးထောက်ပံ့မှု နှုန်းထား (Secured Overnight Financing Rate သို့မဟုတ် SOFR) ကို အဓိက မှီငြမ်းလာကြသည်။ ၎င်းသည် အမေရိကန် ငွေတိုက်စာချုပ်များကို အာမခံအဖြစ်ထားရှိကာ ညတွင်းချင်း ငွေချေးယူရာတွင် ကုန်ကျစရိတ် (cost of borrowing cash overnight collateralized) ကို ကျယ်ပြန့်စွာ တိုင်းတာထားသော နှုန်းထားဖြစ်သည်။ [၂၇]
- ဖွဲ့စည်းပုံဆိုင်ရာ ကွဲပြားမှုများ (Structural Variations) - ရိုးရှင်းသော ဖလှယ်ရေးစာချုပ်များသည် ဈေးကွက် အရောင်းအဝယ်ပမာဏ၏ အများစုကို နေရာယူထားသော်လည်း အခြားသော ပြင်ပဈေးကွက် ဖလှယ်ရေးပုံစံများလည်း ရှိသေးသည်။ ၎င်းတို့တွင် အပြောင်းအလဲရှိသော အတိုးနှုန်းတစ်ခုနှင့် အခြားသော အပြောင်းအလဲရှိသည့် အတိုးနှုန်းတစ်ခုကို ဖလှယ်သော အခြေခံ ဖလှယ်ရေးစာချုပ်များ (basis swaps) နှင့် နိုင်ငံတကာ ငွေကြေးများအကြား အတိုးနှုန်း ဖလှယ်ရေးစာချုပ်များ (cross-currency interest rate swaps) တို့ ပါဝင်သည်။ [၂၈]
ငွေကြေး ဖလှယ်ရေးစာချုပ်များ (Currency Swaps)
[ပြင်ဆင်ရန်]ငွေကြေး ဖလှယ်ရေးစာချုပ် (Currency swap သို့မဟုတ် cross-currency swap) သည် ပြင်ပဈေးကွက်တွင် ချုပ်ဆိုသော ဆင်းသက်စာချုပ် သဘောတူညီချက်တစ်ခု ဖြစ်သည်။ ၎င်းတွင် စာချုပ်ဖက် နှစ်ဦးသည် ငွေကြေးတစ်မျိုးဖြင့် ချေးယူထားသော ငွေရင်းပမာဏနှင့် ၎င်း၏ အတိုးများကို အခြားငွေကြေးတစ်မျိုးဖြင့် သတ်မှတ်ထားသော တူညီသည့် ငွေရင်းနှင့် အတိုးများဖြင့် အပြန်အလှန် ဖလှယ်ကြသည်။ အမည်ခံ ငွေရင်းပမာဏကိုသာ အသုံးပြုသော ပုံမှန် အတိုးနှုန်း ဖလှယ်ရေးစာချုပ်များနှင့် မတူညီဘဲ ငွေကြေး ဖလှယ်ရေးစာချုပ်တွင် အခြေခံ ငွေရင်းပမာဏကို အမှန်တကယ် လွှဲပြောင်းပေးရသည်။ [၂၉][၃၀]
စံသတ်မှတ်ထားသော ငွေကြေး ဖလှယ်ရေးစာချုပ်တစ်ခု၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အောက်ပါ သီးခြားအဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်သည်။
- စတင်ခြင်း (Inception) - စာချုပ်ဖက်များသည် အဆိုပါအချိန်၌ ပေါက်ဈေးရှိနေသော လက်ငင်း ငွေလဲလှယ်နှုန်း (spot exchange rate) အတိုင်း တူညီသော ငွေရင်းပမာဏများကို အပြန်အလှန် ဖလှယ်ကြသည်။ [၃၁]
- သက်တမ်းကာလ (The Tenor / Term) - စာချုပ် သက်တမ်းတစ်လျှောက်လုံးတွင် နှစ်ဦးနှစ်ဖက်စလုံးသည် မိမိတို့ လက်ခံရရှိထားသော ငွေရင်းပမာဏအပေါ် ကျသင့်သည့် အတိုးငွေများကို အချိန်မှန် ပေးချေရသည်။ ဤအတိုးငွေပေးချေမှုများကို ပုံသေနှင့် ပုံသေ ဖလှယ်ခြင်း (fixed-for-fixed)၊ ပုံသေနှင့် အပြောင်းအလဲရှိသော အတိုး ဖလှယ်ခြင်း (fixed-for-floating) သို့မဟုတ် အပြောင်းအလဲရှိသော အတိုးအချင်းချင်း ဖလှယ်ခြင်း (floating-for-floating) စသည်ဖြင့် ဖွဲ့စည်းနိုင်သည်။[၃၂]
- သက်တမ်းကုန်ဆုံးခြင်း (Maturity) - ဖလှယ်ရေးစာချုပ် သက်တမ်းကုန်ဆုံးသွားသောအခါ စာချုပ်ဖက်များသည် ငွေရင်းပမာဏများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ် ဖလှယ်ကြသည်။ ဤနောက်ဆုံး ပြန်လည်ဖလှယ်ခြင်းကို အဆိုပါအချိန်ရှိ လက်ငင်းငွေလဲလှယ်နှုန်းဖြင့်ဖြစ်စေ၊ သို့မဟုတ် စာချုပ်စတင်ချုပ်ဆိုစဉ်ကတည်းက သဘောတူညီထားခဲ့သော ကြိုတင်သတ်မှတ်နှုန်းထား (locked-in forward rate) (များသောအားဖြင့် မူလ လက်ငင်းငွေလဲလှယ်နှုန်း) ဖြင့်ဖြစ်စေ ဆောင်ရွက်ကြသည်။ မူလ လက်ငင်းငွေလဲလှယ်နှုန်းကို အသုံးပြုခြင်းသည် ကြွေးမြီသက်တမ်းတစ်လျှောက် နိုင်ငံခြားငွေလဲလှယ်ရာတွင် ကြုံတွေ့ရမည့် အန္တရာယ်များမှ နှစ်ဦးနှစ်ဖက်စလုံးကို အပြည့်အဝ အကာအကွယ် ပေးနိုင်သည်။[၃၃]
- စီးပွားရေးဆိုင်ရာ အကြောင်းရင်း (Economic Rationale) - နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများသည် ငွေကြေး ဖလှယ်ရေးစာချုပ်များကို အဓိကအားဖြင့် နှိုင်းယှဉ်ချေးငွေ အကျိုးအမြတ် (comparative borrowing advantage) ရရှိရန် အသုံးပြုကြသည်။ နိုင်ငံခြားဈေးကွက်တွင် ငွေကြေးစာချုပ်များ တိုက်ရိုက်ထုတ်ဝေပြီး ချေးယူခြင်းထက် ပိုမိုသက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူရန်အတွက် ဖြစ်သည်။ သို့မဟုတ် မိမိတို့၏ ဘဏ္ဍာရေးရှင်းတမ်း (balance sheet) တွင် နိုင်ငံခြားငွေကြေးဖြင့် ပေးဆပ်ရန်ရှိသော ကြွေးမြီများ (foreign currency liabilities) ကို အကာအကွယ်ယူရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုကြသည်။[၃၄]
ဝေါဟာရအဘိဓာန် (Glossary)
[ပြင်ဆင်ရန်]- Arbitrage = ဈေးကွာဟချက်ကို အမြတ်ထုတ်ခြင်း
- Asset-liability duration = ပိုင်ဆိုင်မှုနှင့် ကြွေးမြီ သက်တမ်း
- Basis swaps = အခြေခံ ဖလှယ်ရေးစာချုပ်များ
- Benchmark = စံသတ်မှတ်ချက်
- Bilateral = နှစ်ဦးနှစ်ဖက်
- Bounded trading ranges = သတ်မှတ်ထားသော ဈေးနှုန်းအတက်အကျ နယ်ပယ်များ
- Bushel = အမေရိကန်တင်း (အခြင်အတွယ်ယူနစ်)
- Call = ကောလ် (ဝယ်ယူရန် အခွင့်အရေး)
- Capital appreciation = တန်ဖိုးတက်လာမှု
- Capital Efficiency = အရင်းအနှီး အသုံးချနိုင်စွမ်း
- Capital Gains Tax = အရင်းအနှီးတိုးပွားမှုအပေါ် ကောက်ခံသော အခွန်
- Cash flows = ငွေကြေးစီးဆင်းမှုများ
- Central Counterparty Clearing (CCP) = ဗဟို ကြားခံစာချုပ်ဖက်မှ စာရင်းရှင်းလင်းပေးခြင်း
- Central clearing house = ဗဟိုစာရင်းရှင်းလင်းရေးဌာန
- Centralized exchange execution = ဗဟိုချုပ်ကိုင်မှုရှိသော အရောင်းအဝယ်ဒိုင်များမှတစ်ဆင့် ဆောင်ရွက်ခြင်း
- Collateralized borrowing cost = အာမခံထားရှိကာ ငွေချေးယူရာတွင် ကုန်ကျစရိတ်
- Commodities = ကုန်စည်များ
- Comparative borrowing advantage = နှိုင်းယှဉ်ချေးငွေ အကျိုးအမြတ်
- Contingent Payoffs = အခြေအနေပေးမှ ရရှိမည့် အကျိုးအမြတ်
- Continuous futures = ဆက်တိုက် ကြိုပွိုင့်
- Counterparty = စာချုပ်ဖက်
- Counterparty credit risk = စာချုပ်ဖက်ဆိုင်ရာ ချေးငွေအန္တရာယ်
- Counterparty default risk = စာချုပ်ဖက်တစ်ဦးဦးမှ ပျက်ကွက်နိုင်ခြေ
- Credit Default Swaps (CDS) = ကြွေးမြီပျက်ကွက်မှု အကာအကွယ်ယူ ဖလှယ်ရေးစာချုပ်များ
- Cross-currency interest rate swaps = နိုင်ငံတကာ ငွေကြေးများအကြား အတိုးနှုန်း ဖလှယ်ရေးစာချုပ်များ
- Cross-currency swap = ငွေကြေး ဖလှယ်ရေးစာချုပ်
- Cryptocurrency = ခရစ်ပတိုငွေကြေး
- Currency swaps = ငွေကြေး ဖလှယ်ခြင်း / ငွေကြေး ဖလှယ်ရေးစာချုပ်များ
- Customised return profiles = မိမိစိတ်ကြိုက် အကျိုးအမြတ်ပုံစံများ
- Default = ပျက်ကွက်မှု (ကြွေးမြီ သို့မဟုတ် တာဝန်)
- Depreciation = တန်ဖိုးကျဆင်းမှု
- Derivative = ဆင်းသက်စာချုပ်
- Directional exposure = လားရာခန့်မှန်း ရင်းနှီးမြှုပ်နှံမှု
- Directional speculation = လားရာခန့်မှန်း ဈေးကစားခြင်း
- Economic Rationale = စီးပွားရေးဆိုင်ရာ အကြောင်းရင်း
- Empirical Mechanism = လက်တွေ့ လုပ်ဆောင်မှု ယန္တရား
- Equities = အစုရှယ်ယာများ
- Equity swap = ရှယ်ယာ အကျိုးအမြတ် ဖလှယ်သည့် စာချုပ်
- Exchange-Traded Derivatives (ETD) = ဒိုင်ဖွင့် အရောင်းအဝယ်ပြုသော ဆင်းသက်စာချုပ်များ
- Financial derivative = ဘဏ္ဍာရေး ဆင်းသက်စာချုပ်
- Financing rate = ဘဏ္ဍာရေးဆိုင်ရာ အတိုးနှုန်း
- Fixed-for-fixed = ပုံသေနှင့် ပုံသေ ဖလှယ်ခြင်း
- Fixed-for-floating swap = ပုံသေအတိုးနှုန်းနှင့် အပြောင်းအလဲရှိသော အတိုးနှုန်းကို ဖလှယ်ခြင်း
- Fixed-income instruments = ပုံသေဝင်ငွေရ ငွေကြေးစာချုပ်များ
- Floating interest rate = အပြောင်းအလဲရှိသော အတိုးနှုန်း
- Floating-for-floating = အပြောင်းအလဲရှိသော အတိုးအချင်းချင်း ဖလှယ်ခြင်း
- Foreign currency liabilities = နိုင်ငံခြားငွေကြေးဖြင့် ပေးဆပ်ရန်ရှိသော ကြွေးမြီများ
- Forwards = ရှေ့ပြေးစာချုပ်များ
- Funding rate = ရန်ပုံငွေနှုန်းထား
- Fungible = အလွယ်တကူ အစားထိုးလဲလှယ်နိုင်သော
- Futures = ကြိုပွိုင့် / ကြိုပွိုင့်စာချုပ်များ
- Geopolitical shocks = ပထဝီနိုင်ငံရေး တုန်လှုပ်မှုများ
- Hedging = ဟက်ဂျ်လုပ်ခြင်း (စွန့်စားရနိုင်ခြေ လျှော့ချခြင်း)
- Highly correlated asset = အလွန်ဆက်စပ်မှုရှိသော ပစ္စည်း
- Identical = တစ်ထပ်တည်းတူညီသော
- Illiquid = ငွေပေါ်လွယ်မှုမရှိသော
- Index / Indices = အညွှန်းကိန်း / အညွှန်းကိန်းများ
- Institutions = အဖွဲ့အစည်းများ
- Instrument Mechanics = ဆင်းသက်စာချုပ်များ၏ လုပ်ဆောင်မှု ယန္တရား
- Intermediary counterparty = ကြားခံစာချုပ်ဖက်
- Interest rate swaps (IRS) = အတိုးနှုန်း ဖလှယ်ခြင်း / အတိုးနှုန်း ဖလှယ်ရေးစာချုပ်များ
- Interest rate volatility = အတိုးနှုန်း မတည်ငြိမ်မှု
- Intrinsic value = ပင်ကိုတန်ဖိုး
- Leverage = လဲဗရိတ်ချ် (အရင်းအနှီး အသုံးချနိုင်စွမ်း)
- Locked-in forward rate = ကြိုတင်သတ်မှတ်နှုန်းထား
- Long position holders = ဈေးတက်မည်ဟု ခန့်မှန်း၍ ဝယ်ယူထားသူများ
- Magnified gains or losses = ပိုမိုကြီးမားစွာ ဖြစ်ပေါ်စေသော အမြတ် သို့မဟုတ် အရှုံး
- Margin = အာမခံကြေး
- Market Classification = ဈေးကွက် အမျိုးအစားခွဲခြားခြင်း
- Market impacts = ဈေးကွက်အပေါ် ဂယက်ရိုက်ခတ်မှုများ
- Market liquidity = ဈေးကွက်အတွင်း ငွေပေါ်လွယ်မှု
- Market participants = ဈေးကွက်ပါဝင်သူများ
- Maturity = သက်တမ်းကုန်ဆုံးခြင်း
- Mispricing = ဈေးနှုန်းသတ်မှတ်ချက် ခေတ္တလွဲမှားနေမှု
- Monetize = ငွေသားအဖြစ် ဖော်ဆောင်အသုံးပြုသည်
- Net cash differential = အသားတင် ကွာဟသည့် ငွေသားပမာဏ
- Notional financial position = အမည်ခံ ဘဏ္ဍာရေးပမာဏ
- Notional principal = အမည်ခံ ငွေရင်းပမာဏ
- Novation = စာချုပ်သစ်ဖြင့် အစားထိုးခြင်း
- Offset = ချေဖျက်သည်
- Optionality = ရွေးချယ်နိုင်ခွင့်
- Options = ရွေးချယ်ခွင့်စာချုပ်များ
- Over-the-Counter (OTC) = ပြင်ပဈေးကွက်
- Perpetual Futures / Perpetual Swaps = အမြဲတမ်း ကြိုပွိုင့်စာချုပ်များ
- Physical securities = ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ငွေကြေးစာချုပ်များ
- Portfolio allocations = ရင်းနှီးမြှုပ်နှံမှု အချိုးအစားများ
- Price discovery = ဈေးနှုန်းရှာဖွေခြင်း
- Price exposure = ဈေးကွက်အတက်အကျကြောင့် ဆုံးရှုံးနိုင်ခြေ
- Price trajectories / directions = ဈေးနှုန်းသွားမည့် လမ်းကြောင်းများ
- Primary Instrument Types = အဓိက ဆင်းသက်စာချုပ် အမျိုးအစားများ
- Privately negotiated = သီးသန့်ညှိနှိုင်းချုပ်ဆိုသည့်
- Put = ပွတ်တ် (ရောင်းချရန် အခွင့်အရေး)
- Reference Benchmarks = စံသတ်မှတ်ချက် အညွှန်းကိန်းများ
- Regulated = စည်းမျဉ်းသတ်မှတ်ထားသော
- Risk mitigation = စွန့်စားရနိုင်ခြေ လျှော့ချခြင်း / စွန့်စားရနိုင်ခြေ လျော့ပါးစေခြင်း
- Risk-off = စွန့်စားရနိုင်ခြေကို ရှောင်ရှားလိုသည့်
- Securitized products = ငွေချေးသက်သေခံလက်မှတ်အဖြစ် ဖန်တီးထားသော ထုတ်ကုန်များ
- Settlement delays = ငွေပေးချေမှု နှောင့်နှေးကြန့်ကြာမှုများ
- Short position holders = ဈေးကျမည်ဟု ခန့်မှန်း၍ ရောင်းချထားသူများ
- Speculation = ဈေးကစားခြင်း
- Spot exchange rate = လက်ငင်း ငွေလဲလှယ်နှုန်း
- Spot market = လက်ငင်းဈေးကွက်
- Spread costs = ဈေးနှုန်းကွာဟမှု ကုန်ကျစရိတ်များ
- Standard contracts = စံသတ်မှတ်စာချုပ်များ
- Standardization = စံသတ်မှတ်ချက်ထားရှိခြင်း
- Statutory liabilities = ဥပဒေအရ ပေးဆောင်ရမည့် အခွန်ဝတ္တရားများ
- Strike price = ကြိုတင်သတ်မှတ်ထားသည့် ဈေးနှုန်း
- Structural Variations = ဖွဲ့စည်းပုံဆိုင်ရာ ကွဲပြားမှုများ
- Supply risk = ထောက်ပံ့မှုပြတ်တောက်နိုင်ခြေ
- Swaps = ဖလှယ်ရေးစာချုပ်များ
- Synthetic Exposure = ပေါင်းစပ် ဖန်တီးထားသော ရင်းနှီးမြှုပ်နှံမှု
- Tax Optimization = အခွန်သက်သာစေရန် စီမံခြင်း
- Tenor / Term = သက်တမ်းကာလ
- Total return swaps = စုစုပေါင်းအကျိုးအမြတ် ဖလှယ်ခြင်း
- Transition Management = ကူးပြောင်းမှု စီမံခန့်ခွဲခြင်း
- Underlying asset = အခြေခံ ရင်းနှီးမြှုပ်နှံမှုပစ္စည်း / အခြေခံပစ္စည်း
- Variable = ကိန်းရှင်
- Volatility swings = ဈေးကွက် မငြိမ်မသက်ဖြစ်မှုများ
- Weather derivatives = ရာသီဥတု ဆင်းသက်စာချုပ်များ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Lemke၊ Thomas P.; Lins၊ Gerald T. (2013)။ Soft Dollars and Other Trading Activities။ Thomson West။ pp. §§2:47–2:54။
- ↑ Don M. Chance; Robert Brooks (2010)။ "Advanced Derivatives and Strategies"။ Introduction to Derivatives and Risk Management (8th ed.)။ Mason, OH: Cengage Learning။ pp. 483–515။ ISBN 978-0-324-60120-6။ 2011-09-14 တွင် ပြန်စစ်ပြီး။
- ↑ Hull၊ John C. (2014)။ Options, Futures, and Other Derivatives (9th ed.)။ Pearson။ pp. 16–17။ ISBN 978-0133456318။
- ↑ Shirreff၊ David (2004)။ "Derivatives and leverage"။ Dealing With Financial Risk။ The Economist။ p. 23။ ISBN 978-1-57660-162-4။ 2011-09-14 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Definition of a Futures Contract။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Definition of a Futures Contract။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Issue Brief: Derivatives။ CFA Institute (2019-10-29)။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Definition of a Futures Contract။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Definition of a Futures Contract။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Definition of a Futures Contract။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ "Market News: Futures Fall, Oil Jumps"၊ Barron's။
- ↑ Light၊ Joe။ "Will Crypto Intrude on Financial Exchanges’ Business? The Panic is Premature"၊ Barron's၊ 2026-06-08။
- ↑ Light၊ Joe။ "Will Crypto Intrude on Financial Exchanges’ Business? The Panic is Premature"၊ Barron's၊ 2026-06-08။
- ↑ Light၊ Joe။ "Will Crypto Intrude on Financial Exchanges’ Business? The Panic is Premature"၊ Barron's၊ 2026-06-08။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Understanding Interest Rate Swaps။ PIMCO။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။
- ↑ Currency swaps။ ACCA Global။ 2026-06-22 တွင် ပြန်စစ်ပြီး။