ဘဇော်၊ ဦး (ပန်းချီဆရာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပန်းချီဆရာကြီး ဦးဘဇော်

ဘဇော်၊ ဦး ( ခရစ် ၁၈၉၁-၁၉၄၃ ) ။ ။ မြန်မာနိုင်ငံ၌ ထွန်းပေါက်ကျော်ကြားသော ပန်းချီကျော်ကြီးများ အနက် ဦးဘဇော်သည် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ဦးဘဇော်သည် အနောက်တိုင်း ပန်းချီစံနစ်ဖြင့် ရေးဆွဲရာ၌ ကျော်ကြားသူ ဖြစ်၍ ရေဆေးရေးရာတွင် အထူးကျွမ်းကျင်ပြီးလျှင် အက်ချင်း ( ကြေးပြားတွင် ဖယောင်း သုတ်၍ ကညစ်ဖြင့် ပုံရေးပြီး ပုံနှိပ်ခြင်း ) ပညာရပ်တွင် လက်ရာထူးခြား နုနယ်သပ်ရပ် လှသော အနုပညာရှင်ကြီး တစ်ဦးဖြစ်၏။ အနောက်တိုင်း ပန်းချီစံနစ်ကို ဗိလတ်၌ သွားရောက် လေ့လာဆည်းပူးခဲ့၍၊ မြန်မာပန်းချီလောကတွင် အနောက်တိုင်း စံနစ်ကို မျိုးစေ့ ချပေးခဲ့သော ပန်းချီကျော်ကြီးလည်း ဖြစ်ပေသည်။

ဦးဘဇော်သည် သရက်မြို့၌ ၁၈၉၁ ခုနှစ်တွင် ဖွားမြင်၍၊ မန္တလေးမြို့၌ ကြီးပြင်းခဲ့သည်။ ငွေပန်းထိမ် ဆရာ ကြီး ဦးကြင် ဒေါ်စိန်မြတို့၏ သားဖြစ်သည်။ ဘခင်ဖြစ်သူ သည် ရုပ်လုံး၊ ရုပ်တုနှင့် ပန်းထိမ်ပညာတွင် ကျွမ်းကျင် လက်မြောက်လှသဖြင့် ထိုစဉ်က မြန်မာပြည် ဘုရင်ခံများ၏ ဆုတံဆိပ်များကို ရရှိခဲ့သည်။ ဘမျိုးဘိုးတူသော မောင်ဘဇော် သည် ဘခင်ကဲ့သို့ပင် အနုပညာဘက်တွင် ဝါသနာပြင်းထန် ခဲ့သည်။ သို့သော် မောင်ဘဇော် ဝါသနာပါသော အနုပညာမှာ ပန်းချီဖြစ်သည်။ မန္တလေးမြို့အက် (စ်)၊ ပီ၊ ဂျီ ကျောင်းတွင် ပညာသင်ကြားနေစဉ်ကပင် မောင်ဘဇော်သည် ပန်းချီ လက်စ လက်နများကို ပြလာသည်။ သို့သော် စာပေပညာဘက်၌လည်း ထက်မြက်သူ ဖြစ်သဖြင့် ခုနစ်တန်း စာမေးပွဲကို အက် (စ)၊ ပီ၊ ဂျီ ကျောင်းမှအောင်၍ စကောလားရှစ် ပညာသင်ဆုကို ရခဲ့ သည်။ ဆယ်တန်း စာမေးပွဲကို စိန်ပီတာကျောင်းမှ အောင်၍ ထိုအခါတွင်လည်း စကောလားရှစ် ပညာသင်ဆုရခဲ့ပြန်သည်။ ဆယ်တန်းစာမေးပွဲအတွက် ပုံဆွဲပညာကို ဖြေဆိုနေစဉ် မောင်ဘဇော်၏ ပန်းချီ လက်စွမ်းကို ပညာဝန်က တွေ့မြင်သွား ရာ၊ ပုံဆွဲဆရာအလုပ်ကိုပင် ပေးအပ်သည်။ သို့သော် စာပေ ပညာကို ပို၍ လိုလားနေချိန် ဖြစ်သဖြင့် စာပေပညာ ဆက်သင်နိုင်ရန် လိုအလုပ်ကို ငြင်းပယ်ခဲ့သည်။ မောင်ဘဇော် သည် စိန်ပီတာကျောင်းတွင် ပညာသင် နေစဉ်အတွင်း၊ ရန်ကုန်မြို့လက်မှုအနုပညာ ပြပွဲများသို့ပန်းချီကားများ ရေးဆွဲတင်ပို့လေ့ရှိရာ၊ လူအများ၏ ချီးမွမ်းထောပနာပြုခြင်းကို ခံရသည်။ ဆုတံဆိပ်များလည်း ရရှိခဲ့လေသည်။

ဆယ်တန်းအောင်ပြီးနောက်၊ ရန်ကုန် ကောလိပ်တွင် ဆက်လက်ပညာသင်ရာ၊ အိုင်အေအထက်တန်းကို ၁၉၁၁ ခုနှစ် တွင် အောင်မြင်သည်။ ၁၉၁၂ ခုနှစ်၌ ကောလိပ်တွင် ပညာ ဆက်သင်နေစဉ်၊ အင်းစိန် အင်ဂျင်နီယာ ကျောင်းအုပ်ကြီး အေ၊ အာ၊ မောရစ်က မောင်ဘဇော်၏ ပန်းချီလက်စလက်နကို မြင်သဖြင့် ဘုံဘိုင်မြို့ပန်းချီ ကျောင်းသို့ပညာတော်သင် သွားနိုင်ရန် စီစဉ်ပေးသည်။ သို့သော် မောင်ဘဇော်က ဘီအေအောင်ပြီးမှ ပညာတော်သင် သွားလိုသဖြင့် ဆိုင်းငံ့ ထားလိုက်သည်။ ယင်းသည့်နောက်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာ၍ ပညာတော်သင် လွှတ်ရန်ကိစ္စသည်လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်သွားသည်။ ကိုဘဇော်သည်လည်း မကျန်းမမာ ဖြစ်လာသဖြင့် ကျောင်းမှထွက်လိုက်ရပြီးနောက်၊ စိန်ပေါကျောင်းတွင် ပုံဆွဲဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ လေသည်။

စိန်ပေါကျောင်းတွင် ပုံဆွဲဆရာအဖြစ် ဆောင်ရွက် နေစဉ်၊ ဆရာဘဇော်၏ ရေအေး ဆီဆေး ပန်းချီကားများ သည် မြန်မာပြည် ဘုရင်ခံများ၏ ရွှေတံဆိပ်၊ ငွေတံဆိပ်ဆု များ ရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်ခန့်က ဆရာဘဇော်သည် စစ်သူ ကြီး မဟာဗန္ဓုလ၏ပုံကို ရေးဆွဲပြီးနောက် စိတ်တိုင်းမကျ သဖြင့် လွှင့်ပစ်ထားလိုက်သည်။ သို့သော် ဇာတိမာန် တက်ကြွ ဖွယ်ရာကောင်းသော ထိုပန်းချီကားကို သူရိယသတင်းစာ အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကွယ်လွန်သူ ဦးစံလင်းက ကောက်ယူတွေ့ရှိသဖြင့် ဂျာမနီသို့ပို့၍ ပုံတူကား မြောက်မြား စွာ ကူးယူပုံနှိပ်ရောင်းချခဲ့ရာ၊ မျိုးချစ်စိတ် ထက်သန်သူ မြန်မာလူမျိုး အများအပြားတို့၏ နေအိမ်၌ ထိုပုံကို တွေ့ကြ ရသည်။ ဆရာဘဇော် သည် သူရိယ မဂ္ဂဇင်းနှင့် အခြား မဂ္ဂဇင်းများတွင် တစ်ကြောင်းဆွဲပုံများကိုလည်း ရေးဆွဲ ခဲ့လေသည်။

၁၉၂၇ ခုနှစ်တွင်မူ၊ ဆရာဘဇော်အား ပန်းချီ ပညာတော်သင်အဖြစ် အစိုးရက ဗိလတ်သို့စေလွှတ်သည်။ မြန်မာနိုင်ငံ၌ ဗြိတိသျှ ခေတ်တွင် ပညာတော်သင် သွားရခြင်း သည် ရတောင့်ရခဲလှသော အခွင့်အရေးကြီးတစ်ရပ် ဖြစ်သည်။ လန်ဒန်မြို့ရွိုင်ယယ်ကောလိပ် အော့အတ်ခေါ် တော်ဝင်ပန်းချီ ကျောင်းကြီးတွင် ပညာဆည်းပူးခွင့် ရနိုင်ရန်လည်း မလွယ်ကူ ပေ။ ဦးဘဇော်သည် ယင်းသို့ပညာတော်သင် သွားနိုင်ခွင့် ရခြင်းမှာ ထိုစဉ်က မီးရထားဌာန လက်ထောက်မင်းကြီ မစ္စတာ မာတင်ဂျုန်း၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဖြစ် သည်။ မာတင်ဂျုန်းသည်ကိုယ် တိုင်ကလည်း ပန်းချီပညာရှင် တစ်ဦးဖြစ်၍ အလားအလာရှိသော မြန်မာလူငယ် ပန်းချီ ပညာရှင်များကိုလည်း မြေ တောင်မြေ|ာက်ပေးခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဘားမားအတ်ကလပ်ခေါ် မြန်မာပြည် ပန်းချီ အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ထို့ကြောင့် အလားအလာ အစွမ်းအစရှိသော ဆရာဘဇော်အား ဗိလတ်သို့ပညာတော်သင် သွားနိုင်အောင် စီစဉ်ပေးလေသည်။

ဆရာဘဇော်သည် လန်ဒန်မြို့တော်ဝင် ပန်းချီကျောင်း ကြီးတွင် ၂ နှစ်မျှ ပညာဆည်းပူးပြီးနောက် ထိုကျောင်း၌ပင် နောက်ထပ် ၂ နှစ် ဆက်လက် သင်ကြားခွင့် ပြုသော်လည်း ဆရာဘဇော်အတွက် အကြောင်း မညီညွတ်၍ တစ်နှစ်မျှသာ ဆက်လက်သင်ယူပြီးနောက်၁၉၃ဝ ပြည့်နှစ် စက်တင်ဘာလ တွင် မြန်မာပြည်သို့ပြန်လာသည်။

မြန်မာပြည်သို့ပြန်ရောက်ပြီးနောက် ဆရာဖြစ်သင် ကောလိပ်၌ အထက်တန်း ပန်းချီနည်းပြ ဆရာအဖြစ် ဆောင်ရွက်သည်။ ယင်းသို့ဆောင်ရွက်နေဆဲ ၁၉၃၃ ခုနှစ်ခန့်က လေငန်း ရောဂါစွဲကပ်လာသဖြင့် အလုပ်မှ နုတ်ထွက်အနားယူလိုက်ရသည်။ ထိုရောဂါဆိုးကြောင့် မိမိထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့သော ပညာရပ်ကို ကောင်းစွာ ဆောင်ရွက်ခြင်း မပြုနိုင်တော့ပေ။ ၁၉၄၃ ခုနှစ် ဂျပန်ခေတ် တွင်မူ ပန်းချီပညာကို အပြီးအပိုင် လက်လွှတ်ကာ လေငန်း ရောဂါဖြင့်ပင် ရန်ကုန်မြို့၌ အနိစ္စရောက်သွားလေသည်။ ဦးဘဇော်သည် လူပျိုကြီး ဖြစ်သဖြင့် ဇနီး သားသမီး မကျန်ခဲ့ပေ။ ဦးဘဇော်သည် ပင်ကိုအားဖြင့် လည်းကောင်း၊ ပုံရေး ရာ၌လည်းကောင်း အလွန်စိတ်ရှည်သည်။ စကား ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတတ်သည်။ မိမိအား စော်ကားသည်ဟု ထင်လျှင်မူ အလွန်စိတ်ကြီး၍ အထက်လူကြီးကိုပင် ကြောက်ရွံ့ခြင်းမရှိဟု ဆိုကြသည်။ ယာလက်ကောင်းစွာ မစွမ်းသန်သဖြင့် အပေါ် အကျအောက်တွင် အမြဲတမ်း ဖုံးထားပြီးလျှင် ဝဲလက်ဖြင့်ပင် ပုံဆွဲခြင်း၊ ခေါင်းပေါင်းပေါင်းခြင်း စသည်တို့ကို ပြုလုပ် လေသည်။

ဆရာ ဦးဘဇော်သည် လေငန်းရောဂါ မဖြစ်မီကပင် ပန်းချီကားများကို အမြောက်အမြား ရေးဆွဲလေ့ မရှိပေ။ လေငန်းရောဂါ ဖြစ်ပြီးနောက်တွင် ဂျပန်ခေတ် ကလေးသူငယ် များ၏ လက်ရာကဲ့သို့ဖြစ်နေသည်ကို ရင်နင့်ဖွယ်ရာတွေ့ရ သည်။ ထို့ကြောင့် ဆရာ ဦးဘဇော်၏ လက်ရာကောင်း ပန်းချီကားများကို ယခုအခါ တွေ့နိုင်ရန် ခဲယဉ်းလှပေသည်။[၁]


ဦးဘဇော်သည် ကိုလိုနီခေတ်တွင် ဒုတိယမြောက်အနေဖြင့် နိုင်ငံတော်အစိုးရက နိုင်ငံခြားသို့ ပန်းချီပညာသင်အဖြစ် စေလွှတ်ခံခဲ့ရသူဖြစ်ပြီး ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းမှ ပုံဆွဲဆရာ တစ်ဦးဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ တော်ဝင်ပန်းချီသိပ္ပံတွင် ၂ နှစ် ပညာသင်ကြားခဲ့သည်။ ပန်းချီထူးချွန်မှုကြောင့် နောက်ထပ် ၂ နှစ် ပညာသင်ကြားခွင့်ရခဲ့သော်လည်း အကြောင်းမညီညွတ်သောကြောင့် ၁ နှစ်သာ ပညာသင်ကြားခဲ့ပြီး ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

ဦးဘဇော်သည် အင်္ဂလန်နိုင်ငံမှ တော်ဝင်ပန်းချီ သိပ္ပံရောင်းရင်း ဘွဲ့ကို မြန်မာလူမျိုးများထဲမှ ရှေးဦးစွာ ရခဲ့သူဖြစ်သည်။ ရေဆေးပန်းချီ၊ အက်ချင်းပန်းချီ၊ လူပုံတူပန်းချီ၊ မင်ဆွဲပန်းချီနှင့် ကာတွန်းပန်းချီများကို ရေးဆွဲခဲ့သည်။

ဦးဘဇော်ကို သရက်မြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးမြို့တွင် ကြီးပြင်းခဲ့သည်။ မန္တလေးစိန်ပီတာကျောင်းမှ အထက်တန်းအောင်မြင်ခဲ့သည်။ စိန်ပီတာကျောင်းတွင် ပညာသင်စဉ်က ရန်ကုန်မြို့ လက်မှုအနုပညာပြပွဲသို့ ပန်းချီကားများရေးဆွဲတင်ပို့ခဲ့ရာ ဆုတံဆိပ်များရခဲ့သည်။ ရန်ကုန်ကော်လိပ်တွင် ဆက်လက်ပညာသင်ခဲ့ရာ အိုင်အေအထက်တန်းကို ၁၉၁၁ ခုနှစ်တွင်အောင်မြင်ခဲ့သည်။ ရန်ကုန်ကော်လိပ်တွင် ပညာသင်ကြားနေစဉ် အင်းစိန် အင်ဂျင်နီယာကျောင်းအုပ်ကြီး အေအာမောရစ်က ဘုံဘိုင်မြို့ရှိ ပန်းချီကျောင်းသို့ ပန်းချီပညာသင်ရန် စီစဉ်ပေးခဲ့သည်။ ဦးဘဇော်သည် ဘီအေအောင်ပြီးမှ ပညာသင်သွားလိုသော်ကြောင့် ဆိုင်းငံထားခဲ့သည်။ ပထမကမ္ဘာစစ်ကြီးဖြစ်လာပြီး နိုင်ငံခြားပညာသင်လွှတ်ရေးကို အစိုးရအနေဖြင့် ရပ်ဆိုင်းထားလိုက်သည်။ ဦးဘဇော်မှာ မကျန်းမမားဖြစ်ခဲ့ပြီး ကော်လိပ်မှ ထွက်ခါ စိန်ပေါကျောင်းတွင် ပုံဆွဲဆရာဝင်လုပ်သည်။ ပုံဆွဲဆရာလုပ်နေစဉ် ဆီဆေးကားများရေးဆွဲခဲ့ရာ မြန်မာပြည်ဘုရင်ခံ၏ ရွှေတံဆိပ်ဆုများ ရခဲ့သည်။

၁၉၂၁ ခုနှစ်တွင် ဦးဘဇော်သည် စစ်သူကြီးမဟာဗန္ဓုလပုံကို ရေးဆွဲခဲ့သည်။ ယင်းပုံကို စိတ်တိုင်းမကျခြင်းကြောင့် သိမ်းဆည်းထားလိုက်သည်။ သို့သော် သူရိယသတင်းစာ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစံလင်းက တွေ့ရှိခဲ့ပြီး ဂျာမဏီနိုင်ငံသို့ ပို့ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဦးဘဇော်သည် အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသောအခါ ရန်ကုန်ဆရာအတတ်သင်ကော်လိပ်တွင် အထက်တန်းပန်းချီနည်းပြအဖြစ် အမှုထမ်းခဲ့သည်။

၁၉၃၂ ခုနှစ်တွင် ဦးဘဇော်သည် ရွှေတိဂုံကုန်းတော်ပေါ်တွင် တစ်ယောက်တည်း ပန်းချီရေးဆွဲနေစဉ် ရုတ်တရက် လေဖြတ်ပြီး သတိမေ့သွားသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက် သတိမမှန်သော ဝေဒနာဖြစ်လာသည်။ သတိမမှန်သော်လည်း ပန်းချီကိုဆက်လက်ရေးဆွဲခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. သုတေသီ ရာမည ကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း (စာ-၀၉-၉၂)