ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုအခါ အစ္စလာမ်ဘာသာ ထွန်းကားသော နိုင်ငံတစ်ခုဖြစ်သော်လည်း ရှေးယခင်နှစ်ပေါင်းများစွာက ဤဒေသသည် ဗုဒ္ဓသာသနာ နေလိုလလိုထွန်းလင်းခဲ့သော ဒေသတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]တစ်ချိန်က ဗုဒ္ဓဘုရားရှင်သည် ဘင်္ဂလားသို့ ကိုယ်တိုင်ကြွရောက်၍ ဗုဒ္ဓဘာသာ မျိုးစေ့ကို ချပေးခဲ့သည်ဟုဆိုကြသည်။ သို့သော်လည်း မောရိယဧကရာဇ် သီရိဓမ္မာ အသောက မင်းကြီးလက်ထက်တွင်မှ ဗုဒ္ဓဘာသာသည် ပိုမိုအားကောင်းလာခဲ့သည်။ ထိုအချိန်မှစ၍ ဗုဒ္ဓသာသနာသည် အစဉ်အဆက်ထွန်းကားလာခဲ့ရာ ပါလ အင်ပိုင်ယာနိုင်ငံခေတ်၌ အထွန်းတောက်ဆုံး ဖြစ်ခဲ့လေ၏။
ပါလခေတ်က ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး မြောက်မြားစွာသော ကျောင်းတော် (ဝိဟာရ) များစွာကို ဆောက်လုပ်၍ လှူဒါန်းခဲ့ကြသည်။ ထိုကျောင်းတော်များအနက်မှ သောမပူရ မဟာဝိဟာရ (Somapūra mahāvihāra) ကျောင်းတော်သည် အထင်ရှားဆုံး အကျော်ကြားဆုံး အကြီးမားဆုံး ဖြစ်လေသည်။ ယင်းခေတ်အခါက တည်ဆောက်ခဲ့သော ဘုရားကျောင်းကန်စေတီပုထိုးများသည် ယနေ့ထက်တိုင် ရှိနေသေးသည်။ ယင်းအချိန်က ဘင်္ဂါလီလူမျိုး အများစုသည်လည်း မဟာယာန ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြလေသည်။
ပါလခေတ်၌ပင် ဝိကြမပူရ (Bikrampur) မြို့၌ အတိဿ မည်သော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ပြီး မဟာယာန ဗုဒ္ဓဘာသာကို ဟောကြားခဲ့သည်။ ထို့ပြင် ဟရိကေလပြည်ငယ်ကို အုပ်ချုပ်သော စန္ဒရားမင်းဆက်များသည်လည်း ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးယုံကြည်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်ရန် အကြောင်းဖန်လာသည်မှာ အေဒီ၁၃ရာစုမှ စ၍ ဖြစ်သည်။ အိန္ဒိယနိုင်ငံထဲသို့ တပ်(က်)လူမျိုးဟင်ဒူဘာသာဝင်များသည် စစ်သည်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ လုယက်ဖျက်ဆီးခဲ့ကြလေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာကျောင်းတော်များ၊ တက္ကသိုလ်များမှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ကြားပို့ချပေးသော ဘုန်းကြီးကျောင်းများ (ဥပမာ - နာလန္ဒ ဗုဒ္ဓတက္ကသိုလ်) ပျက်စီးသွားသဖြင့် ဗုဒ္ဓဘာသာ၏ အင်အား ယုတ်လျော့သွားလေသည်။
နောက်ပိုင်းခေတ်များတွင် ထွန်းကားသော ဒေလီ စူလ်တန် မင်းဆက်၊ ဘင်္ဂလား စူလ်တန် မင်းဆက်၊ မဂိုအင်ပိုင်ယာတို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်သော မင်းဆက်များဖြစ်ကြလေရာ ဘင်္ဂါလီလူမျိုး အများစုသည် မူဆလင်များ ဖြစ်ကြသည်။
သို့သော်လည်း တချို့သော ဘင်္ဂါလီ မျိုးနွယ်စုများသည် မိရိုးဖလာ ဗုဒ္ဓဘာသာကို ဆက်လက်၍ ကိုးကွယ်နေကြဆဲ ဖြစ်ကြသည်။ မှတ်တမ်းများအရ ၁၉၈၀ ခုနှစ်များတွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂလီလူမျိုးများသည် စစ်တကောင်းဒေသ၌ အနည်းငယ် ကျန်ရှိနေကြောင်း သိရသည်။
ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားခြင်း
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာသည် လက်တစ်ဆုပ်စာမျှသော ဘင်္ဂါလီလူမျိုးများထံတွင် တည်တံ့နေသေးသော်လည်း သူတို့၏ ဗုဒ္ဓဘာသာမှာ ထေရဝါဒလည်း မဟုတ်၊ မဟာယာနလည်း မကျဘဲ အရောရော အထွေးထွေး ဖြစ်နေခဲ့သည်။ ဟိန္ဒူဘာသာနှင့်လည်း ရောထွေးယှက်နွယ်လာခဲ့သည်။ ဟိန္ဒူနတ်ဘုရားများ ဖြစ်သည့် သီဝ၊ လက်သျှမိ၊ ဒူရဂါ နတ်ဘုရားများကို ဗုဒ္ဓဘာသာနှင့် ပေါင်းစပ်၍ ကိုးကွယ်လာကြသည်။
ယဇ်ပူဇော်သည့် အလေ့အထများလည်း ပြန်လည် ပေါ်ပေါက်လာပြန်သည်။ ဝိနည်းစည်းကမ်းများကို မလိုက်နာသော ဘုန်းကြီးများရှိလာသည်။ တချို့သော ဘုန်းကြီးများသည် အိမ်ထောင်ပြုလာသည့်အပြင် အောင်သွယ်တော်အဖြစ်ပင် လုပ်ကိုင်လာကြလေသည်။ ထိုကဲ့သို့ ယိုယွင်းပျက်စီးနေသော ဗုဒ္ဓဘာသာကို ပြန်လည်ပြုပြင်ပြောင်းလဲခဲ့သူမှာ ရခိုင်ပြည်ဖွား သံဃရာဇာ သာရမေဓါ မဟာထေရ် ပင်ဖြစ်သည်။
သာရမေဓာ မထေရ်မြတ်သည် ၁၈၅၆ ခုနှစ်၌ ဘင်္ဂလီဘုန်းကြီး ရဓာစာရဏ ၏ ပင့်ဖိတ်ချက်အရ စစ်တကောင်းဒေသသို့ ပထမအကြိမ် ကြွရောက်လေ့လာသည်။ လအနည်းငယ်နေထိုင်ပြီး ရခိုင်ပြည်သို့ ပြန်သွားသည်။ ကိုးနှစ်အကြာ ၁၈၆၄ တွင် သာရမေဓာအသျှင်သည် စစ်တကောင်းသို့ ပြန်လည်ကြွချီလာပြီး စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာကို ဟောကြား၍ သာသနာပြုခဲ့သည်။
ရဟန်းသံဃာများ ဝိနည်းချိုးဖောက်နေခြင်း၊ ယဇ်ပူဇော်နေခြင်း၊ ငွေကိုင်ခြင်း၊ အရက်သောက်ခြင်း အိမ်ထောင်သားမွေးပြုနေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်တားမြစ်ခဲ့သည်။ အသက်၂၀ မပြည့်သူများ ရဟန်းပြုခြင်းကိုလည်း တားမြစ်ခဲ့သည်။ ဟိန္ဒူ နတ်ဘုရားများအား ကိုးကွယ်နေကြခြင်းများကိုလည်း ပိတ်ပင်တားဆီးလိုက်သည်။ သာရမေဓာ အသျှင်မြတ်သည် ဘင်္ဂလားဒေသမှ ပျက်စီးနေသော ဗုဒ္ဓဘာသာကို အသစ်တဖန် ပြန်လည် တည်ဆောက်ပြီးနောက် သံဃရာဇာ နိကာယ ဂိုဏ်းကြီးကို တည်ထောင်လိုက်လေသည်။
ယင်းအချိန်တွင် သက္ကမ လူမျိုးများ (Chakmas) နေထိုင်ရာ သက်ထောင်ဒေသ၌ ကလိန္ဒီ (Kalindi) ဘုရင်မ စိုးစံအုပ်ချုပ်နေချိန် ဖြစ်သည်။ သာရမေဓာ အသျှင်မြတ်၏ သာသနာပြု သတင်းများကို ကြားသိရသော ဘုရင်မ ကလိန္ဒီသည် သာရမေဓာ အသျှင်ကို ဖိတ်ခေါ်၍ တရားတော်များ နာကြားခဲ့လေသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲခံယူခဲ့သည်။ သက္ကမလူမျိုးများအကြား ပျံ့နှံ့စေရန်ကိုလည်း ကူညီဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သက္ကမလူမျိုးအများစုသည်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြလေသည်။ သက္ကမ လူမျိုးအများစု နေထိုင်ရာ သက်ထောင် (ရင်ဂါမတီခရိုင်)သည် ဗုဒ္ဓဘာသာဝင် အများဆုံးရှိသည့် နေရာဖြစ်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သာရမေဓာ မထေရ်မြတ်၏ သာသနာပြုလုပ်ငန်းများ အထိုက်အလျောက် အောင်မြင်ခဲ့လေသည်။ သို့သော်လည်း ဂိုဏ်းဂဏ ကွဲမှုများလည်း ရှိခဲ့သည်။ သာရမေဓာ မထေရ်မြတ်၏ သံဃရာဇာ နိကာယ ဂိုဏ်းကြီးနှင့် အပြိုင် ဘင်္ဂလီ ဘုန်းတော်ကြီး ရဓာစာရဏသည် မဟာသထာဝီရ နိကာယဂိုဏ်းကို တည်ထောင်လိုက်လေသည်။ ယင်းကဲ့သို့ တည်ထောင်ရခြင်းမှာ တိုင်းတပါးသား ဖြစ်သော သာရမေဓာ အသျှင်သူမြတ်၏ ဝင်ရောက်စွက်ဖက်မှုကို မလိုလား၍ ဖြစ်လေသည်။ သို့သော်လည်း ဂိုဏ်းနှစ်ခုစလုံးသည် ထေရဝါဒ ဂိုဏ်းများဖြစ်ကြပြီး အယူဝါဒမှာလည်း ကွဲပြားခြားနားခြင်းမရှိပေ။ ယနေ့ခေတ်တွင် ထိုနိကာယဂိုဏ်းနှစ်ခုသည် ဘင်္ဂလားဒေ့ရှ်တွင် အကြီးမားဆုံး ဗုဒ္ဓဘာသာ ဂိုဏ်းနှစ်ခု ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ
[ပြင်ဆင်ရန်]ယနေ့ခေတ်အချိန်တွင်မူ ဗုဒ္ဓဘာသာသည် ဘင်္ဂလားဒေရှ်နိုင်ငံ၏ တတိယမြောက် အကြီးမားဆုံး ဘာသာဖြစ်ပြီး နိုင်ငံလူဦးရေ၏ 0.7 % (လူဦးရေအားဖြင့် ၁သန်းကျော်) က ကိုးကွယ်ယုံကြည်ကြသည်။ ဘင်္ဂလားဒေရှ်နိုင်ငံတွင် ဘုရားဖွားတော်မူသည့် ရက်သည် ရုံးပတ်ရက် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် လူမျိုးအများစုမှာ သက္ကမ၊ မရမာ၊ တန်ချန်းယာ၊ ရခိုင်၊ ဘရူဝါ (မရမာကြီး) နှင့် တောင်ပေါ်နေ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသည်။ ရခိုင်၊ ဘရူဝါ (မရမာကြီး) နှင့် ဘင်္ဂလီ ဗုဒ္ဓဘာသာဝင်များမှာ မြေပြန့်ဒေသတွင်နေ၍ သက္ကမ၊ မရမာ လူမျိုးနှင့် တောင်ပေါ်နေ တိုင်းရင်းသားများမှာကား စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်ကြသည်။
ဘင်္ဂလားဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင် ရခိုင်များ
[ပြင်ဆင်ရန်]ရှေးယခင်ကတည်းကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသ စစ်တကောင်းနယ်သည် ရခိုင်ဘုရင်တို့၏ ဩဇာအောက်တွင် တည်ရှိခဲ့ကြောင်း ရခိုင်ရာဇဝင်များက ဖော်ပြသည်။ မြောက်ဦးခေတ်လယ်ပိုင်းတွင် ရခိုင်ဘုရင်များသည် စစ်တကောင်းဆိပ်ကမ်းဒေသကို သိမ်းပိုက်ထားခဲ့ပြီး ကုန်စည်ကူးသန်းခြင်းဖြင့် အကျိုးဖြစ်ထွန်းခဲ့သည်။
ထို့ကြောင့် ယင်းအချိန်ကပင် စစ်တကောင်းဒေသ၌ ရခိုင်များ အခြေချနေထိုင်မှု ရှိခဲ့ပေမည်။ သို့သော် လူဦးရေ သိပ်မများနိုင်ပေ။ ရခိုင်များ စစ်တကောင်း၊ ပန်းဝါ စသော ဒေသများကို အလုံးအရင်းဖြင့် ဝင်ရောက် အခြေချနေထိုင်သည်မှာ ရခိုင်ပြည် ကျဆုံးပြီးစ ကာလကပင် ဖြစ်သည်။
ယင်းအချိန်က ရခိုင်ပြည်တွင် စစ်ပွဲများ ဖြစ်နေသဖြင့် ဘေးလွတ်ရာ စစ်တကောင်း၊ ပန်းဝါ၊ ဖလောင်းချိတ်၊ အဝကျွန်း စသော ဒေသများတွင် ရခိုင်တို့အခြေချနေထိုင်၍ လုပ်ကိုင်စားသောက်ခဲ့ကြသည်။ အထူးသဖြင့် ပန်းဝါ၊ ဖလောင်းချိတ်မြို့များတွင် ရခိုင်လူဦးရေ အများဆုံး ဖြစ်ခဲ့သည်။ ရခိုင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် ဘုရားစေတီ၊ကျောင်းကန် ပုထိုးများကို ဆောက်လုပ်လှူဒါန်းခဲ့ကြလေသည်။ ထို့ကြောင့် ယနေ့ထက်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်များ တည်ထားခဲ့သော ဘုရားကျောင်းကန် အမြောက်အမြား ကျန်ရှိနေသေးလေသည်။
နောက်ပိုင်းကာလများတွင် စီးပွားရေးကျပ်တည်းမှု များကြောင့် ရခိုင်လူမျိုးအများစု ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာသွားကြသည်။ သို့သော် တချို့သူများမှာ ပြန်မလိုက်တော့ဘဲ ဘင်္ဂလားဒေ့ရှ်တွင် အခြေချနေထိုင်ကာ ဘိုးဘေးတို့ တည်ထားခဲ့သည့် ဘုရားကျောင်းကန်တို့ မပျက်စီးရအောင် စောင့်ရှောက်နေကြသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်လူမျိုးပေါင်း နှစ်သောင်းကျော် ရှိနေပြီး တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် အသိအမှတ် ပြုထားသည်။
ထင်ရှားသော ရဟန်းသံဃာများ
[ပြင်ဆင်ရန်]- အတိဿ
- ဘဒ္ဒန္တ ဇောတိပါလ မဟာထေရ
- ရာဇဂုရု အဂ္ဂဝံသ မဟာထေရ
- ဘဒ္ဒန္တ ဦး ပညာဇောတ မဟာထေရ
ထင်ရှားသော ရှေးဟောင်း ကျောင်းတော်ရာများ
[ပြင်ဆင်ရန်]- သောမပူရ မဟာဝိဟာရ (Somapura Mahavihara)
- ဇဂဒ္ဒလ မဟာဝိဟာရ(Jagaddala Mahavihara)
- ဟာလုဍ ဝိဟာရ (Halud Vihara)
- အာဂရာပူရီ ဝိဟာရ (Agrapuri Vihara)
- ဘာသု ဝိဟာရ (Vasu Vihara)
- သီတာကောဋ ဝိဟာရ (Sitakot Vihara)
- ဘီတာဂါဟ် ရှေးဟောင်းမြို့တော် (Bhitagarh)
- ပဏ္ဍိတ ဝိဟာရ (Pandit Vihara)
- ဝိကြမပူရ ဝိဟာရ (Bikrampur Vihara)
- သာလဝန် ဝိဟာရ (Shalban Vihara)
ထင်ရှားသော ဗုဒ္ဓဘာသာဆိုင်ရာနေရာများ
[ပြင်ဆင်ရန်]- ဗုဒ္ဓဓာတုစေတီ (ဘန်ဒါဘန် ခေါ် ရွာတော်မြို့)
- ရင်ငူတော်ဓာတ်ဘုရား (ရာမူးခေါ် ပန်းဝါမြို့)
- အဂ္ဂမေဓါ ရခိုင်ဘုန်းကြီးကျောင်း (ကော့ဘဇား ခေါ် ဖလောင်းချိတ်မြို့)
- အောက်သားဖက် ဘုန်းကြီးကျောင်း (ရာမူးခေါ် ပန်းဝါမြို့)