ဗော်လ်တဲယား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗော်လ်တဲယား

အမည်ရင်း ဖရန်ရွှိုင်း မာရီ အရိုဝက် ဖြစ်သည့် ကလောင်အမည်ဗော်လ်တဲယား(Voltaire)(၁၆၉၄-၁၇၇၈)နှင့် ထင်ရှားသူကို တွေးခေါ်ပညာရှင်၊ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာ၊ ဝတ္ထုရေးဆရာ၊သမိုင်းဆရာ၊ အထေ့အငေါ့စာရေးဆရာ အစရှိသဖြင့် များပြားလှသော ကဏ္ဌများတွင် လူတို့က အမှတ်ရကြပါသည်။ နာမည်ကျော်သည့်အချိန်မှ ကွယ်လွန်ချိန်ထိ နှစ်ပေါင်း၆၀ကျော် အချိန်အတွင်း အကောင်းဆုံး ပြင်သစ်စာပေနှင့် အတွေးအခေါ်ပညာရှင် အဖြစ်အများက အသိအမှတ်ပြုရသည်။

ဗော်လ်တဲယားကို ပါရီမြို့တော်၌ ၁၆၉၄တွင်ဖွားမြင်သည်။ အဖမှာ ရှေ့နေတစ်ဦးဖြစ်သလို ဗော်လ်တဲယားကိုယ်တိုင်လည်း ဥပဒေပညာကို အနည်းငယ်လေ့လာလိုက်စားဖူးသည်။ ဥပဒေပညာကိုလိုက်စားနေရာမှ ရုတ်တရက်ရပ်စဲလိုက်ပြီး ပါရီတွင် အနောက်အပြောင်နှင့် အထေ့အငေါ့ပျက်လုံးများကို ဖန်တီးရင်း ထင်ရှားလာသည်။ ရှေးအခါကထိုသို့ ပြုလုပ်ပါက အတော်ကိုအန္တရာယ်များသည်ဟု ဆိုနိုင်သည်။ ပျက်လုံးများကြောင့် ဗာစတီးအကျဉ်းထောင် တွင် တစ်နှစ်အချုပ်ခံခဲ့ရဖူးပြီး ထိုတစ်နှစ်တာအတွင်း ဟင်နရိအိတ် အမည်ရှိ သမိုင်းလင်္ကာကြီးတစ်စောင်ကို ရေးဖွဲ့ခဲ့သည်။ ထောင်မှထွက်ကာစ ၁၇၁၈တွင် သူ့လက်ရာတစ်ခုဖြစ်သည့် အော်အေးဒစ်ပဲ ကိုပြဇာတ်အဖြစ် ရုံသွင်းပြသရာ အလွန်အောင်မြင်ပြီး အမည်ဝှက်ဖြစ်သည့် ဗော်လ်တဲယား ဟူသည့်အမည်မှာလည်း အထူးပင်ထင်ရှားလာသည်။ ထိုအချိန်တွင် ဗော်လ်တဲယား မှာအသက်၂၄နှစ်သာ ရှိသေးသဖြင့် အောင်မြင်မှုများနှင့်ယှဉ်လျှင် များစွာငယ်ရွယ်သေးသည်ဟု ဆိုရမည်ဖြစ်သည်။

စာပေပညာရပ်တွင် စကားလုံးကြွယ်၀သည့် ဗော်လ်တဲ့ယားသည် ငွေကြေးပိုင်းတွင်လည်း ချမ်းသာသူဖြစ်လာခဲ့သည်။ သို့သော် ၁၇၂၆တွင် ကြီးမားသည့် ပြဿနာနှင့် တွေ့ရတော့သည်။ အကြောင်းမှာ ထိုခေတ်က သူကောင်းမျိုးများနှင့် ဆက်ဆံလျှင် ရိုရိုသေသေဆက်ဆံရသည်မှာ ထုံးစံဖြစ်သည်ကို လှစ်လျှုရှုပြီး သူကောင်းမျိုးတစ်ဦးဖြစ်သည့် ရှာဗလျာ ဒေရိုဟန် ဆိုသူနှင့် စကားရည်လုခဲ့ခြင်းမှစသည်။ စကားရည်လုပွဲတွင် ဗော်လ်တဲယားနိုင်သော်လည်း ရှာဗလျာ၏ လက်ပါးစေတို့၏ ရိုက်နှက်နှိပ်စက်ခံရပြီး ဗာစတီးထောင်အတွင်းသို့ နောက်တစ်ကြိမ် အလည်သွားရပြန်သည်။ ထိုနောက် ပြင်သစ်တွင် မနေတော့ပါ ဟူသောခံဝန်ချက်ဖြင့် ထောင်မှလွတ်ပြီးနောက် အင်္ဂလန်တွင် နှစ်နှစ်ခွဲမျှ သွားရောက်နေထိုင်ခဲ့ရသည်။

အင်္ဂလန်တွင်နေထိုင်ခဲ့ချိန်များသည် ဗော်လ်တဲယားအတွက် အဖိုးတန် အတွေ့အကြုံများကို ရရှိစေခဲ့သည်။ အင်္ဂလိပ်စာပေနှင့် စကားကို သင်ကြားခွင့်ရခဲ့သည်။ နာမည်ကျော်များဖြစ်သည့် ရှိတ်စပီးယားအိုက်ဆက် နယူတန်ဂျွန်လော့ခ်ဖရန်စစ် ဘေကွန် အစရှိသူတို့၏ စာပေလက်ရာနှင့် အတွေးအခေါ်များကို လေ့လာခွင့်ရခဲ့သလို အခြားခေတ်ပြိုင် အင်္ဂလိပ်ပညာရှင်များနှင့် ဆွေးနွေးခွင့်ကိုလည်း ရခဲ့သည်။ ထို့ပြင် အဓိကအချက်မှာ ပြင်သစ်နှင့် မတူသည့် အင်္ဂလန်၏ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ပါမြည်းစမ်းခွင့်ရခဲ့ခြင်းဖြစ်သည်။ မိမိပြင်သစ်တွင် ခံစားခဲ့ရသကဲ့သို့ အပြစ်တစ်စုံတစ်ရာ ပြသခြင်းမရှိပဲ သူကောင်းမျိုးနွယ်ဝင် တစ်ဦး၏ လက်မှတ်ဖြင့် ဖမ်းချုပ်နှိပ်စက်ခြင်းမှာ အင်္ဂလန်တွင် လက်မခံနိုင်သည့် အကြောင်းကိုပါ သိမြင်သွားခဲ့သည်။

ပြင်သစ်ပြန်ရောက်လျှင် အကြီးကျယ်ဆုံး၊ အကျော်ကြားဆုံးသော လက်ရာဖြစ်သည့် ဒဿနိကစာတမ်းများ အမည်ရကျမ်းကို ရေးသားဖြနေ့်၀သည်။ အင်္ဂလိပ်တို့အကြောင်းဟု အလွယ်ခေါ်သည့် ထိုကျမ်းမှာ အစစနောက်ကျနေခဲ့သည့် ပြင်သစ်တို့အတွက် ဉာဏ်အလင်းဖွင့်သည့် လက်ဦးကျမ်းပင်ဖြစ်တော့သည်။ ထိုကျမ်းတွင် အင်္ဂလိပ်တို့၏ နေထိုင်မှုပုံစံ၊ တွေးခေါ်ပုံ၊ အုပ်ချုပ်ရေးစနစ် အစရှိသည့် အကြောင်းများကို စေ့စေ့ငှငှ ရေးသားချီးမွမ်းထားခြင်းဖြစ်ပြီး ပြင်သစ်အာဏာပိုင်များ၏ ဒေါသကို ကောင်းစွာမီးထိုးနှိုးဆွပေးနိုင်သဖြင့် ဗော်လ်တဲယား တစ်ယောက် ပါရီမှ ပြေးရပြန်သည်။

ပြင်သစ်အရှေ့ပိုင်း စီရဲမြို့တွင် ၁၅နှစ်တိုင်တိုင် ခိုလှုံနေထိုင်နေရင်း မြို့စားကတော် မဒမ် ဒူရှတ်တလေ နှင့်ငြိစွန်းခဲ့သေးသည်ဟု ဆိုကြသည်။ ၁၇၅၀တွင် မဒမ် ဒူရှတ်တလေ ကွယ်လွန်ပြီး နောက်တစ်နှစ်အကြာတွင် ပရပ်ရှားအင်ပါယာဧကရာဇ် မဟာဖရက်ဒရစ် ကဖိတ်ခေါ်သဖြင့် ပရပ်ရှားမြို့တော် ပေါ့စဒမ် တွင်သွားရောက်နေထိုင်သည်။ အစဦးတွင် နှစ်ဦးသားဆက်ဆံရေး အဆင်ပြေချောမွေ့ သော်လည်း သုံးနှစ်အကြာတွင် အချေတင်စကားများသဖြင့် ၁၇၅၃တွင် ဗော်လ်တဲယား ပရပ်ရှား (ဂျာမနီ)မှ ပြောင်းရပြန်သည်။

ထိုနောက် ပြင်သစ်မင်း၊ ပရပ်ရှားမင်း များ၏ဘေးရန်မှ ကင်းေ၀းစေရန်အတွက် ဂျီနီဗာမြို့အနီးတွင် ခြံကြီးတစ်ခြံကို ဝယ်ယူကာ နေထိုင်သည်။ သို့သော် ထိုခေတ်အမြင်နှင့် များစွာ ခွကျနေသည့် သူ၏အတွေးအခေါ်များကို ဆွစ်ဇာလန်တို့ကလည်း ခံတွင်းမတွေ့ကြသဖြင့် ပြင်သစ်-ဆွစ် နှစ်နိုင်ငံနယ်စပ်ရှိ ဖာနေး တွင် ခြံထပ်မံဝယ်ယူကာ နယ်စပ်မျဉ်းတွင် အိမ်ဆောက်ပြီးနေသည်။ အကြောင်းပြချက်မှာ တစ်ဖက်ဖက်မှ ရန်ပြုလာလျှင် လွတ်သည့်ဖက်ပြေးရန် ဖြစ်သည် ဟုဆိုပါသည်။ ထိုဒေသတွင် အနှစ်နှစ်ဆယ်ကြာ နေထိုင်စဉ်အတွင်း အခြားဒေသများမှ အတွေးအခေါ်ပညာရှင်များနှင့် စာပေးစာယူလုပ်ကာဆွေးနွေးခြင်း၊ မိတ်သင်္ဂဟများကို အလည်ဖိတ်ကြားကာ ကြွေးမွေးပြုစုခြင်း တို့ကိုပြုလုပ်ပြီး အချိန်အားရှိသရွေ့ ကျမ်းစာများ ရေးသားခြင်းဖြင့် ကုန်လွန်စေသည်။ ထိုနှစ်များတွင် ဂန္တဝင်စာပေမှ ခေတ်ဆန်ဆန် အထေ့အငေါ့ပျက်လုံးများအထိ အမျိုးအစားစုံလင်စွာပါဝင်သည်။

အသက် ၇၀နားနီးချိန်တွင် ပြင်သစ်၌ ပရိုတက်စတင့်ဂိုဏ်းဝင်များကို ပြင်းထန်စွာနှိပ်ကွပ်ကြောင်း သိလျှင် လွတ်လပ်မှုကို မြတ်နိုးသူ ဗော်လ်တဲယား အနေဖြင့် ဤကဲ့သို့ ဘာသာရေးအယူသီးမှုများကို မိမိဉာဏ်ပညာဖြင့် ပယ်ရှားမည် ဟု ဆုံးဖြတ်ချက်ချကာ ဘာသာရေးချုပ်ချယ်မှုကို ဆန့်ကျင်သည့် နိုင်ငံရေးစာပေများ အများအပြားရေးသား ဖြနေ့်၀သည်။ ထိုစာတမ်းတိုင်း၏ အဆုံးသတ်ပိုင်းတိုင်းတွင် မဆင်မခြင်အယူသီးသည်ပယ်လှန်ရန် ရည်ရွယ်၍ "အပုပ်သတင်းထွက်ရာကို သုတ်သင်ကြလော့" ဟုနှိုးဆော်ချက်ကို ထည့်သွင်းလေ့ရှိသည်။

၁၇၇၈တွင် အသက်၈၃နှစ်အရွယ် ဗော်လ်တဲယား ပါရီမြို့သို့ ပြန်လေသည်။ သူ့လက်ရာဖြစ်သည့် အီရန်းပြဇာတ်ကို ရုံတင်သည့် အခန်းအနားကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန်ဖြစ်သည်။ ပြင်သစ်လူထုကြီး၏ တခဲနက် ထောက်ခံအားပေးသည့် လက်ခုပ်သံများကို ခံယူရရှိသလို ဘင်ဂျမင် ဖရမ်ကလင် အစရှိသည့် သူ့အားကြည်ညိုကြသည့် ကျော်ကြားသူတို့ လာရောက်လည်ပတ် ဆွေးနွေးသည်ကို လက်ခံတွေ့ဆုံသည်။ ၃၀၊ မေ၊ ၁၇၇၈တွင် ပါရီမြို့၌ ဗော်လ်တဲယား ကွယ်လွန်သည်။ ကွယ်လွန်သွားပြီးနောက် ကျန်ရှိရုပ်အလောင်းကို ပါရီသချိုင်းတွင် ခရစ်ယာန်ဘာသာဝင်တို့၏ ထုံးစံအတိုင်း မြုပ်နှံခွင့်မရခဲ့ပေ။ အကြောင်းမှာ ဘာသာရေးအယူသီးသူတို့၏ သာသနာကိုစော်ကားသူ ဟူသည့်စွပ်စွဲချက်ကြောင့်ဖြစ်သည်။ သို့သော် နောင် ၁၃နှစ်အကြာတွင် သူ့ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်ပြီး ဂုဏ်ပြုထိုက်သူတို့၏သင်္ချိုင်း ပါရီပန်သယ်ယွန်တွင် ဂူသွင်းမြုပ်နှံပေးခဲ့သည်။

ကွယ်လွန်သည့် နှစ်ပေါင်း ၂၀၀ကျော် ယနေ့တိုင် ဗော်လ်တဲယား၏ လက်ရာများမှာ ခေတ်မှီစဲ၊ အစွမ်းရှိနေစဲဖြစ်သည်ကို အသိအမှတ်ပြုကြသည်။ ထို့ပြင်ဗော်လ်တဲယား၏ အသိအမြင်ဖွင့်လှစ်ပေးမှုကြောင့်လည်း ၁၇၈၉ပြင်သစ်တော်လှန်ရေး ပေါက်ဖွားရခြင်း ဖြစ်သည်ဟုလည်း (တစ်နည်းဆိုလျှင် ပြင်သစ်တော်လှန်ရေးအစပြုရသည်တွင် ဗော်လ်တဲယား၏ လက်ချက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်။) ဆိုပါသည်။

ဗော်လ်တဲယား၏ အုပ်ဂူနေရာ

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း