မဟာဗောဓိတထောင်

ဝီကီပီးဒီးယား မှ
(ဗောဓိတစ်ထောင် မှ ပြန်ညွှန်းထားသည်)

ကမ္ဘာကျော် မဟာဗောဓိတထောင် သာသနာ့နယ်မြေတော်ကြီးသည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်တွင်တည်ရှိသည်။ မုံရွာမြို့၏အရှေ့တောင်ဘက် ကိုးမိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး၊ လျောင်းတော်မူဘုရားကြီး၊ အောင်စကြာ အလံတစ်ရာစေတီတော်ကြီးနှင့် ဆရာတော်ဘုရားကြီးတို့၏ဂုဏ်သတင်းရနံ့တို့သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာသို့တိုင် မွှေးပျံ့ကျော်စောသည်။ ထောင်ပေါင်းများစွာသော ဗုဒ္ဓရုပ်ပွားတော်များနှင့် ထောင်ပေါင်းများစွာသော ဗုဒ္ဓကိုယ်စား ပရိဘောဂစေတီ ဗောဓိပင်တော်များရှိသည်။ ရဟန်းသံဃာတော်များ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူသော သာသနာတော်သုံးရပ်လုံးကို လွတ်လပ်စွာ ကြိုးစားအားထုတ်တော်မူနိုင်ကြရာ သာသနာ့အောင်မြေ ဘူမိနက်သန်ကြီးဖြစ်သည်။ ဘုရားမြတ်စွာ သာသနာတော်အတွက်၊ ဘုရားမြတ်စွာ အဆုံးအမတော်အတွက် ရဟန်း၊ သာမဏေ သံဃာတော်များ ပရိယတ္တိစာပေများ သင်ကြားသင်ယူနိုင်ရာ စာသင်ကျောင်းတော်ကြီးတစ်ခုဖြစ်သကဲ့သို့၊ ပဋိပတ္တိအလုပ် ကြိုးစားအားထုတ်နိုင်သော တရားရိပ်မြိုင်ကြီးလည်းဖြစ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓတည်းဟူသော သုံးဖြာသာသနာတော်မြတ်ကြီးအတွက် လွတ်လပ်စွာ ကြိုးစားအားထုတ်ခွင့်ပေးသော စွယ်စုံရ ဘက်စုံသာသနာ့နယ်မြေတော်ကြီးလည်းဖြစ်သည်။ ထို့ပြင် ငြိမ်းအေးကြောင်းတရားကို ရှာလိုကြသူ ယောဂီသူတော်စင် လူပုဂ္ဂိုလ်တို့အတွက် တရားစခန်း၊ ဝိပဿနာစခန်းများလည်း မကြာခဏ ဖွင့်လှစ်လျက်ရှိသည်။ ငြိမ်းအေးသော ဗုဒ္ဓအဆုံးအမတော်များနှင့် ဝေနေယျသတ္တဝါတို့အတွက် မေတ္တာရေအေး ဝေငှတိုက်ကျွေးလျက်ရှိသည့် သာသနာ့နယ်မြေတော်ကြီးတစ်ခုဖြစ်သည်။ တိုင်းပြည်ဂုဏ်ဆောင်၊ သာသနာ့ကျက်သရေဆောင် ဘူမိနက်သန် အောင်မြေရတနာကြီးသည် ဘာသာ သာသနာ၊ ဒေသနှင့် နိုင်ငံ့ဂုဏ်သတင်းတို့ကို မွှေးပျံ့သင်းထုံစေလျက်ရှိပေသည်။

Taken from Monywa Township
ဗောဓိတထောင်သာသနာ့နယ်မြေရှိ ကမ္ဘာကျော်ရုပ်ပွားတော်ကြီးများ

သာသနာ့နယ်မြေ စတင်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒလောင်းလျာ ရဟန်းပျိုလေး ရှင်နာရဒသည် ရဟန်းဝါ(၁ဝ)ဝါအရ၊ ဇာတိမြေ ရွှေတွင်းကုန်းရွာ၌ သီတင်းသုံးတော်မူနေစဉ် ခတက္ကန်တောင်ရွာကျောင်းထိုင်ဆရာတော် ဦးရီးတော် ဦးဉေယျ ပျံလွန်တော်မူသဖြင့် ခတက္ကန်တောင်ရွာ ဒါယကာ၊ ဒါယိကာမများ လာရောက်ပင့်ဆောင် ကျောင်းအပ်ကြသည်။ ရှင်နာရဒက မိမိ သဒ္ဓါထက်သန်စွာ စိုက်ပျိုးထားသော ဗောဓိပင်များ စိုက်ပျိုးပူဇော်ရန် လုံလောက်သည့်မြေနေရာရပါမှလက်ခံပါမည်ဟူသော ဝန်ခံကတိကိုတောင်းဆိုရာ၊ ကျေးရွာလူကြီးများ ဝန်ခံကတိပြုကြသဖြင့် ၁၃၂၂ ခုနှစ်တွင် စတင်ကျောင်းထိုင်တော်မူသည်။ သာသနာတော်နှစ် (၂၅ဝ၄)ခု၊ မြန်မာသက္ကရာဇ် ၁၃၂၂ခု၊ ကဆုန်လဆန်း(၁၁)ရက်၊ ကြာသပတေးနေ့တွင် ရွှေတွင်းကုန်းရွာ၊ ကိုးဆူကျောင်းမှ ဗောဓိပင်(၂၇)ပင်ကို အခမ်းအနားဖြင့် စတင်ပင့်ဆောင်ခဲ့ကြပြီး၊ ကဆုန်လဆန်း(၁၂)ရက်၊ နံနက်(၈:၅၅)နာရီတွင် နန်းဦးဆရာတော်ဘုရားကြီးနှင့် မဟာဗောဓိတထောင်ဆရာတော် ဦးနာရဒ ဆရာတပည့်နှစ်ပါးတို့သည် ဖုဋ္ဌဿ အစချီ မင်္ဂလာဂါထာတော်ကိုရွတ်ဆိုကာ ပထမဆုံးဗောဓိပင်ကို ကိုယ်တော်တိုင်စိုက်ပျိုးတော်မူသည်။ ထိုနေ့တွင်ပင် ဗောဓိပင်(၂၇)ပင် အပြီးစိုက်၍၊ အောင်စည်ကျော်ခိုက် ဗောဓိစိုက် ဟူသော အမှတ်သညာအတိုင်း ၁၃၂၂ ခု၊ ကဆုန်လဆန်း(၁၂)ရက်နေ့တွင် မဟာဗောဓိတထောင် သာသနာ့အောင်မြေကို စတင်တည်ထောင်တော်မူသည်။ ဗောဓိပင်ပေါင်း ၁၃၄၅ ပင် စိုက်ပျိုးပူဇော်ပြီးသည်မှစ၍ ခတက္ကန်တောင်ရွာ ရွာဦးကျောင်းအဖြစ်မှ မဟာဗောဓိတထောင်ကျောင်းတိုက်အဖြစ် အနွတ္ထသညာ ခေါ်တွင်လာခဲ့သည်။ မြေ(၁၅)ဧကဖြင့် စတင်စိုက်ပျိုးတည်ထောင်ခဲ့သော သာသနာ့နယ်မြေတော်ကြီးသည် ယခုအခါ ဧက(၂၅ဝ)ခန့်မျှ အကျယ်အဝန်းရှိနေပြီး၊ ဗောဓိပင်ပေါင်း (၉ဝဝဝ)ကျော်နေပြီဖြစ်သည်။ [၁]

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရား[ပြင်ဆင်ရန်]

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့သည်။ ဉာဏ်တော်အမြင့်ပေ (၄၂၄)ပေ အမြင့်ဆောင်ပြီး၊ အထပ်ပေါင်း (၃၁)ထပ်ပါရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည်။

လျောင်းတော်မူ မြတ်စွာဘုရား[ပြင်ဆင်ရန်]

မဟာဗောဓိတထောင် လျောင်းတော်မူမြတ်စွာဘုရားကြီး

လျောင်းတော်မူမြတ်စွာဘုရားကြီးသည် အလျားဉာဏ်တော် (၃၃၃)ပေ၊ အနံ (၆ဝ)ပေ ရှိသည်။ ၁၃၅၂ ခု၊ ပြာသိုလပြည့်ကျော်(၉)ရက်၊ (၈.၁.၁၉၉၁)၊ အင်္ဂါနေ့တွင် လျောင်းတော်မူကြီး၏ပလ္လင်တော်ကြီးကို စတင်ပန္နက်ချ၊ တည်ထားကိုးကွယ်သည်။ ဘုရားကြီး၏ဦးခေါင်းတော်ကြီးသည် ပေ(၆ဝ) မြင့်သည်။ ဘုရားကြီး၏အတွင်း၌ လိုဏ်ခေါင်းပါဝင်သည်။ အတွင်းဘက်သို့လည်း ဝင်ရောက်ဖူးမြော်နိုင်သည်။

အောင်စကြာစေတီတော်[ပြင်ဆင်ရန်]

မဟာဗောဓိတထောင် အောင်စကြာစေတီတော်

အောင်စကြာစေတီတော်ကြီးသည် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ပုံစံ ဖြစ်သည်။ အထဲတွင် လိုဏ်ခေါင်းပါပြီး သပိတ်မှောက်အထိ အတွင်းလိုဏ်လှေကားမှတစ်ဆင့် တက်ရောက်ဖူးမြော်နိုင်သည်။ စေတီတော်ကြီးကို ၁၃၄၁ ခု၊ တပေါင်းလဆန်း(၂)ရက် (၂ ၁၅)နာရီတွင် စတင်ပန္နက်ရိုက်၍၊ (၁၂ ၁၅)နာရီတွင် အုတ်မြစ်ချသည်။ စေတီတော်တည်ထားရာ ကုန်းတော်ကြီးမှာ ကျောက်သားတောင်ကြီးဖြစ်သဖြင့် အုတ်မြစ်ကျင်းတူးရန်မလိုပေ။ ဉာဏ်တော်အမြင့် အတောင်(၁၅ဝ)၊ ပေအားဖြင့် (၂၂၅)ပေ ရှိသည်။ ဖိနပ်တော် ၂၁၆ ပေ၊ ၉ လက်မ ရှိသည်။[၂] စေတီတည်နှစ်ကို အောင်စည်ရိုက်ဦး စေတီထူး ဟု အမှတ်သညာပြုကြသည်။ စေတီတော်ကြီး၏ သပိတ်မှောက်အထိ တက်ရောက်ဖူးမြော်နိုင်ရန် အတွင်း၊ အပြင် လှေကားများ ပါရှိသည်။ စေတီတော်အောက်ခြေတွင် စေတီရံများစွာလည်း ရှိသည်။ အချိုးအစား ကျနပြေပြစ် သပ္ပါယ်သည်။

နာယက ဆရာတော်များ[ပြင်ဆင်ရန်]

မဟာဗောဓိတထောင် သာသနာ့နယ်မြေကို မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒ မထေရ်မြတ်ကြီး စတင်တည်ထောင်တော်မူသည်။ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူပြီးသည့်နောက် ဆရာတော်ဘုရားကြီး၏ အမှာစာ ဆန္ဒတော်အတိုင်း မဟာဗောဓိတထောင်သာသနာ့နယ်မြေ ကျောင်းတိုက်တော်ကြီးတွင် နာယကဆရာတော်ငါးပါး ဆက်လက်သီတင်းသုံး နေထိုင်တော်မူလျက်ရှိကြသည်။ ၎င်း နာယကဆရာတော်ငါးပါးမှာ- ဘဒ္ဒန္တ သောဘိတ၊ ဘဒ္ဒန္တ ကဝိန္ဒ၊ ဘဒ္ဒန္တ ဩဘာသ၊ ဘဒ္ဒန္တ ဝိစိတ္တ၊ ဘဒ္ဒန္တ ဣန္ဒောဘာသ တို့ဖြစ်ကြသည်။


ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဂုဏပူဇာစာစောင်၊ ၁၃၆၇ ခု၊ တပို့တွဲလ
  2. မုံရွာမြို့၊ မိဂဒါဝုန်ဆရာတော်၏ ဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒ၏ နှစ် ၆ဝ-ဘဝခရီး