ဗူးဗွန်မင်းဆက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၅၈၉ ခုနှစ်မှ ၁၇၉၂ ခုနှစ်အတွင်းနှင့် ၁၈၁၄ ခုနှစ်မှ ၁၈၄၈ ခုနှစ်အတွင်းတွင် ပြင်သစ်နိုင်ငံ၌၎င်း၊ ၁၇၀၀ ပြည့်နှစ်မှ ၁၉၃၁ ခုနှစ်အတွင်း စပိန်နိုင်ငံ၌၎င်း အုပ်စိုးခဲ့ကြသော မင်းများကို ဗူးဗွန်မင်းဆက်ဟုခေါ်သည်။ ယင်းမင်းဆက်၏ အဆက်အနွယ်အချို့သည် ပါမားနယ်၊ နာဗားနယ်နှင့် နေပယ်မြို့တို့၌လည်း အုပ်စိုးခဲ့ကြဖူးသည်။

ဗူးဗွန်မင်းဆက်သည် ပြင်သစ်နိုင်ငံ၏ အကျယ်ဝန်းဆုံးနယ်ဖြစ်သည့် ဗူးဗွန်နေးနယ်ကို စားသည့် နယ်စားမျိုးမှ ဆင်းသက်ပေါက်ဖွားလာသူများ ဖြစ်ကြ၍ ယင်းနယ်၏ မြို့တော်ဖြစ်သော ဗူးဗွန်လာရှန်ဗိုမြို့ကို အစွဲပြု၍ ထိုဗူးဗွန်ဟူသော အမည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုနယ်စားမျိုးသည် ပြင်သစ်ဘုရင်မျိုးနွယ်နှင့် လက်ဆက်ကြရာမှ မင်းမျိုးမင်းနွယ်များ ဖြစ်လာကြသည်။

၉ ရာစုကုန်ခါနီးတွင် ဗူးဗွန်နေးနယ်ကို စားရသူ ဗဲရွန်အိုင်းမားသည် ဗူးဗွန်ဆွေမျိုးစု၏ အစဖြစ်သည်။ ဗဲရွန်အိုင်းမား၏သမီးကြီး မတီလဒါနှင့် ရှမ်ပိန်နယ် စစ်သေနာပတိ ဒမ်းပီယာတို့၏ အဆက်အနွယ် အဂ္ဂနက်သည် ဗာဂန်ဒီနယ်စားဂျွန်နှင့် လက်ဆက်ရာ သမီး ဗီအာထရစ်ကို ဖွားမြင်သည်။ ဗီအာထရစ်သည် နဝမ လူဝီ၏သားတော်အငယ် ကလားမွန့်နယ်စား ရောဗတ်နှင့် အကြေင်းပါရာမှ ဖွားမြင်သော သားတော် လူဝီသည် ၁၃၂၇ ခုနှစ်တွင် ဗူးဗွန်မြို့စား ဖြစ်လာသည်။ လူဝီမင်းသားမှ ဆင်းသက်သော အဆက်အနွယ်များသည် ၁၅၂၇ ခုနှစ်တွင် ကွယ်လွန်သော ချားလက်အထိ သားစဉ်မြေးဆက် ဗူးဗွန်မြို့စားဘွဲ့ကို ဆက်ခံခဲ့လေသည်။ ယင်းနောက် တိုက်ရိုက်အဆက်အနွယ်များ မဟုတ်သော်လည်း သွေးသား မကင်းသူများပင် ဗူးဗွန်မြို့စားဘွဲ့ကို ခံယူခဲ့သည်။

၁၅၃၇ ခုနှစ်တွင် ကွယ်လွန်သော ဗူးဗွန်မြို့စား ချား (ဗင်ဒုံးမြို့စားအဖြစ်မှ ဗူးဗွန်မြို့စားအဖြစ် ဆက်ခံသူ)၏ သားအကြီး အန်တိုနီသည် နာဗယ်နယ်၏ အမွေခံ မင်းသမီး ဇန်းဒဲလဗတ်နျင့် လက်ဆက်ရာမှ ဖွားမြင်သော နာဗားမင်းသာ ဟင်နရီသည် ပြင်သစ်နိုင်ငံဘုရင် ဒုတိယဟင်နရီ၏ သမီးတော် မာဂရက်နှင့် သင့်သဖြင့် စတုတ္ထမြောက် ဟင်နရီ ဘုရင်(၁၅၅၃-၁၆၁၀)ဟူသော ဘွဲ့ဖြင့် ပြင်သစ်ထီးနန်းကို ဆက်ခံသည်။ ယင်းသို့ဖြင့် ပြင်သစ်နိုင်ငံ ဗူးဗွန်းမင်းဆက်ဟူ၍ စတင်ဖြစ်ပေါ်လာခဲ့သည်။

စတုတ္ထုဟင်နရီ(၁၅၃၃-၁၆၁၀)ဘု၇င်၏ အဆက်အနွယ်များ ဖြစ်ကြသော ဆယ့်သုံးဆက်မြောက် လူဝီ ဘုရင်(၁၆၀၁-၁၆၄၃)၊ ဆယ့်လေးဆက်မြောက် လူဝီဘုရင်(၁၆၃၈-၁၇၁၅)၊ဆယ့်ငါးဆက်မြောက်လူဝီဘုရင် (၁၇၁၀-၁၇၇၄)၊ ဆယ့်ခြောက်ဆက်မြောက် လူဝီဘုရင်(၁၇၅၄-၁၇၉၃)တို့သည် ၁၇၈၉ ခုနှစ်တိုင်အောင် ပြင်သစ်နိုင်ငံကို အဆက်မပြတ် အုပ်ချုပ်ခဲ့ကြလေသည်။ ဆယ့်ခြောက်ဆက်မြောက် လူဝီဘုရင်နှင့် မာရီအန်တွာနတ်မိဘုရားတို့ နန်းကျအသတ်ခံရပြီးနောက်၊ ဗူးဗွန်မင်းဆက် ခေတ္တပြတ်သွားသော်လည်း ၁၈၁၄ ခုနှစ်တွင် ဆယ့်ရှစ်ဆက်မြောင် လူဝီဘုရင်(၁၇၅၅-၁၈၂၄) နန်းတက်သောအခါ ဗူးဗွန်မင်းဆက် ပြန်ပေါ်လာပြန်သည်။ သို့ရာတွင် ၁၈၄၈ ခုနှစ်၌ လူဝီဖိလစ်ဘုရင်လက်ထက်ထွင် ဖြစ်ပွားသော တော်လှန်ရေးကြောင့် ဗူးဗွန်မင်းဆက် ပြတ်သွားလေသည်။

စပိန်နိုင်ငံ ဗူးဗွန်မင်းဆက်သည် ၁၇၀၀ ပြည်နှစ့်တွင်မှ စတင်ခဲ့သည်။ ပြင်သစ်ဘုရင် ၁၄ ဆက်မြောက် လူဝီ၏မြေးတော် ပဉ္စမဖိလစ်ဘုရင်(၁၆၈၃-၁၇၄၆)မှ စတင်၍ စပိန်နိုင်ငံတွင် ဗူးဗွန်မင်းဆက် ပေါ်ပေါက်လာသည်။ ဖိလစ်ဘုရင်၏ အဆက်အနွယ်များဖြစ်သော ဆဌ္ဋဖာဒီနန်ဘုရင်(၁၇၁၃-၁၇၅၉)၊ တတိယချားဘုရင်(၁၇၁၆-၁၇၈၈)နှင့် စတုတ္ထ ချားဘုရင်(၁၇၄၈-၁၈၁၉)၊ သတ္တမအဇ္ဇဗဲလားဘုရင်မ(၁၈၃၀-၁၉၀၄)နှင့် ၁၂ ဆက်မြောက် အယ်လဖွန်းဆိုးဘုရင်(၁၈၈၆-၁၉၄၁)တို့ လက်ထက်တိုင် ၁၉၃၁ ခုနှစ်တွင် စပိန်သမ္မတနိုင်ငံ ဖြစ်ပေါ်လာသည်အထိ ဗူးဗွန်မင်းဆက်များ စပိန်နိုင်ငံ၌ အဆက်ဆက် အုပ်စိုးခဲ့ကြသည်။

စပိန်ဘုရင် တတိယချားသည် စပိန်ထီးနန်းမဆက်ခံရသေးမီ ၁၇၃၈ ခုနှစ်တွင် နေပယ်ဘုရင်နှင့် ပါးမားနယ်စားဖြစ်ခဲ့သည်။ သို့ရာတွင် စပိန်ဘုရင်အဖြစ် နန်းတက်သောအခါ နေပယ်နှင့် ပါးမားနယ်တို့ကို သားတော်ငယ် ဖာဒီနန်အား ပေးအပ်လိုက်သည်။ ဖာဒီနန်နှင့် သူ၏အဆက်အနွယ်များဖြစ်သော ပထမဖရန်စစ်၊ ဒုတိယ ဖာဒီနန်နှင့် ဒုတိယ ဖရန်စစ်တို့သည် စစ္စလီကျွန်းအပါအဝင် နေပယ်နှင့် ပါးမားဘုရင်များအဖြစ် အုပ်စိုးခဲ့ရာ ၁၈၆၀ ပြည်နှစ်တွင် အီတလီထီးနန်းနှင့် ပေါင်းလိုက်ရသည့်အချိန်အထိ ဖြစ်သည်။

ပြင်သစ်၊ စပိန်၊ ပါမားနှင့် နေပယ်တို့မှ ဗူးဗွန်မင်းဆက်၏ အဆက်အနွယ်များသည် ယခုတိုင် ကျန်ရစ်ခဲ့သေးသည်။ ပြင်သစ်သမိုင်း၌ အလွန်ထင်ရှားသော ကွန်ဒီဆွေမျိုးစုသည် ဗူးဗွန်မင်းဆက်၏ အနွယ်တော်များဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-က၊ အတွဲ-၈၊နှာ-၁၃