မာတိကာသို့ ခုန်သွားရန်

ဗီဂျေး

ဝီကီပီးဒီးယား မှ
ဗီဂျေး (Vijay)
၂၀၁၈ ခုနှစ်က ဗီဂျေး
(၉) ဦးမြောက် ဝန်ကြီးချုပ် တမီးလ်နာဒူပြည်နယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ မေ ၂၀၂၆
အုပ်ချုပ်ရေးမှူးရာဂျန်ဒရာ ဗစ်ရှ်ဝာနက်သ် အာလီကာ
ယခင်လူအမ် ကေ စတာလင်
တမီးလ်နာဒူး ပြည်နယ်လွှတ်တော် အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ မေ ၂၀၂၆
ယခင်လူR. D. Shekar
မဲဆန္ဒနယ်ပဲရမ်ဘူရ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ မေ ၂၀၂၆
ယခင်လူInigo S. Irudayaraj
မဲဆန္ဒနယ်ထရီချီ အရှေ့ပိုင်း
တမီးလ်လက်ဂါ ဗက်ထရီ ကာဇာဂမ် ပါတီ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၄
အထွေထွေအတွင်းရေးမှူးN. Anand
ကိုယ်ရေး အချက်အလက်များ
မွေးဖွားချန်ဒရာဆေခရန် ဂျိုးဇက် ဗီဂျေး
(1974-06-22) ၂၂ ဇွန်၊ ၁၉၇၄ (အသက် ၅၂)
ချန်နိုင်းတမီးလ်နာဒူးပြည်နယ်အိန္ဒိယနိုင်ငံ
နိုင်ငံရေးပါတီTamilaga Vettri Kazhagam (၂၀၂၄ မှ ယခုထိ)
ကြင်ဖော်Sankgeetha Sornalingam (၁၉၉၉–၂၀၂၆၊ ကွာရှင်း)
သားသမီး၂ ဦး
မိခင်Shoba Chandrasekhar
ဖခင်S. A. Chandrasekaran
ပညာရေးLoyola College, Madras(ကျောင်းထွက်)
အလုပ်အကိုင်နိုင်ငံရေးသမား၊ ရုပ်ရှင်မင်းသား

ဗီဂျေး (အင်္ဂလိပ်: Chandrasekaran Joseph Vijay; ၁၉၇၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်ဖွား) သည် အိန္ဒိယနိုင်ငံသား နိုင်ငံရေးသမားနှင့် သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၁၀ ရက်မှ စတင်ကာ တမီးလ်နာဒူးပြည်နယ်၏ (၉) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။၁၉၆၇ ခုနှစ်နောက်ပိုင်း ပြည်နယ်၏ အာဏာရပါတီများမှမဟုတ်ဘဲ အခြားပါတီမှဖြစ်သည့် ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာသူ ၎င်းသည် တမီးလ်လက်ဂါ ဗက်ထရီ ကာဇာဂမ် (TVK) နိုင်ငံရေးပါတီကို တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။ နိုင်ငံရေးလောကသို့ မဝင်ရောက်မီက ၎င်းသည် တမီးလ်ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသားများထဲမှ တစ်ဦးဖြစ်ခဲ့သည်။[]

ဗီဂျေးသည် ၁၉၉၂ ခုနှစ်တွင် ဖခင်ဖြစ်သူ အက်စ် အေ ချန်ဒရာဆေခရန် ရိုက်ကူးသည့် Naalaiya Theerpu ဇာတ်ကားဖြင့် ခေါင်းဆောင်မင်းသားအဖြစ် စတင်ပွဲထွက်ခဲ့သည်။ ၎င်းသည် Poove Unakkaga (၁၉၉၆)၊ Love Today (၁၉၉၇)၊ Kadhalukku Mariyadhai (၁၉၉၇) နှင့် Thullatha Manamum Thullum (၁၉၉၉) ကဲ့သို့သော အချစ်ရုပ်ရှင်များဖြင့် ကျော်ကြားလာခဲ့ပြီးနောက် Thirumalai (၂၀၀၃)၊ Ghilli (၂၀၀၄) နှင့် Pokkiri (၂၀၀၇) တို့ဖြင့် အက်ရှင်မင်းသားအဖြစ် အသွင်ကူးပြောင်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ်များမှစ၍ Thuppakki (၂၀၁၂)၊ Kaththi (၂၀၁၄)၊ Mersal (၂၀၁၇)၊ Sarkar (၂၀၁၈)၊ Master (၂၀၂၁)၊ Leo (၂၀၂၃) နှင့် The Greatest of All Time (၂၀၂၄) အပါအဝင် စီးပွားရေးအရ အလွန်အောင်မြင်သော ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ အချို့ဇာတ်ကားများမှာ ဝင်ငွေအကောင်းဆုံး တမီးလ်ရုပ်ရှင်များအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[]

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီဂျေးသည် ရုပ်ရှင်လောကမှ အနားယူကြောင်းနှင့် နိုင်ငံရေးလောကသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာကာ TVK ပါတီကို တည်ထောင်ခဲ့သည်။ ၂၀၂၆ ခုနှစ် တမီးလ်နာဒူးပြည်နယ် လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်း၏ပါတီသည် အမတ်နေရာ ၁၀၈ နေရာ အနိုင်ရရှိခဲ့ပြီး သိသာထင်ရှားသော နိုင်ငံရေးအောင်မြင်မှုတစ်ခုကို ရရှိခဲ့သော်လည်း အမတ်နေရာ အများစုအနိုင်ရရန် လိုအပ်ချက်ထက် အနည်းငယ် လျော့နည်းခဲ့သည်။ သို့သော်လည်း အခြားမဟာမိတ်ပါတီများ၏ ထောက်ခံမှုဖြင့် ဗီဂျေးသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် တမီးလ်နာဒူးပြည်နယ်၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[][]

ငယ်ဘဝနှင့် မိသားစု

[ပြင်ဆင်ရန်]

ချန်ဒရာဆေခရန် ဂျိုးဇက် ဗီဂျေးကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၊ မဒရပ်မြို့ (ယခု ချန်နိုင်းမြို့) ၌ မွေးဖွားခဲ့သည်။ ၎င်း၏ဖခင် အက်စ် အေ ချန်ဒရာဆေခရန် (S. A. Chandrasekaran) မှာ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး မိခင် ရှိုဘာ ချန်ဒရာဆေခရန် (Shoba Chandrasekhar) မှာ နောက်ခံတေးသံရှင်နှင့် အဆိုတော်တစ်ဦး ဖြစ်သည်။ ၎င်း၏ဖခင်မှာ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး မိခင်မှာ ဟိန္ဒူဘာသာဝင် ဖြစ်သည်။ ဗီဂျေးတွင် ဝိဒ်ယာ (Vidhya) အမည်ရှိ ညီမတစ်ဦးရှိခဲ့သော်လည်း အသက်နှစ်နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။[][]

ဗီဂျေးသည် ကနဦးတွင် ကိုဒမ်ဘာကမ် (Kodambakkam) ရှိ ဖာတီမာ (Fathima) ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ဝီရူဂမ်ဘာကမ် (Virugambakkam) ရှိ ဘာလာလော့ခ် (Balalok) ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့သည်။ ၎င်းသည် လိုယိုလာ ကောလိပ် (Loyola College) တွင် Visual Communication ဖြင့် ဘွဲ့သင်တန်း တက်ရောက်ခဲ့သော်လည်း သရုပ်ဆောင်အလုပ်ကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် ကျောင်းမှ စောစီးစွာ ထွက်ခဲ့သည်။[]

ရုပ်ရှင်သရုပ်ဆောင်ဘဝ

[ပြင်ဆင်ရန်]

ဗီဂျေးသည် ၁၉၈၄ ခုနှစ်တွင် ပီ အက်စ် ဝီရပ်ပား (P. S. Veerappa) ထုတ်လုပ်သည့် Vetri ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အဖြစ် စတင်ပွဲထွက်ခဲ့သည်။ ထို့နောက် ၎င်း၏ဖခင်ဖြစ်သူ အက်စ် အေ ချန်ဒရာဆေခရန် ရိုက်ကူးသည့် Kudumbam (၁၉၈၄)၊ Naan Sigappu Manithan (၁၉၈၅)၊ Vasantha Raagam (၁၉၈၆)၊ Sattam Oru Vilayaattu (၁၉၈၇) နှင့် Ithu Engal Neethi(၁၉၈၈) ဇာတ်ကားများတွင် ဆက်လက်သရုပ်ဆောင်ခဲ့သည်။[]၁၉၉၂ ခုနှစ်၊ အသက် ၁၈ နှစ်အရွယ်တွင် Naalaiya Theerpu ဇာတ်ကား၌ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် ရုံတင်ဝင်ငွေ မကောင်းခဲ့သည့်အပြင် ဗီဂျေး၏ ရုပ်ရည်နှင့် သရုပ်ဆောင်ချက်များအပေါ် ပြင်းထန်သော ဝေဖန်မှုများ ခံခဲ့ရသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ ချန်ဒရာဆေခရန်သည် ဗီဂျေးကို ထိုစဉ်က အောင်မြင်ကျော်ကြားနေသည့် မင်းသားကြီး ဝီဂျေးယားကန့် (Vijayakanth) နှင့် တွဲဖက်ကာ Senthoorapandi (၁၉၉၃) ဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးခဲ့သည်။ အဆိုပါဇာတ်ကားမှာ အောင်မြင်မှုရရှိခဲ့ပြီး ဗီဂျေးကို လူထုကြားတွင် ပိုမိုသိရှိလာစေခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရုံတင်ခဲ့သည့် Rasigan ဇာတ်ကားသည် ရုံတင်ရက်ပေါင်း ၁၇၅ ရက်ကျော်အထိ စံချိန်တင်ပြသနိုင်ခဲ့သည်။ ၎င်း၏ဖခင်ပင် ပြန်လည်ရိုက်ကူးသည့် ထိုဇာတ်ကားနောက်ပိုင်းတွင် ဗီဂျေးသည် "အီလာယာ သာလာပသီ" (Ilaya Thalapathy - တပ်မှူးငယ်) အဖြစ် လူသိများကျော်ကြားလာခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ချန်ဒရာဆေခရန် ရိုက်ကူးသည့် Deva ဇာတ်ကားမှာလည်း ရုံတင်ရက်ပေါင်း ၁၀၀ ပြည့်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။ ထို့နောက် ဗီဂျေးသည် မင်းသား အာဂျစ် ကူးမား (Ajith Kumar) နှင့် တွဲဖက်သရုပ်ဆောင်သည့် Rajavin ParvaiyileVishnu နှင့် အချစ်ဒရာမာဇာတ်ကားဖြစ်သော Chandralekha တို့တွင် ဆက်လက်ပါဝင်ခဲ့သည်။ဤသို့ဖြင့် တမီးလ်ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။[]

နိုင်ငံရေး လုပ်ဆောင်မှုများ

[ပြင်ဆင်ရန်]

ဗီဂျေးသည် ၂၀၀၉ ခုနှစ်တွင် ၎င်း၏ လူမှုရေးနှင့် နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်သော "ဗီဂျေး ပြည်သူ့အဖွဲ့ချုပ်" (Vijay Makkal Iyakkam - VMI) ကို စတင်တည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် တမီးလ်နာဒူး ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွင် AIADMK ဦးဆောင်သော မဟာမိတ်အဖွဲ့ကို ထောက်ခံအားပေးခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုအစိုးရမှ အတည်ပြုခဲ့သော နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်အက်ဥပဒေ (CAA) သည် နိုင်ငံအတွင်းရှိ လူမှုရေးနှင့် ဘာသာရေး သဟဇာတဖြစ်မှုကို ပျက်ပြားစေနိုင်သည်ဟုဆိုကာ ၎င်းအား ဆန့်ကျင်ကြောင်း သဘောထားထုတ်ဖော်ခဲ့သည်။၎င်း၏ အဖွဲ့ချုပ်ဝင်များသည် ၂၀၂၂ ခုနှစ် တမီးလ်နာဒူး ဒေသန္တရရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမတ်နေရာ ၁၁၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗီဂျေးသည် "တမီးလ်လက်ဂါ ဗက်ထရီ ကာဇာဂမ်" (Tamilaga Vettri Kazhagam - TVK) အမည်ရှိ နိုင်ငံရေးပါတီအသစ်ကို တည်ထောင်ကြောင်း တရားဝင်ကြေညာခဲ့သည်။[၁၀]

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကာရူရ်မြို့၌ ပြုလုပ်သော ဗီဂျေး၏ နိုင်ငံရေးဟောပြောပွဲတွင် လူအုပ်ပိတ်မိတိုးဝှေ့မှုကြောင့် လူပေါင်း ၄၁ ဦး သေဆုံးခဲ့သည်။ ၎င်းသည် သေဆုံးသူများအတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုများအတွက် နစ်နာကြေးများ ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ထိုဖြစ်ရပ်ကြောင့် ပါတီ၏ အကြီးတန်းတာဝန်ရှိသူ (၃)ဦး ဖမ်းဆီးခံခဲ့ရသည်။[၁၁]

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ပြီးနောက် NDTV နှင့် ပထမဆုံးပြုလုပ်သည့် အင်တာဗျူးတွင် ၎င်း၏ စံပြပုဂ္ဂိုလ်များမှာ M. G. Ramachandran၊ J. Jayalalithaa နှင့် M. Karunanidhi တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁၂]

တမီးလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် (၂၀၂၆–လက်ရှိ)

[ပြင်ဆင်ရန်]

ဗီဂျေးသည် ၂၀၂၆ ခုနှစ် တမီးလ်နာဒူး ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွင် ၎င်း၏ TVK ပါတီကို ဦးဆောင်ကာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် ပဲရမ်ဘူရ် (Perambur) နှင့် ထရီချီ အရှေ့ပိုင်း (Trichy East) ဟူသော မဲဆန္ဒနယ်နှစ်ခုစလုံးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် ထရီချီ အရှေ့ပိုင်းအမတ်နေရာမှ နုတ်ထွက်ကာ ပဲရမ်ဘူရ်အမတ်နေရာကိုသာ ဆက်လက်ရယူခဲ့သည်။မဲဆွယ်စည်းရုံးရေးကာလအတွင်း ၎င်းသည် ပြည်နယ်တစ်ဝန်း လူထုတွေ့ဆုံပွဲများနှင့် စည်းရုံးရေးခရီးစဉ်များကို ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေး၊ လူမှုဖူလုံရေးစီမံကိန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ မူဝါဒများကို ချပြခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင် TVK ပါတီသည် ပြည်နယ်လွှတ်တော်အတွင်း အမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ်လာခဲ့သည်။[၁၃]

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ဗီဂျေးသည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံကာ အစိုးရဖွဲ့ရန် လိုအပ်သော အမတ်ဦးရေရှိကြောင်း တရားဝင်အဆိုပြုလွှာ တင်သွင်းခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးက ပါတီ၏ အမတ်ဦးရေအသာစီးရမှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် မေလ ၇ ရက်နေ့တွင် ဗီဂျေးအား အစိုးရဖွဲ့ရန် ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ဤဖြစ်ရပ်သည် လွှတ်တော်တွင်း ထောက်ခံမှုစစ်ဆေးခြင်းနှင့် အစိုးရဖွဲ့ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ထုံးလုပ်နည်းများအပေါ် ငြင်းခုံဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။နောက်ဆုံးတွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့၌ ဗီဂျေးသည် တမီးလ်နာဒူးပြည်နယ်၏ (၉) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုခဲ့သည်။ ၎င်းသည် ဆယ်စုနှစ် ၆ ခုကြာ ဒြာဗီးဒီးယန်းပါတီကြီးနှစ်ခု၏ အလှည့်ကျအုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ပြည်နယ်အတွက် "အစပြုခြင်းအသစ်" ကို ကတိပြုခဲ့သည်။ ၎င်းသည် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီနှင့် မဟာမိတ်ဖွဲ့ကာ အစိုးရကို ဦးဆောင်မည်ဖြစ်ပြီး VCK၊ CPI၊ CPI(M) နှင့် IUML ပါတီများက ပြင်ပမှ ထောက်ခံအားပေးကြမည်ဖြစ်သည်။[၁၄]



ကိုးကား

[ပြင်ဆင်ရန်]
  1. Vijay, Tamil Nadu election results 2026: Film star takes oath as chief minister (in en-GB) (2026-05-10)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  2. Menon၊ Balaram (2026-05-10)။ Joseph Vijay becomes Tamil Nadu CM in landmark political shift (in en)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  3. Jesudasan၊ Dennis S.။ "TVK's Vijay sworn in as Tamil Nadu CM" (in en-IN)၊ The Hindu၊ 2026-05-10။
  4. Vijay, Tamil Nadu election results 2026: How a film star won in the Indian state (in en-GB) (2026-05-05)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  5. "Happy birthday Thalapathy! Check out some rare images of the Vijay"၊ 22 June 2021။
  6. Manoj Kumar R။ "'Thalapathy' Vijay, the last superstar of Tamil box office"၊ 24 June 2022။
  7. "Top actors who studied in Loyola college"၊ 22 May 2023။
  8. Manmadhan၊ Prema။ "Style of his own"၊ 23 November 2007။
  9. "Vijay explains how dad SA Chandrasekar used Vijayakanth's popularity to launch him in Sendhoorapandi, watch throwback video"၊ Indianexpress
  10. Charan၊ N. Sai။ "How Vijay built a grassroots base even before launching TVK" (in en-IN)၊ The Hindu၊ 2026-05-05။
  11. ■ နာမည်ကျော်တမီးလ်သရုပ်ဆောင် ဗီဂျေး၏ မဲဆွယ်ပွဲတွင် လူတိုးဝှေ့မှုဖြစ်ခဲ့ရာ ၃၆ ဦးသေဆုံး (in my)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  12. Kollywood၊ Only (2026-01-31)။ Vijay interview NDTV: Actor-Politician opens up on Jana Nayagan censor row and Karur stampede (in en-US)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  13. ■ ရုပ်ရှင်မင်းသား ဗီဂျေး၏ပါတီ တမီးလ်နာဒူပြည်နယ် ရွေးကောက်ပွဲတွင် အင်အားအကောင်းဆုံးပါတီဖြစ်လာ (in my)။ 2026-05-10 တွင် ပြန်စစ်ပြီး။
  14. အိန္ဒိယတွင် နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဗီဂျေးက တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို (in my)။ 2026-05-10 တွင် ပြန်စစ်ပြီး။