ဗာခ်ဂျေ၊ အက်(စ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗာခ်ဂျေ၊ အက်(စ) (ခရစ် ၁၆၈၅-၁၇၅ဝ)[ပြင်ဆင်ရန်]

ယိုဟန်းဆီဗတ်စတီယန် ဗာခ်သည် ဂျာမန်ဂီတဆရာကြီး များအနက် အဦးဆုံး ထင်ရှားသူဖြစ်သည်။သူ့နောက် ပေါ်ထွက် လာခဲ့ကြသော ကမ္ဘာကျော် ဂီတဆရာကြီးများ ဖြစ်ကြသည့် မိုးဇတ်၊ ဗေးထိုးဗင်၊ မင်ဒယ်ဇုန်၊ ရှူးမန်း၊ ရှိုပင်၊ ဗားဂနား စသည်တို့သည် ဗာခ်၏ ဂီတသီချင်းများကို ကြားနာရသဖြင့် စိတ်အားထက်သန်ကာ တိုးတက်လာကြသူများ ဖြစ်သည်။ ဗာခ်ကို ၁၆၈၅ ခုနှစ် မတ်လ ၂၁ ရကနေ့တွင် ဂျာမနီနိုင်ငံ၊ သူရင်းဂျီယာပြည်နယ် အိုက်ဇနတ်မြို့၌ ဖွားမြင်လေသည်။

ဗာခ်တို့၏မျိုးရိုးသည် အနှစ် ၂ဝဝ အတွင်းတွင် အရေးပါသည့် ဂီတဖက်ဆိုင်ရာ ပုဂ္ဂိုလ်ကျော်များဖြစ်၏။ ဗာခ်အသက် ၁ဝ နှစ် မပြည့်မီပင် မိဘနှစ်ပါး ကွယ်လွန်ခဲ့လေသည်။ ထိုကြောင့် ဗာခ် သည် သူ့အစ်ကိုအကြီးဆုံး ယိုဟန်းခရစ်စတော့ထံတွင် နေထိုင် ခဲ့ရ၏။ သူ့အစ်ကိုက ဗာခ်အား ကလာဗီခေါ့နှင့် ဟာပဆီခေါ့ တို့ကို အတီးသင်ပေးလေသည်။

အသက် ၁၅ နှစ်အရွယ် ၁၇ဝဝ ပြည့်နှစ်တွင် ပထမဦးစွာ အဆိုတော်အဖြစ်ဖြင့်လည်းကောင်း၊ ထိုနောက် တရောဆရာ အဖြစ်ဖြင့်လည်းကောင်း လူနီဗတ်မြို့ရှိ စိန်မိုက်ကယ် ဘုရား ရှိခိုးကျောင်းတွင် လုပ်ကိုင်ကာ အသက်မွေးမှုကို စတင်ခဲ့လေ သည်။ ထိုနောက် ဗိုင်းမားမြို့ရှိ ဘုရင့်ဘုရားရှိခိုးကျောင်း တီးဝိုင်းအဖွဲ့တွင် တရောဆရာအဖြစ် လုပ်ကိုင်ခဲ့၏။ ၁၇ဝ၇ ခုနှစ်တွင် ဩဂင်စန္ဒယားတီးဆရာ ဖြစ်လာလေသည်။ ထိုနှစ် တွင်ပင် သူ၏နှမဝမ်းကွဲ မာရီယာ ဗာဗရာဗာခ်နှင့် လက်ထပ် လိုက်၏။ ၁၇ဝ၈ ခုနှစ်တွင် ဗိုင်းမားတွင် နန်းတွင်းဩဂင်စန္ဒား ဆရာအဖြစ်လည်းကောင်း၊ ထိုနောက် နန်းတွင်းကပွဲဆရာအဖြစ် ဖြင့် လည်းကောင်း လုပ်ကိုင်ခဲ့လေသည်။ ကောက်ထင်းမြို့ လီယိုပိုမင်းသားထံတွင်လည်း နန်းတွင်းကပွဲဆရာအဖြစ်ဖြင့်ပင် အမှုထမ်းခဲ့သေး၏။ ၁၇၂ဝ ပြည့်နှစ်တွင် ဇနီးသည် ကွယ်လွန် ခဲ့၍ နောင်တစ်နှစ်၌ အင်နာမော့ဒယ်လီနာဗူကန် ဆိုသူနှင့် နောက်အိမ်ထောင်ပြုလိုက်လေသည်။ ထိုဇနီးသည်၏ နာမည်မှာ သူ့အတွက် စပ်ထားခဲ့သော သီချင်းများကြောင့် ယခုတိုင် မပျောက်ကွယ်ဘဲ ရှိနေခဲ့သည်။

၁၇၂၃ ခုနှစ်မှစ၍ လိုက်ပဆစ်မြို့ရှိ စိန်တောမတ်ဘုရား ရှိခိုးကျောင်း တူရိယာမှူးအဖြစ်ဖြင့်လည်းကောင်း၊ တက္ကသိုလ် ဂီတ ဒါရိုက်တာအဖြစ်လည်းကောင်း အနိစ္စရောက်သည်အထိ ဆောင်ရွက်ခဲ့လေသည်။ ယင်းသို့ အမှုထမ်းယင်း သူ၏ထူးခြား သော ဂီတသီချင်းများကို စပ်ဆိုခဲ့၏။ ၁၇၃၆ ခုနှစ်တွင် ဂုဏ်ထူးဆောင်နန်းတွင်း သီချင်းရေးဆရာအဖြစ် ခန့်ထားခြင်း ခံရလေသည်။ ၁၇၄၇ ခုနှစ်တွင် ပရပ်ရှားဘုရင် ဖရက်ဒရစ်- သ-ဂရိတ်ကို ပို့စဒမ်မြို့တွင် သွားရောက်တွေ့ဆုံခဲ့၏။ ဘုရင် ဖရက်ဒရစ်၏အကြံပေးချက်အရ ဗာခ်သည် ဂီတလက်ဆောင် ကို ရေးသားခဲ့လေသည်။

ဗာခ်သည် ငယ်စဉ်ကပင် အစ်ကိုဖြစ်သူ၏ ဂီတဆိုင်ရာ စာများကို ညဉ့်အခါ လရောင်အောက်၌ ခိုး၍ ကူးယူရသည့် ဒဏ်ကြောင့် အသက်ရလာသောအခါ မျက်စိမွဲလာ၍၊ နောက် ဆုံးတွင် လုံးဝကွယ်သွားလေသည်။ ယင်းသို့ မျက်စိအလင်း မရသော်လည်း သီချင်းရေးစပ်ခြင်းကိုမူ လက်မလျှော့ခဲ့ပေ။ သူကနှုတ်ဖြင့် စပ်ဆိုပေး၍ တစ်ဦးအား လိုက်၍ ရေးစေ၏။ ဗာခ်သည် တစ်သက်လုံးပင် ဂီတကို လိုက်စားခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ရသည်။ ငယ်စဉ်ကပင် ထိုခေတ်က ဂီတပညာ သည် အကျော်အမော်တို့ တီးမှုတ်ရာသို့ မိုင်ပေါင်းများစွာ ခြေလျင်သွားကာ နားထောင်ခဲ့လေသည်။ ဗာခ်သည် ခလုပ်နှိပ် တူရိယာကို လက်ငါးချောင်းလုံးဖြင့် ပထမဦးဆုံး အတီးသင် သူတစ်ယောက် ဖြစ်၏။

အသက်ထင်ရှားရှိစဉ်က ဗာခ်သည် ဩဂင်စန္ဒယားတီး ကောင်းသူတစ်ယောက်အဖြစ် ပိုမိုကျော်စောခဲ့၍ သီချင်းရေး ဆရာတစ်ယောက်အဖြစ်ကား လူသိမများလှပေ။ သူကွယ် လွန်ပြီးနောက် အနှစ် ၁ဝဝ ကျော်ကြာမှပင် သူ၏သီချင်း များကို အများအပြား ပုံနှိပ်ထုတ်ဝေကာ၊ သဘောပေါက် နားလည် နှစ်သက်စွဲမက်ကြသူလည်း များလာ၏။ ထိုကြောင့် ဗာခ်ကို ရှေးသီချင်းရေးဆရာများကလည်း လိုက်မမှီအောင် ကောင်းမွန်သည့် သီချင်းရေးဆရာတစ်ဦးအဖြစ် ဖော်ပြကြလေ သည်။ ယခုခေတ်ထင်ရှားလှသည့် ဂီတစာဆိုများကပင်လျှင် ဗာခ်၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုကြရ၏။

ဗာခ်သည် လိုက်ပဆစ်မြို့၌ ၁၇၅ဝ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ဗာခ်တွင် ပထမဇနီးနှင့် သားသမီး ၇ ယောက်၊ ဒုတိယဇနီးနှင့် ၁၃ ယောက်ပေါင်း သားသမီး ၂ဝ မွေးဖွားခဲ့ရာ၊ ဂီတဘက်တွင် ထင်ရှားသူများပင် ဖြစ်၏။ ယင်း တို့အနက် အထူးချွန်ဆုံးနှင့် အထင်ရှားဆုံးဖြစ်သူမှာကား ဖိလစ်အီမန်နျူယယ်ဗာခ်ဆိုသူဖြစ်၍ ဗာခ်၏ တတိယသားပင် ဖြစ်၏။ ဗာခ်၏ မွေးဖွားရာနေအိမ်ကို ယခုအခါ ဗာခ်ပြတိုက် အဖြစ် ပြုလုပ်ထားကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )