ဗယ်ရီ ဗယ်ရီ
စားသောက်သော အစာတို့တွင် ဗီတာမင်ဘီ-၁ ခေါ် ဩဇာဓာတ်တစ်မျိုး မပါ၍၎င်း၊ ပါသင့်သလောက် မပါ၍၎င်း အာရုံကြောများ ရောင်ရမ်းလာကာ ကြွက်သားများနှင့် နှလုံးသားများ အားယုတ်လာ တတ်သော ရောဂါမျိုးကို ဗယ်ရီ ဗယ်ရီ ရောဂါဟုခေါ်သည်။
ဗယ်ရီ ဗယ်ရီ ဟူသော စကားလုံးသည် သီဟိုဠ်ဘာသာ စကားဖြစ်၍ မလုပ်နိုင် ဟု အဓိပ္ပာယ်ရသည်။ ဗယ်ရီ ဗယ်ရီ ရောဂါရှိသူသည် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင် မကိုင်နိုင်သောကြောင့် ဖြစ်သည်။ ယင်းရောဂါကို မြန်မာတို့ အလိုအားဖြင့် ထုန်ရောဂါ (ထုန်နာ) ဟုခေါ်သည်။(ထုံနာဟုလည်း တွေ့ရ) ဗယ်ရီ ဗယ်ရီရောဂါကို ၄ မျိုး ၄ စား ခွဲခြားနိုင်သည်။
ပထမ ၃ မျိုးမှာ လက္ခဏာများကိုလိုက်၍ ခေါ်ဝေါ်ခြင်းဖြစ်ပြီး လျှင် စတုတ္ထအမျိုးမှာ ကလေးများ၌ တွေ့ရသဖြင့် သူငယ်နာ တစ်မျိုးဟု ခေါ်နိုင်သည်။ ယင်းတို့မှာ (၁) ဝက်၊ သို့မဟုတ် ဒရော့ပစစ်ကယ် ဗယ်ရီ ဗယ်ရီ (မြန်မာအလိုအားဖြင့် ထုန်စိုနာ)(ထုံနာစိုဟုလည်း တွေ့ရ)၊ (၂) ဒရိုင်း၊ သို့မဟုတ် ပါရာလိုက်တစ် ဗယ်ရီဗယ်ရီ (မြန်မာ အလိုအားဖြင့် ထုန်ခြောက်နာ)(ထုံနာခြောက်ဟုလည်း)၊ (၃) အကျု၊ သို့မဟုတ် ဖာလမီနိတ်တင်း ဗယ်ရီဗယ်ရီ (မြန်မာအလိုအားဖြင့် ထုန်ရှပ်နာ)၊ (၄) အင်ဖင်တိုင် ဗယ်ရီဗယ်ရီ (ကလေး ထုန် ရောဂါ)တို့ ဖြစ်သည်။
ဝက်ဗယ်ရီဗယ်ရီခေါ် ထုန်စိုနာ ဖြစ်လာသောအခါ
- အစားအသောက်ပျက်ခြင်း၊
- ရင်ပြည့်ရင်ကယ်ခြင်း၊
- အသားအရေများ ကွက်ကွက်၍ယားခြင်း၊
- ပူခြင်း၊ ကျဉ်ခြင်း၊
- အရေပြား၌ ကွက်၍ကွက်၍ ဟိုတစ်ကွက် သည်တစ်ကွက် ပိုမိုနာကျဉ်ခြင်း၊
- ခြေသလုံး ကြွက်သားများနာခြင်း၊ ပထမ၌ ဒူးခေါင်း၏ တုံ့ပြန်
- ခြင်း ပိုမိုလာပြီး နောက်တွင် ပျောက်ကွယ်သွားခြင်း၊
- ခွန်အားဆုတ်ယုတ်ခြင်း၊
- ရင်တုန်ခြင်း၊ မောလွယ်ခြင်း၊
- ခြေဖမိုးနှင့် ခြေကျင်းဝတ်များ ဖောရောင်လာခြင်း၊
- မကြာမီ ခြေထောက်၊ ကိုယ်၊ မျက်နှာစသည် တစ်ကိုယ်လုံး တင်းမာရောင်ရမ်းလာခြင်း၊
- ဆီးနည်းလာခြင်း၊
- အလွန်အမင်း ရောင်ဖောလာသည့်အခါ အသက်ရှူကျပ်လာသဖြင့် မျက်နှာညိုပုပ်ပုပ်ဖြစ်လာခြင်း၊
- သွေးတိုးမြန်လာခြင်း၊
- အလွန်မောပန်းခြင်း၊
- လည်ပင်းသွေးကြောများ ထောင်လာခြင်း၊
- အိပ်ရာထဲမှမထနိုင် မလှုပ်နိုင်ဖြစ်လာခြင်းတို့ဖြစ်သည်။ ယင်းသို့ကိုယ်များ ရောင်ဖောလာသည်ကိုစွဲ၍လည်း ဘိန်းဗြဲကိုယ်ရောင် ရောဂါဟုလည်း ခေါ်ကြသေးသည်။
ဒရိုင်းဖယ်ရီဗယ်ရီခေါ် ထုန်ခြောက်နာ ဖြစ်လာသောအခါ ထုန်စိုနာကဲ့သို့ဖောရောင်ခြင်း မရှိဘဲ နဗ်ကြောများ လေပြတ်သည့် လက္ခဏာများ ထင်ရှားဖြစ်လာသည်။
- ညိုတံကျည်း၊ ခြေဖမိုး၊ ပေါင်အပြင်ဘက်၊ လက်ချောင်း ကလေးများနှင့် လက်ဖျံတို့၏ အရေပြားများ ထုံနေခြင်း၊
- ဖနောင့်အထက်ပထဝီအကြောကို ဖျစ်ညစ်လျှင် မနာကျဉ်ခြင်း၊
- ကြွက်သားများကိုနှိပ်လျှင် နာကျဉ်ခြင်း၊
- ဆောင့်ကြောင့် ထိုင်နေရာမှ လက်လွှတ်ထနိုင်ခြင်းငှာ မစွမ်းဘဲ လက်ဖြင့် တစ်စုံတစ်ရာကို ဆွဲမှထနိုင်ခြင်း၊
- ခြေလက်များ မထိန်းနိုင်ဘဲ တွဲကျခြင်း၊
- သွေးတိုးအားနည်းခြင်း၊
- အရေပြားအောက်ရှိ မြင်ရသော သွေးကြောများခုန်ခြင်း၊
- အရိုးပေါ်အရေတင်သော ရုပ်မျိုးဖြစ်ခြင်းတို့ဖြစ်တတ်သည်။
အကျုဗယ်ရီဗယ်ရီခေါ် ထုန်ရှပ်နာမျိုးကား အထူးအထွေ လက္ခဏာမရှိ၊ ထုန်စိုနာ၊ သို့မဟုတ် ထုန်ခြောက် တစ်ခုခု ဖြစ်နေစဉ် ရုတ်တရက် ရှောင်တခင် နှလုံးရပ်၍ သေဆုံး တတ်သော ရောဂါမျိုးဖြစ်သည်။
အင်ဖင်တိုင် ဗယ်ရီဗယ်ရီခေါ် ကလေးထုန်ရောဂါသည် ၂ လမှ ၄ လခန့်ကလေးများတွင် ဖြစ်တတ် သည်။ အမိ၌ ဗိတာမင် ဘီ-၁ ဓာတ် အလွန်မည်းပါးသောကြောင့် ကလေး၌ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ယင်းရောဂါ ဖြစ်ပေါ်လာသောအခါ
- ဝမ်းလျှောခြင်း၊
- ပျို့အန်ခြင်း၊
- အောကြောဆွဲခြင်း၊
- တက်ခြင်းတို့ဖြစ်လာတတ်သည်။
ဗယ်ရီဗယ်ရီ ရောဂါသည် လမည်မျှလောက်ကစ၍ ရောဂါ ပျိုးသည်ကို အတိအကျ ကန့်သတ်၍ မဖြစ်ချေ။ လူ၏ ခံနိုင် ရည် သဘာဝကိုလိုက်၍ သီတင်း ၂ ပတ်လောက်မှ ၆ လ အတွင်းတွင် ပေါ်ပေါက်လာတတ်သည်။ ထုန်ခြောက်နာသည် တဖြည်းဖြည်း ပေါ်လာတတ်၍ ထုန်စိုနာမှာ မြန်မြန်ပေါ်လာ တတ်သည်။ ထုန်ရှပ်နာမူကား အလွန်မြန်သဖြင့် တစ်ခါတစ်ရံ နာရီပိုင်းအတွင်း၌ပင် လူနာသေဆုံးတတ်သည်။
ဗယ်ရီဗယ်ရီ ရောဂါသည် အိန္ဒိယ၊ မြန်မာ၊ ဂျပန်၊ တရုတ်၊ အာဖရိကနှင့် အခြားဆန်စားသော နိုင်ငံများတွင် အများအာဖြင့် ဖြစ်တတ်သည်။ လူကြီးလူငယ်ယောက်ျား မိန်းမမရွေး ဖြစ်တတ် ကြသော်လည်း လူကြီးပိုင်းတွင် ပိုမိုဖြစ်တတ်သည်။ ဗယ်ရီ ဗယ်ရီ ရောဂါဖြင့် တစ်နှစ်လျှင် လူပေါင်း ၁ဝဝဝဝဝ ခန့် အသက်ဆုံးရှုံးရ၍ လူသန်းပေါင်းများစွာ ဝေဒနာခံစားနေရ ပြီးလျှင် သန်းပေါင်းများစွာတို့မှာ ရောဂါစဖြစ်၍ ကျန်းမာသည်ဟူ၍ မရှိဘဲ မအီမလည် ဖြစ်နေကြရသည်။
၁၈၈၇ ခုနှစ်မှစ၍ ဒတ်ချ်လူမျိုးဆရာဝန် ဒေါက်တာ အိတ်ကမင်းက ဗယ်ရီဗယ်ရီရောဂါ ဖြစ်ပေါ်ခြင်းအရင်း အမြစ်ကို ရှာဖွေတွေ့ရှိသည်။ ဆေးရုံဝင်းအတွင်း၌ လူနာများ စွန့်ပစ်ထားသော ထမင်းကျန်များကို စားသောက်နေသည့် ခိုငှက်များသည် မကြာမီ ဗယ်ရီဗယ်ရီရောဂါ စွဲကပ်လာ၍ ယင်းတို့အားကောင်းစွာ မကြိတ်ရသေးသော ဆန်လုံးတီးများ ကျွေးသည့်အခါ၊ တဖြည်းဖြည်း ပြန်လည်ကောင်းမွန် လာသည်ကို တွေ့ရသည်။ ဆန်တွင် ဗိတာမင် ဘီ-၁ ခေါ် သိုက်ယာမင်ဩဇာဓာတ် ပေါများစွာပါသော်လည်း ဆန်ကို ဖြူစင်အောင်ဖွပ်ပြီးမှ စားကြသောကြောင့် ဖြစ်သည်။ ဆန်ကို ဖွပ်လိုက်သောအခါ သိုက်ယာမင်ဓာတ်များစွာ စုဝေးနေရာအပင် ဖြစ်မည့် အတက်ကလေးနှင့် စကူတယ်လမ်းခေါ်သော အလွှာ ဖွဲနုစသည်တို့ပြုတ်ထွက် ပွန်းပဲ့သွားကုန်သဖြင့်တကြောင်း၊ ဆန်ကို ရေဖြင့် စင်အောင်ဆေးပြီး နောက်ချက်၍ ထမင်းရည်ကို ငှဲ့ပစ်သဖြင့် သိုက်ယာမင်ဓာတ် ဆုံးပါးသောကြောင့်တကြောင်း အာဟာရချို့တဲ့၍ ဗယ်ရီဗယ်ရီရောဂါ ဖြစ်တတ်သည်။ ထို့ကြောင့် ဗယ်ရီဗယ်ရီ ရောဂါမှ ကာကွယ်ရန်၊ သို့မဟုတ် ပျောက်ကင်းရန် ဆန်လုံးတီး၊ ပဲပင်ပေါက်၊ အပင် ဖောက်ပြီး ကုလားပဲ၊ ပေါင်မုန့်၊ ဟင်းသီးဟင်း ရွက်စိမ်း၊ ခရမ်းချဉ်သီး၊ ပဲမျိုးစုံ၊ ကြက်ဥ၊ မလိုင်၊ ထန်းရည်ချို စသည်တို့ကို ချင့်ချိန်၍ ရင်မကယ်အောင် စားသောက်ရသည်။ မြန်မာနိုင်ငံ၌ဖြစ်သော ပုဂံပုန်းရည်ကြီးလည်း ဗယ်ရီဗယ်ရီ ရောဂါကာကွယ်ရန်အတွက် သင့်လျော်သည်။
ဗီတာမင် ဘီ-၁ ခေါ် သိုက်ယာမင်ဓာတ် ဖိကျွေးခြင်းဖြင့် ဗယ်ရီဗယ်ရီရောဂါ သက်သာရာ ရနိုင်သော်လည်း ရောဂါရှင်းရှင်း ပျောက်စေရန် ကြာရှည်စွာ ကုမှရသည်။ ရောဂါသက်သာပြီးနောက် အခြားသော ဗီတာမင်နှင့် ပရိုတင်းဓာတ်ပေါသော အစားအစာကို မှီဝဲစေရသည်။ ရောဂါရင့်နေလျှင်ကား ရှင်းရှင်း မပျောက်နိုင်ဘဲ ရှိတတ်ချေသည်။