ဗန္ဓနမောက္ခဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကကနိပါတ် - ၁၂။ ဟံစိဝဂ် -၁၂၀ - ဗန္ဓနမောက္ခဇာတ်။ ။ မင်းကြီး စစ်တိုက်သွားသဖြင့် တန်တော် မင်းချင်း ခြောက်ဆယ့်လေးယောက်နှင့် ဖောက်ပြားသော မိဖုရားအကြောင်း
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]စွပ်စွဲယုတ်မာ စိဉ္စမာ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် စိဉ္စမာနဝိကာသည် မြတ်စွာဘုရားအား မဟုတ်မမှန် စွပ်စွဲလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ... စိဉ္စမာနဝိကာသည် ယခုအခါ၌သာ ငါဘုရားကို မဟုတ်မမှန် စွပ်စွဲသည်မဟုတ်၊ ရှေးအခါ၌လည်း စွပ်စွဲဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
[ပစ္စုပ္ပန်ဝတ္ထုအကျယ်ကား ဒွါဒသနိပါတ် မဟာပဒုမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။]
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ကိလေစွမ်းဖြင့် အကြည့်လင့်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုရောဟိတ်ပုဏ္ဏား၏ သားဖြစ်၍ အရွယ်ရောက်လျှင် အဖကွယ်လွန်သဖြင့် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားပင် ဖြစ်လေ၏။
ထိုအခါ မင်းကြီးသည် မိဖုရားကြီးအား “အရှင်မိဖုရား ... လိုရာဝတ္ထုကိုပြောပါလော့” ဟု ဆုပေးလေ၏။ မိဖုရားကြီးလည်း “မြတ်သောမင်းကြီး ... အကျွန်ုပ်အား ရခဲသော ဝတ္ထုမည်သည်မရှိပါ၊ ယနေ့မှစ၍ အရှင်မင်းကြီးသည် အကျွန်ုပ်မှတစ်ပါးသော မိန်းမတို့ကို ကိလေသာရာဂ၏ အစွမ်းဖြင့် မကြည့်တော့ပါဟူသော ဆုကိုပေးပါ” ဟု တောင်းလေ၏။
မင်းကြီးလည်း ထိုဆုကို ပယ်လေ၏။ အကြိမ်ကြိမ်တောင်းနေသဖြင့် မိဖုရားကြီးကို မလွန်ဆန်နိုင်ရကား ပေးရလေ၏။ မင်းကြီးသည် ထိုနေ့မှစ၍ ကချေသည်မ တစ်သောင်းခြောက်ထောင်တို့အနက် ကချေသည်မ တစ်ယောက်ကိုမျှ ကိလေသာရာဂ၏ အစွမ်းဖြင့် မကြည့်တော့ပေ။
သူပုန်တိုက်ထွက် တမန်ဆက်
[ပြင်ဆင်ရန်]ပစ္စန္တရာဇ်ဝယ် သူခိုးတို့သည် လုယက်ဖျက်ဆီးကုန်၏။ မင်းကြီး စေလွှတ်လိုက်သော စစ်သည်သူရဲတို့လည်း သူခိုးတို့နှင့် နှစ်ကြိမ်၊ သုံးကြိမ် တိုက်ကြသော်လည်း မတတ်နိုင်သဖြင့် မင်းထံသို့ သဝဏ်လွှာ ဆက်ကပ်ကုန်၏။
မင်းကြီးလည်း ပစ္စန္တရာဇ်သို့သွား၍ စစ်သည်ဗိုလ်ပါတို့ကို စုရုံးပြီးလျှင် မိဖုရားကြီးကိုခေါ်စေ၍ “အရှင်မိဖုရားကြီး ... ငါသည် ပစ္စန္တရာဇ်သို့ စစ်တိုက်သွားရမည်၊ အရှုံးအနိုင်ကို မပြောနိုင်၊ စစ်တိုက်ရာ၌ မိန်းမလိုက်ရန်မသင့်၊ နေရစ်ခဲ့လော့” ဟု ဆိုလေ၏။ မိဖုရားကြီးလည်း “အရှင်မင်းကြီး မနေရစ်နိုင်ပါ၊ လိုက်လိုပါသည်” ဟု အကြိမ်ကြိမ် လျှောက်ထားလေ၏။ မင်းကြီးလည်း အကြိမ်ကြိမ် ပယ်တော်မူ၏။
ထိုအခါ မိဖုရားကြီးသည် “အရှင်မင်းကြီး နေရစ်ခဲ့ပါမည်၊ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး ချမ်းသာဆင်းရဲကို သိရအောင် တစ်ယူဇနာ၊ တစ်ယူဇနာ ရောက်တိုင်း၊ ရောက်တိုင်း တမန်တော်တစ်ယောက်ကို လွှတ်ပါ” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း “ကောင်းပြီ လွှတ်မည်” ဟု ဝန်ခံပြီးလျှင် ပုရောဟိတ်ပုဏ္ဏားအား မြို့တော်ကို အပ်နှင်းကာ မြို့စောင့်ခန့်၍ ပစ္စန္တရာဇ်သို့ သွားလေ၏။
မိဖုရားယုတ်မာ ဖောက်ပြန်ရာ
[ပြင်ဆင်ရန်]တစ်ယူဇနာခရီးသို့ရောက်လျှင် မိဖုရားကြီးထံ တမန်တော် တစ်ယောက်ကို လွှတ်လိုက်၏။ မိဖုရားကြီးသည် ထိုတမန်တော်နှင့် မသူတော်တို့အကျင့်ကို ကျင့်လေ၏။ နောက်လည်း တစ်ယူဇနာ တစ်ယောက်ကျစီ လွှတ်ရမည်ဖြစ်ရာ သုံးဆယ့်နှစ်ယူဇနာရှိသဖြင့် တမန်တော် သုံးဆယ့်နှစ်ယောက်ပြည့်အောင် အစဉ်အတိုင်း လွှတ်လေ၏။ မိဖုရားကြီးလည်း တမန်တော် သုံးဆယ့်နှစ်ယောက်လုံးနှင့်ပင် မသူတော်တို့ အကျင့်ကို ကျင့်လေ၏။
မင်းကြီးလည်း ပစ္စန္တရာဇ် သူခိုးရန် ငြိမ်းအေးစေပြီး၍ မြို့သို့အပြန်တွင်လည်း တစ်ယူဇနာ တစ်ယောက်ကျစီ တမန်တော် သုံးဆယ့်နှစ်ယောက်ပင် လွှတ်ပြန်၏။ မိဖုရားကြီးလည်း ထိုသုံးဆယ့်နှစ်ယောက်နှင့်လည်း မသူတော်တို့ အကျင့်ကို ကျင့်ပြန်၏။ မြို့တော်သို့ရောက်လျှင် ရုတ်တရက် မဝင်သေးဘဲ မြို့ပြင်တွင် အောင်တပ်တော်ချကာနေလျက် ပုရောဟိတ်ထံ မြို့တော်ကိုသုတ်သင်ရန် အမိန့်စာပို့စေ၏။
မိန်းမအလိုကျ သွေးဆောင်မရ
[ပြင်ဆင်ရန်]ပုရောဟိတ်လည်း အလုံးစုံသော မြို့တော်ကို သုတ်သင်ရှင်းလင်းပြီး၍ နန်းတော်ကို သုတ်သင်ရှင်းလင်းရာ - မိဖုရားကြီး အခန်းရောက်လျှင် မိဖုရားကြီးသည် တင့်တယ်စံပယ်သော ပုရောဟိတ်ကိုမြင်လျှင် ချုပ်တည်း၍မရ၊ ကိလေသာဖြင့် တိမ်းညွတ်သောစိတ်ရှိရကား -
“အို ပုဏ္ဏား ... ငါ့ အိပ်ရာသို့ တက်ပါ” ဟု ဆို၏။
“အရှင်မိဖုရား ... ဤသို့ မဆိုပါနှင့်၊ အကျွန်ုပ်သည် မင်းကြီးကိုလည်း ရိုသေလေးမြတ်ပါ၏။ အကုသိုလ်ကိုလည်း ကြောက်ပါ၏။ အကျွန်ုပ် မပြုဝံ့ပါ” ဟု လျှောက်လေလျှင် -
“ပုဏ္ဏား ... တမန်တော် ခြောက်ဆယ့်လေးယောက်တို့ကား မင်းကြီးကိုလည်း မရိုသေမလေးမြတ်ကြ၊ အကုသိုလ်ကိုလည်း မကြောက်ကြ၊ သင်တစ်ယောက်သာ မင်းကြီးကို ရိုသေလေးမြတ်သလော၊ အကုသိုလ်ကို ကြောက်သလော” ဟု ပြောလေ၏။
“အရှင်မိဖုရား ... မှန်ပါသည်၊ တမန်တော် ခြောက်ဆယ့်လေးယောက်တို့လည်း အကယ်၍ အသိအလိမ္မာရှိကြပါမူ ဤလိုအမှုမျိုးကို ပြုလုပ်ကြမည်မဟုတ်ပါ၊ အကျွန်ုပ်ကား အသိအလိမ္မာရှိပါလျက် ဤလိုအမှုမျိုးကို မပြုလုပ်ဝံ့ပါ” ဟု လျှောက်လေ၏။
“ပုဏ္ဏား ... သင်အဘယ်ကြောင့် စကားများများ ပြောနေသနည်း၊ ငါ့စကားကို နားမထောင်လျှင် သင့်ဦးခေါင်း ဖြတ်စေမည်” ဟု ဆိုလေသော်-
“အရှင်မိဖုရား ... တစ်ဘဝမှာ ဦးခေါင်းဖြတ်ခြင်းကို ထားပါဦး၊ ဘဝတစ်ထောင်မှာပင် ဦးခေါင်းဖြတ်စေတော့၊ ဤအမှုမျိုးကို မပြုလို” ဟု ရဲဝံ့စွာ လျှောက်ထားလေ၏။
မိဖုရားမာယာ မင်းကြီးညာ
[ပြင်ဆင်ရန်]မိဖုရားကြီးလည်း “သည်လိုဆိုလျှင် အကြောင်းကို သိစေမည်” ဟု ခြိမ်းခြောက်ပြီးလျှင် တိုက်ခန်းတွင်းသို့ ဝင်ကာ တစ်ကိုယ်လုံး လက်သည်းတို့ဖြင့် ကုတ်ဖဲ့၍ ဆီ၊ နနွင်း လိမ်းကျံပြီး အဝတ်နွမ်းတို့ကို ဝတ်လျက် မကျန်းမာဟန်ပြုကာ ကျွန်မတို့ကို ခေါ်၍ “ငါ့ကို မင်းကြီးမေးလျှင် မကျန်းမာကြောင်း လျှောက်ထားပါလေ” ဟု မှာထား၍ အိပ်ရာတွင် အိပ်လေ၏။
ပုရောဟိတ်လည်း မင်းကြီးအား ကြိုဆိုရန် သွားလေ၏။ မင်းကြီးလည်း မြို့ကို လက်ယာရစ်လှည့်ပြီးလျှင် နန်းတော်သို့ ဝင်၏။ မိဖုရားကြီးကို မမြင်၍မေးရာ၊ မကျန်းမာကြောင်း လျှောက်ထားကြသဖြင့် မိဖုရားကြီး အခန်းတွင်းသို့ ဝင်ကာ ကျောရိုးကို အသာအယာနှိပ်လျက် - “ရှင်မိဖုရား ... ဖြစ်သနည်း” ဟု မေးလေ၏။ မိဖုရားလည်း စကားပြန်၍မပြောဘဲ သုံးကြိမ်မေးသောအခါမှ မင်းကြီးကိုကြည့်လျက် -
“အရှင်မင်းကြီး ... အရှင်မင်းကြီးလည်း အသက်ရှင်လျက် ရှိသေး၏။ အကျွန်ုပ်လည်း လင်ရှိမိန်းမ မဟုတ်လော” ဟု လျှောက်ထား၏။
စဉ်းစားမဆင်ခြင် မင်းမာန်ဝင်
[ပြင်ဆင်ရန်]“အရှင်မိဖုရား ... အဘယ်ကြောင့် သည်စကားကိုပြောရသနည်း” ဟုမေးရာ “အရှင်မင်းကြီး ... အရှင်မင်းကြီးတို့ မြို့စောင့်ခန့်ခဲ့သော ပုရောဟိတ်ပုဏ္ဏားသည် နန်းတော်ကို သုတ်သင်ရှင်းလင်းရန်အလာတွင် သဘောမတူသော အကျွန်ုပ်အား အတင်းဗလက္ကာရ မတရားပြုကျင့်ပါသည်” ဟု မဟုတ်မမှန် စွပ်စွဲလျှောက်ထားလေ၏။
မင်းကြီးလည်း မစူးစမ်းမဆင်ခြင်ဘဲ မီးတွင်ထည့်သော ဆားကဲ့သို့ ပြင်းစွာအမျက်ထွက်၍ တဖျစ်ဖျစ်မြည်လျက် တိုက်ခန်းတွင်းမှ ထွက်ကာ မင်းချင်းတို့ကိုခေါ်စေ၍ “အချင်းတို့ ... အမြန်သွားကြကုန်၊ ပုရောဟိတ်ပုဏ္ဏားကို ဖမ်းဆီးတုပ်နှောင်၍ မြို့ပြင်သုသာန်ရှိ စဉ်းတီတုံးတွင် ဦးခေါင်းကို ဖြတ်ကြကုန်လော့” ဟု အမိန့်ပေးလေ၏။
မင်းကြီးရှေ့ဝင် လျှောက်ထားတင်
[ပြင်ဆင်ရန်]မင်းချင်းတို့လည်း ပုရောဟိတ်ပုဏ္ဏားကို လက်ပြန်ကြိုးတုတ်ချည်ကာ လူသတ်စည်ကို လည်စေကုန်၏။ ပုရောဟိတ်လည်း စင်စစ်မိဖုရားယုတ်သည် မင်းအား အလျင်ဦးအောင် ကုန်းတိုက်ပြီ၊ ရှိစေတော့၊ ငါသည် မိမိအစွမ်းဖြင့် ကိုယ်ကို လွတ်စေမည်ဟု ကြံစည်၍ မင်းချင်းတို့ကို “အချင်းတို့ ... သင်တို့ ငါ့ကိုသတ်လျှင် မင်းကြီးကိုပြပြီးမှ သတ်ကြပါ” ဟု ပြောလေ၏။ “ပုဏ္ဏား ... အဘယ်ကြောင့် ပြရမည်နည်း” ဟု မေး၏။ “အချင်းတို့ ... ငါကား မင်းကြီး အမှုကိစ္စကို ရွက်ဆောင်သူ ဖြစ်သည်၊ ငါ ရွက်ဆောင်သော အမှုကိစ္စမှာ များလှ၏။ ရွှေအိုးကြီးများစွာ မြှုပ်ရာအရပ်ကို သိသည်၊ မင်းကြီး၏ ဥစ္စာကို ငါပင် စီမံရသည်၊ မပြဘဲနှင့်သတ်လျှင်၊ ဥစ္စာများစွာ ဆုံးပါးလိမ့်မည်၊ မင်းကြီး၏ ဥစ္စာကို ပြောကြားပြီးမှ သတ်ကြပါ” ဟု ပြောလေ၏။ မင်းချင်းတို့လည်း ပုရောဟိတ်ကို မင်းကြီးအား ပြကြကုန်၏။
မင်းကြီးလည်း ပုရောဟိတ်ကို မြင်လျှင် -
“ အို ပုဏ္ဏား ... သင် အဘယ်ကြောင့် ငါ့ကို အရှက်ခွဲသနည်း၊ အဘယ်ကြောင့် ဤလို ယုတ်မာသောအမှုကို ပြုသနည်း” ဟု မေးလေ၏။
“အရှင်မင်းကြီး ... အကျွန်ုပ် ပုဏ္ဏားမျိုးဖြစ်သည်၊ သူ့အသက်ကို ပိုး၊ ရွ၊ ခြပုန်းမျှကိုပင် မသတ်စဖူးပါ၊ သူ့ဥစ္စာကို မြက်၊ ဝါးခြမ်းစိတ်မျှပင် မခိုးစဖူးပါ၊ သူတစ်ပါးမိန်းမကို လောဘ၏ အစွမ်းဖြင့် မကြည့်စဖူးပါ၊ ရယ်မြူးလို၍လည်း မုသားကို မဆိုစဖူးပါ၊ သမန်းမြက်ဖျားမျှလည်း ယစ်မျိုးကို မသောက်စဖူးပါ၊ အကျွန်ုပ်သည် အပြစ်မရှိပါ၊ မိဖုရားယုတ်သည် သူ့အလိုမပါ၍ သက်သက်စွပ်စွဲခြင်းသာ ဖြစ်ပါသည်၊ တန်တော် ခြောက်ဆယ့်လေးယောက်တို့၌သာ အပြစ်ရှိကြပါသည်၊ ၎င်းတို့ကိုခေါ်၍ သင်တို့ မိဖုရားခိုင်းတိုင်း ပြုကြသလော၊ မပြုကြသလောဟု မေးမြန်းတော်မူပါ” –
ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း တမန်တော်ခြောက်ဆယ့်လေးယောက်တို့ကို ခေါ်စေ၍ မေးမြန်းရာ ယုတ်မာသော အမှုကိုပြုကြောင်း ဟုတ်မှန်နေသဖြင့် ၎င်းတို့ကိုလည်း ဖမ်းဆီးတုတ်နှောင်ကာ ဦးခေါင်းကိုဖြတ်ရန် အမိန့်ပေးပြန်၏။
မင်းအားတရားပြ
[ပြင်ဆင်ရန်]ပုရောဟိတ်ပုဏ္ဏားလည်း “အရှင်မင်းကြီး ... တမန်တော်ခြောက်ဆယ့်လေးယောက်တို့လည်း အပြစ်မရှိကြပါ၊ မိဖုရားခိုင်း၍ ကြောက်သဖြင့် ပြုလုပ်ကြရသည်၊ သည်းခံတော်မူပါ” ဟု လျှောက်ရပြန်၏။ “ပြုလုပ်ရန်ခိုင်းသော မိဖုရားလည်း အပြစ်မရှိပါ။ မိန်းမတို့မည်သည်ကား မေထုန်အကျင့်ဖြင့် မရောင့်ရဲနိုင်ကုန်၊ မရောင့်ရဲနိုင်ခြင်းလည်း မိန်းမတို့ ဇာတိသဘောဖြစ်ပါသည်၊ သည်းခံတော်မူပါ” ဟု လျှောက်ရပြန်၏။ ဤသို့လျှင် အလုံးစုံသောသူတို့ကို အနှောင့်အဖွဲ့မှ လွတ်စေပြီးလျှင် မိမိတို့ ရမြဲတိုင်း ရာထူးကို ရစေ၍ မင်းကြီးသို့ ချဉ်းကပ်ကာ -
“မြတ်သောမင်းကြီး ... လူမိုက်တို့စကား တွင်ကျယ်သော နေရာ၌ မနှောင်ဖွဲ့သင့်သော သူတို့သည်လည်း အနှောင့်အဖွဲ့ ခံကြရကုန်၏။ လူလိမ္မာပညာရှိတို့စကား တွင်ကျယ်သောနေရာ၌ နှောင်ဖွဲ့ပြီးသော သူတို့သည်လည်း အနှောင့်အဖွဲ့မှ လွတ်မြောက်ကြရကုန်၏”
ဟု မင်းကြီးအား တရားဟော၍ ဆုံးမလေ၏။ နောက်တစ်ဖန် “အရှင်မင်းကြီး ... အကျွန်ုပ်ကား လူ့ဘောင်၌ နေသည့်အတွက် ဤကဲ့သို့သော ဆင်းရဲကို ခံစားရသည်၊ လူ့ဘောင်၌ မနေလိုတော့ပါ၊ အကျွန်ုပ်အား ရဟန်းပြုရန် ခွင့်ပြုတော်မူပါ” ဟု အခွင့်တောင်း၍ မျက်ရည်စက်လက်သော စည်းစိမ်ဥစ္စာကို လည်းကောင်း စွန့်ပယ်ကာ ရသေ့ ရဟန်းပြုရန် ခွင့်ပြုတော်မူပါ” ဟု အခွင့်တောင်း၍ မျက်ရည်စက်လက် နှင့်နေသော ဆွေမျိုးအပေါင်းတို့ကို လည်းကောင်း၊ များစွာသော စည်းစိမ်ဥစ္စာကို လည်းကောင်း စွန့်ပယ်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာတောသို့ ဝင်လေ၏။ မကြာမီ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မိဖုရားကြီးသည် - ယခုအခါ စိဉ္စမာနဝိကာ။
မင်းကြီးသည် - အာနန္ဒာ။
ပုရောဟိတ်သည် - ငါဘုရားဖြစ်လာပြီ -
ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မေထုန်ကျင့်လဲ၊ မရောင့်ရဲ၊ *မိညဲဓမ္မတာ။
(၂) မဖွဲ့သင့်သူ၊ နှောင်ဖွဲ့ဟူ၊ လူမိုက်တွင်ကျယ်ရာ။
(၃) နှောင်ဖွဲ့ပြီးလျှင်၊ လွတ်မြဲပင်၊ တွင်ကျယ်ပညဝါ။
ဗန္ဓနမောက္ခဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။