ဗညားဒလ (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အဂ္ဂမဟာသေနာပတိ
ဗညားဒလ
ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၅၅၉ – ၁၅၇၃
ဧကရာဇ် ဘုရင့်နောင်
ယခင်လူ ဗညားလော
ဆက်ခံသူ ဗညားလော
ဝန်ကြီး
တာဝန်သက်တမ်း
၁၅၅၅ – ၁၅၅၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွား ၁၅၁၈
ဟံသာဝတီ
ကွယ်လွန် c. စက်တင်ဘာ ၁၅၇၃ (အသက် ၅၄–၅၅)
ကမန်ပိုက်၊ အယုဒ္ဓယ၊ တောင်ငူအင်ပါယာ
ကျွမ်းကျင်မှု မှူးမတ်စစ်သူကြီး
ကိုးကွယ်သည့်ဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ တောင်ငူမင်းဆက်
တပ်/တပ်ဖွဲ့ခွဲ မြန်မာဘုရင့်တပ်မတော်
အမှုထမ်းကာလ ၁၅၄၀–၁၅၇၃
ရာထူး ဗိုလ်ချုပ် (၁၅၅၉–၁၅၇၃)
Commander (၁၅၅၅–၁၅၅၉)
တပ် တပ်မတော် နန္ဒဘုရင် (၁၅၅၇–၁၅၇၀)
တိုက်ပွဲ/စစ်ပွဲများ အင်းဝ (၁၅၅၄–၅၅)
ရှမ်းပဒေသရာဇ်နယ်များ (၁၅၅၇)
လန်န (၁၅၅၈)
မဏိပူရ (၁၅၆၀)
အယုဒ္ဓရ (၁၅၆၃–၆၄)]]
လန်ဆန်း (၁၅၆၅)
အယုဒ္ဓရ (၁၅၆၈–၆၉)
လန်ဆန်း (၁၅၆၉–၇၀)
လန်ဆန်း (၁၅၇၂–၇၃)

ဝန်ကြီး ဗိုလ်မှူး အဂ္ဂမဟာသေနာပတိ ဗညားဒလ (၁၅၁၈-၁၅၇၃) သည် ဘုရင့်နောင် လက်ထက်တွင် အထူးထင်ရှားသည့် မွန်မှူးမတ် စစ်သူကြီး တစ်ဦးဖြစ်သည်။ စစ်ရေး၊ နှုတ်ရေး၊ လက်ရေး အစွမ်းကောင်းသူဖြစ်သသည်။ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း‎ကို မွန်ပေမူမှ ပထမဆုံးသောမြန်မာပေမူအဖြစ် ဘာသာပြန်ဆိုသည်။[၁]

အမတ်ကြီး ဗညားဒလ (မြန်မာ ၈၈၀-၉၃၄ )[ပြင်ဆင်ရန်]

ဗညားဒလအမတ်ကြီးကား ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီး သီရိပဝရမဟာဓမ္မရာဇာဘွဲ့ခံ ဘုရင့်နောင်ကျော်ထင်နော်ရထာ၏လက်ရုံးသဖွယ်အားကိုးခဲ့ရသော အတိုင်ပင်ခံအမတ်ကြီးဖြစ်သည်။ ဒုတိယမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ရေးကာလစစ်ရေး၊နိုင်ငံရေး၊ ဘာသာရေးတို့တွင် သူ၏စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည်များကိုကား သိရှိသူနည်းပါးလှသည်။ သို့ရာတွင်သူရေးသားခဲ့သည့်ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၏စကားပြေစွမ်းရည်ကြောင့်အနှစ် (၄၂၆ ) ကျော်တိုင်ခဲ့ပြီဖြစ်သော်လည်း သူ၏မြန်မာစကားပြေအရေးအသားမှာ စံထားထိုက်သည့်အရေးအသားဟုပင် ပညာရှင်အများက အသိအမှတ်ပြုကြသည်။

မွန်ဝန်ကြီး အဂ္ဂမဟာသေနာပတိ ဗိုလ်ချုပ်ကြီးဗညားဒလသည် သူ့ဘဝတစ်လျှောက်အမှုတော်ထမ်းဆောင်သည်မှာ ကွယ်လွန်သည်အထိ စစ်ချီစစ်တက်စစ်တိုက်လျက်ပင် စစ်၏ဝန်းကျင်တွင် ကျင်လည်ခဲ့ရသူဖြစ်သည်။ သူကိုယ်တိုင်၏ ဗီဇကပင် စစ်နှင့်ပျော်မွေ့ဟန်တူ၏။ သူဖြတ်သန်းလာရသော ခေတ်ကိုကပင်စစ်ရေးဖြင့် နိုင်ငံကြီးကိုပြန်လည်တည်ဆောက်နေသော စစ်ကာလဖြစ်သည်။ ဤသို့သောကာလတွင် မွန်ဝန်ကြီးဗညားဒလသည် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ စစ်ပွဲကိုကိုယ်တိုင်ဆင်နွှဲနေသည့် စစ်သေနာပတိတဦးက ပြုစုရေးသားသည့်မွန်မြန်မာ အနှစ် (၄၀)တန်ခိုးပြိုင်ပွဲများကို ဖော်ပြသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မည်မျှအသက်ဝင်လှုပ်ရှား၍ မည်မျှပြောင်မြောက်မည်ကိုကား ဆိုဖွယ်ရာမရှိတော့ချေ ။

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည် ဗညားဒလ၏ကိုယ်ပိုင်ရေးကျမ်းကားမဟုတ်ချေ။ မွန်ဘာသာစကားပြေဖြင့်ရှေးဆရာများ (ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ခေတ်) ပြုစုရေးသားထားသော ဥပန္နသုဝဏ္ဏဘုမ္မိအာရမ်တကထာ၊ သုဓမ်မဝတီရာဇဝံသနှင့် သီဟရာဇာဓိရာဇဝံသ အမည်ရှိသည့်မွန်ရာဇဝင်ကျမ်း ပထမတွဲ၌ပါရှိသော မဂဒူးမင်းဆက်သက္ကရာဇ် ၆၄၃ မှအစ ရာဇာဓိရာဇ်အဆုံးသက္ကရာဇ် ၇၈၃ အထိ ကိုယ်ပိုင် စိတ်ကူးဥဏ် ကွန့်မြူးလျက် မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဗညားဒလသည် အရေးတော်ပုံကျမ်းပါနှစ် (၄၀) မွန်မြန်မာ တန်ခိုးပြိုင်ပွဲကြီးပြီးသည့်နှစ်ပေါင်း (၁၀ဝ)ကြာ သက္ကရာဇ် ၈၈၀ လောက်တွင် မှမွေးဖွားလာခဲ့သူဖြစ်သည်။ ဗညားဒလ မွေးဖွားကြီးပြင်းလာရာ သက္ကရာဇ် ၈၈၀ မှသည် ဘုရင့်နောင်ကျော်ထင်နော်ရထာထံမှစတင်ဝင်ရောက်အမှုတော်ထမ်းသည်ဟု ယူဆရသောသက္ကရာဇ် ၉၁၆ နှစ်အထိ နှစ်ပေါင်း (၂၇) နှစ်တာအတွင်း အိမ်နီးချင်းတိုင်းပြည်များမှာ စစ်မက်ရေးရာများရှုပ်ထွေးလှသောအချိန်ဖြစ်သည်။

အမတ်ကြီးဗညားဒလ ဖြတ်သန်းလာခဲ့ရသော (၂၇) နှစ်တာဘဝခရီးကိုကား သိမီသမျှအထောက်အထားများ ရှာဖွေသော်လည်း ရှားပါးလှ၏။ ဗညားဒလနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့သည် အသက်အရွယ်အားဖြင့် များစွာမကွာခြားလှပေ။ ဘုရင့်နောင်ကျော်ထင်နော်ရထာသည် သက္ကရာဇ် ၈၇၈ခုနှစ်တွင် ဖွားမြင်သဖြင့် ဗညားဒလထက် (၃)နှစ်မျှသာ ကြီးလေသည်။ သက်ကရာဇ် (၉၁၆)ခုနှစ် ဘုရင့်နောင် ဒုတိယအကြိမ် အင်းဝသို့ချီတတ်တိုက်ခိုက်သိမ်းပိုက်ရာတွင်ဗညားဒလမှာ ဘုရင့်နောင်ထံတွင် အမှုတော်ထမ်းရွက်နေပေပြီ၊။ စဉ့်ကူးမြို့ သိမ်းယူရေးတွင်လည်း မင်းတရားကြီး၏အမိန့်အရ ညီတော်သတိုးဓမ္မရာဇာ၊ ဗညားဒလော၊ ဗညားကျန်းတောတို့နှင့်အတူ ရေတပ်မတော်ကြီးကိုကွပ်ကဲတိုက်ပွဲဝင်နေသည့်တပ်မှူးတစ်ယောက်အဖြစ်ဖြင့်တွေ့ရသည်။ အမတ်ကြီးဗညာဒလသည် အသက် (၂၇)နှစ်အရွယ်တွင်ထင်ထင်ရှားရှား အဆင့်မြင့်မားစွာ ဘုရင့်နောင်ကျော်ထင်နော်ရထာထံတွင် သေနင်္ဂဗျူဟာအရာတွင် ကျွမ်းသည့် အခြားတပ်မှူးများနှင့် တန်းတူရည်တူ အမှူတော်ထမ်းရွက်နေသဖြင့် ဤအခြေသို့မရောက်မှီတစ်နေရာရာ စစ်မက်ရေးရာဘက်တွင် ထက်ထက်မြက်မြက် အမှုတော်ထမ်းရွက်ခဲ့သည်ဟု ယူဆဖွယ်ရှိသည်။ မင်းတရားရွှေထီး နှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့၏ တပ်များတွင်လည်းကောင်း ဗညားဒလအမည်ဖြင့်ပါဝင်အမှုတော်ထမ်းဆောင်ခဲ့သည့် အမှူးအမတ်၊ စစ်မှူးစစ်ကဲတို့၏အမည်ကိုကား မတွေ့ရချေ။ စစ်ချီတတ်ရာတွင် လည်းကောင်း၊ စစ်မှူးစစ်ကဲတို၏အမည်ကိုကားမတွေ့ရချေ။ သို့ရာတွင် မြန်မာဘုရင်များနှင့်စစ်ပြိုင်ဘက်ဖြစ်သည့် ဟံသာဝတီသုရှင်တကာရွက်ပိ နှင့် သမိန်စက်ကဝေါမွန်ဘုရင် နှစ်ပါးလက်ထက်တွင်မှု မြန်မာတပ်များကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့သည်။ မွန်တို့၏စစ်မှူး ဗညားဒလအမည်ကိုကား တွေ့မြင်ရလေသည်။

ဦးစွာပထမ အမတ်ကြီးဗညားဒလ၏အမည်ကို မွန်ဘုရင်သုရှင်တကာရွက်ပိလက်ထက်တွင် စတင်မြင်တွေ့ရသည်။ သုရှင်တကာရွက်ပိ၏ ကြည်းကြောင်းချီတပ်များကို လိုက်လံတိုက်ခိုက်သည့် ကျော်ထင်နော်ရထာနှင့် စစ်မှူးဗညားဒလ မင်းရဲအောင်နိုင်တို့ တပ်များနောင်ရိုးချောင်းတွင် တွေ့ ဆုံကာတိုက်ပွဲဖြစ်ပွားသည်။ မင်းရဲအောင်နိုင် ကျဆုံး၍ ဗညားဒလမှာလွတ်မြောက်သွားသည်ကိုတွေ့ရ၏။ ဒုတိယကြိမ် ဗညားဒလကို မင်းတရားရွှေထီး နှင့် ပြည်ရေတပ်တိုက်ပွဲ မြင်တွေ့ရပြန်သည်။ တတိယကြိမ်ကား မင်းတရားရွှေထီးလွန်၍ ဘုရင့်နောင်ကျော်ထင်အနော်ရထာ တော်ငူကိုပြန်လည်သိမ်းပိုက်ရန် ချီတတ်လာစဉ် ဟံသာဝတီမြို့ကိုရနေပြီဖြစ်သော သမိန်စက္ကဝေါကလွှတ်လိုက်သည့် ဗညားဒလနှင့် တွေ့ရလေသည်။ ဗညားဒလသည် ဘုရင့်နောင်မိမိတို့ဟံသာဝတီကို လုပ်ကြံမည်ထင်သဖြင့် ဆီးကြိုတိုက်ခိုက်သည်။ ဘုရင့်နောင်ကား ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ တောင်ငူသို့သာ ဆက်လက်ချီတက်လေသည်။ ဤကား သက္ကရာဇ် ၈၈၀ မှ ၉၁၄ ခုအတွင်းတွေ့ရသော စစ်မှူးဗညားဒလအမည်ပါရှိသော စစ်မက်ရေးရာ အခန်းကဏ္ဍများပင်တည်း။

မင်းတရားရွှေထီးလက်ထက်တွင်ဘုရင့်နောင်ကျော်ထင်နော်ရထာလက်ထက်တွင် စစ်ရှုံး မွန်ဘုရင်များလွန်သည့်အခါ မွန်မင်းများထံတွင် အမှုတော်ထမ်းရွက်ခဲ့ကြသည့်မွန်အမှူးအမတ်တို့သည် မြန်မာဘုရင်နှစ်ပါးတို့၏လက်အောက်သို့ ဝင်ရောက်အမှူးထမ်းရွက်ကြသည်။ အထူးသဖြင့် ဆင်ဖြူများရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာသည် သတ္တိဗျတ္တိနှင့်ပြည့်စုံသည့် အာဇာနည်သူရဲကောင်းတို့ကို ချစ်မြတ်နိုးသည့်အလျောက် မွန်မြန်မာဟူ၍ မခွဲခြားဘဲ ချီးမြှောက်စားသင့်သူကို ချီးမြှင့်မြောက်စားခဲ့သည်။ ထို့ကြောင့်ပင် သူ့ထံတွင် စစ်သေနာပတိ စစ်မှူးစစ်ကဲများစွာ ဝင်ရောက်အမှုထမ်းခဲ့သည်ကို တွေ့မြင်ရလေသည်။ ဘုရင့်နောင်ထံတွင် စစ်ရည်စစ်သွေး ပြည့်စုံစွာဖြင့် အမှုတော်ထမ်းရွက်နေသော အမတ်ကြီးသည်လည်း မွန်ဘုရင် သုရှင်တကာရွက်ပိလက်ထက်တွင် စွမ်းစွမ်းတမံ အမှုတော်ထမ်းရွက်ခဲ့သည့် စစ်သေနာပတိ စစ်မှူးအမတ်ကြီး ဗညားဒလ ဖြစ်ဖွယ်ရှိသည်။ ဖြစ်နိုင်ရန်အကြောင်းလည်း များစွာရှိနေပေသည်။ ဆင်ဖြူများရှင်ဘုရင့်နောင်ကျော်ထင်ရထာသည် မွန်ဝန်ကြီး ဗညားဒလ၏ လက်ရုံးရည်နှင့် နှလုံးရည် တို့ကို အားရတော်မူ၍အထွက်အထိပ်သို့ တိုးမြင့်မြှောက်စားခဲ့သည်။ သို့ရာတွင် မွန်ဝန်ကြီးသည် မြန်မာဘုရင် ဆင်ဖြူများရှင်လက်အောက်တွင် နေရသည်ကို နှစ်သက်ဟန်မတူသဖြင့် ဆင်ဖြူများရှင် ဘုရင်မင်းတရားကြီးအား သုံးကြိမ်တိုင်တိုင် လုပ်ကြံခဲ့ခြင်းပင်ဖြစ်သည်။

ဤသို့ သုံးကြိမ်တိုင်တိုင် လုပ်ကြံခဲ့သော်လည်းအမတ်ကြီးဗညားဒလသည် စစ်ရေး၊နိုင်ငံရေး၊စာပေကျမ်းဂန်မှစ၍ နှုတ်ရည်၊ဉာဏ်ရည်၊ဂုဏ်သတ်တိနှင့်ပြည့်စုံသူဖြစ်သဖြင့် နှမြောတော်မူသောကြောင့် မကွပ်မျက်ဘဲ သည်းခံတော်မူသည်။ သက္ကရာဇ် ၉၈၁ ခုနှစ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ရှမ်းပြည်တစ်လွှားနှင့် ဇင်းမယ်ပြည်ကိုသိမ်းယူရန်အရေး သားတော်ဥပရာဇာနှင့် မှူးတော်မတ်တော်အပေါင်းတို့ကို ခေါ်ယူဆွေးနွေးတိုင်ပင်တော်မူသည်။ ဤအရေးတွင် ဗညားဒလ၏ အကြံပေးလျှောက်ထားချက်ကို နှစ်သက်တော်မူ၍ ကိုယ်တော်တိုင် ရှမ်းပြည်သို့ ချီတော်မူသည်။ ဗညားဒလလည်း နန္ဒကျော်ထင်၊ဗညားပရံ၊ နန္ဒသူရိယ၊ ဗညားသံလိုက်၊ ဘယဂါမဏိ စသည့် တပ်မှူးများနည်းတူ ဆင်တပ်မှူးကြီးအဖြစ် ကြီးကြပ်တိုက်ခိုက်ခဲ့ရသည်။ ရှမ်းပြည်ထောင်တလွှားမြို့ရွာများသိမ်းယူပြီးလျှင် ဇင်းမယ်သို့ ချီကြပြန်၏။ ဇင်မယ်ပြည်ကို အောင်မြင်လျှင် ဗညားဒလ၊ ဗညားစက် နှစ်တပ်ကို တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ ဗိုလ်တစ်သောင်းတို့နှင့် ဇင်းမယ်ကိုမြို့စောင့်အဖြစ် ကွပ်ကဲထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်းခံရလေသည်။ သက္ကရာဇ် ၉၂၀ မင်းတရားကြီးအင်းဝတွင် စံတော်မူစဉ် ဇင်းမယ်မြို့၌ အရေးတော်ပေါ်ပေါက်လာပြန်သည်။ ဇင်းမယ်မြို့ရံဖြစ်သော ဗြဲအနန်း၊ ကလွန်းတုရိုင်း စသည့်မြို့တို့ လင်းဇင်းမင်းနှင့်ပေါင်းကာ ပုန်ကန်ကြသည်။ ဆင်ဖြူများရှင်သည် သမက်တော်သတိုးမင်းစောကို ဇင်းမယ်သို့ ချီစေသည်။ ဇင်းမယ်သို့ရောက်လျှင် ဇင်းမယ်မြို့စောင့် ဗညားစက်တို့နှင့်တိုင်ပင်၍ တုရိုင်မြို့ပျက်ပြီး တုရိုင်စားကို အရှင်ဖမ်းမိလေသည်။ သက္ကရာဇ် ၉၂၁ ခုနှစ်တွင် အမရပူရ အဝကျေးလက်ကို မဏိပူရကသည်းစော်ဘွားက ထိပါးလာသည်။ ဤအရေးတွင် ဗညားဒလ၏အကြံပေးလျှောက်ထားချက်ကို မင်းတရားကြီး သဘောနှစ်ခြိုက်တော်မူသဖြင့် အမတ်ကြီးဗညားဒလကိုပင် အကြီးအမှူးခန့်အပ်ကာ တပ်ပေါင်း ၅ တပ်၊ တိုက်ဆင် ၃၀ဝ၊ မြင်း ၃၀ဝ၀၊ စစ်သည် ၅၀,ဝ၀ဝ ဖြင့် ကြည်းကြောင်းချီစေသည်။ကြည်းကြောင်းမှ ချီတက်သွားသောဗညားဒလသည် မဏီပူရကသည်းစော်ဘွားထံသို့ ရာဇသံစေလေသည်။ စော်ဘွားလည်းအညံ့ခံလေသည်။ ဗညားဒလလည်း တပ်ပေါင်း ၇ တပ်နှင့်အတူ မြို့တွင်းသို့ စစ်ရေးခင်းကျင်းဝင်ရောက်သည်။ ရောက်လျှင် ကသည်းစော်ဘွားအား သစ္စာခံစေသည့် အနေဖြင့် ဆင်ရေး၊မြင်းရေး၊ ဒိုင်းရေး၊ကာရေး၊ ကစားစေသည်။ အမြှောက်သေနတ်တို့ကိုလည်း မြို့ပဲ့တင်ထပ်မျှ ပစ်ဖောက်စေသည်။ ပြီးလျှင် စော်ဘွားနှင့်တကွ တမြို့လုံးမိစ္ဆာဒိဋ္ဌိအယူကိုပယ်ကာ ဗုဒ္ဓဘာသာသို့ဝင်စေသည်။ မဏိပူရစော်ဘွားသမီးတော်ကိုလည်း မဏိပူရအမတ်(၄)ဦး ဟံသာဝတီသို့တိုင် လိုက်လံဆက်သစေသည်။ သက္ကရာဇ် ၉၂၄ခုနှစ်တွင် အမတ်ကြီးဗညားဒလ၏အကြံပေးလျှောက်ထားချက်အရ ဟိုသာလား၊ မိုးနာ၊ စန္ဒားသို့ချီစေခဲ့ရာ တရုတ်စော်ဘွားများပင်သစ္စာခံကြသည်။ ဘုရင့်နောင်ကျော်ထင် နော်ရထာမင်းတရားကြီးသည် ဘုန်းတန်ခိုးလက်ရုံးနှင့် ပြည့်စုံလာသောအခါ ဆင်ဖြူရှင်ဟူသော အမည်ကို ခံယူလိုလာသည်။ မဟာလက်နက်နိုင်ငံတော်ကြီးကို စိုးပိုင်ရပြီးသည့်နောက် ဆင်ဖြူ တစ်စီးတလေမျှ မရှိလျှင် မတင့်တယ်ဟု ထင်မြင်လာသည်။ သက္ကရာဇ်(၉၂၅) ခုနှစ်တွင်ပင် မင်းတရားကြီးသည် ယိုးဒယားမင်းထံတွင်ရှိသောဆင်ဖြူလေးစီးမှ တစ်စီးကိုဆက်သရန် ဗညားဒလကို ရေးစေကာ ယိုးဒယားမင်းထံပေးပို့စေခဲ့သည်။ ယိုးဒယားမင်းလည်း ဆင်ဖြူကိုမပေးနိုင်ကြောင်း မင်းကျင့်တရား ၁၀ ပါးစောင့်မှပေးနိုင်ကြောင်းစာပြန်၍ စာအဆုံးတွင် တစ်ဂဏန်းရေးထည့်လိုက်၏။ ထိုသို့ ပိဋကတ်အလို ‘ဧက’ ဗေဒင်အလို ‘ဧစ်’ မြန်မာတို့အလို တစ်၊ မွန်တို့အလို အိုက် ဟုခေါ်ရာ ‘အိုက် ဟုဖွယ်’ ‘အွယ်ဟုဖိုက်’ ဆိုလို၍ ထို ‘အွယ်ဟုဖိုက်’ဟူသောစကားသည် ငါမကြောက်ဟု အဓိပ္ပါယ်ရကြောင်းကို ဗညားဒလလျှောက်ထားသည်။ သံစာတွင်ပါသော ‘တစ်’ ဂဏန်းအနက်ကို လျှောက်ထားသည်။ မင်းကြီးလည်း ဗညားဒလချေလေဟု အမိန့်တော်ရှိ၍ ရာဇာသံရေးပြီးလျှင် ယိုးဒယားသို့ စေပြန်၏။ ထိုစာအဆုံး၌ ‘နှစ်’ ဂဏန်း ရေးထည့်လိုက်သည်။ ထို ‘နှစ်’ ဂဏန်းအလိုကားပိဋကတ်တွင် ဒွေး၊ ဗေဒင်အလို စန်တရ၊ မွန်လို ဒွိတ်ဟု ခေါ်သည်။ ဒွိတ်အလိုကား’ဒွိတ်တလက်’ဟူ၏။ 'မကြောက်ကကြိုးနှင့်ချည်မည်’ဟု အဓိပ္ပါယ်ရသောစာနှင့် ယိုးဒယားမင်းထံစေလေ၏။ ဤကားအမတ်ကြီးဗညားဒလ၏ ဉာဏ်ပညာစွမ်းရည်ပင်တည်း။

ထိုမျှမကသေး ဘဝရှင်မင်းတရားကြီးတွင် ပြည်ထဲရေးရာများနှင့် ပက်သက်၍ တိုင်ပင်ကြံစည်ရန် ရှိသောအခါတို့လည်း ဗညားဒလကိုပင် ခေါ်ငင်တိုင်ပင်လေ့ရှိလေသည်။ တစ်ခါသော် သက္ကရာဇ် ၉၂၇ ခုနှစ်တွင် ဇင်းရုံးအရေး မျက်နှာမည်အရေးတို့ ပေါ်ပေါက်လာခဲ့၏။ ထိုအခါ ဘဝ ရှင်မင်းတရားကြီးလည်း သားတော် အိမ်ရှေ့မင်းနှင့်မှူးတကာ မတ်တကာတို့နှင့်တိုင်ပင်တော်မှူလေလျှင် ဗညားဒလသည် အချို့သော မှူးတကားမတ်တကာတို့နှင့် ဆန့်ကျင်၍ မကြောက်မရွံနောက်မတွန့်မူဘဲ မိမိ၏မြော်မြင်မှု၊ ဉာဏ်စွမ်းအလျောက် ဘဝရှင်မင်းတရားကြီးအား သင့်နိုးရာရာလျှောက်ထားရာ ဘဝရှင်မင်းတရားကြီးလည်း သည်ဗညားဒလအရေး’သည် ငါကြံတော်မှုသောအရေးနှင့်ညီလှ၏’ ဟုဗညားဒလ လျှောက်ထားချက်အတိုင်း စီရင်တော်မူ၏။ သို့စီရင်တော်မူသည့်အတိုင်းလည်း အရေးတော်ပြီးပြေအောင်မြင်ရသည်သာမက ထိုနှစ်အတွင်းမှာပင် လက်ဆောင်တော် အထူးထူးနှင့် ဇင်းရုံးမင်းသမီး၊ မျက်နှာမည်းမင်းသမီးတို့ကိုဆက်လျာပို့သပြန်ရကား ဘဝရှင်မင်းတရားကြီးက‘ဗညားဒလအရေးသည်အလွန်ဖြစ်ခဲလှ၏’ဟူ၍ ကြီးစွာသောဥဒါန်း၊ မော်ကွန်းစကားကိုလည်း မိန့်တော်မူ၏။ ကြီးစွာသောဆုကြီး၊ လာဘ်ကြီး၊ မှူးကြီး၊ မတ်ကြီးတို့၏အဆောင်အယောင်တို့ထက် လွန်ကြူး၍ အိမ်ကိုလေသာနှင့်တကွ ရေအိမ်ကြက်ခြေတင်နှင့်တကွ နေထိုင်စေရန် ဆုကြီးများကို ပေးတော်မူဘိသည်။ ဤသို့ဘဝရှင်မင်းတရားကြီး၏ တိုင်ပင်တော်တိုင်ပင်ဘက် လက်ရုံးသဖွယ်ဖြစ်ပေသော ပညာရှိအမတ်ဖြစ်ရကားသက္ကရာဇ် ၉၂၈ ခုနှစ်မှစ၍ ဟံသာဝတီမြို့သစ်တည်ရာ၌လည်းကောင်း၊ သက္ကရာဇ် ၉၂၉ ခုနှစ်တွင် ရွှေနန်းတော်တည်ရာ၌ လည်းကောင်း ဗညားဒလကိုပင်ဝန်၊ စီရင်တော်မှု၏ နောက်ထိုသက္ကရာဇ်၉၂၉ခုနှစ် အတွင်း ထိုနန်းတော်ကြီး၌ပင် အဆောင်နေရာပေးတော်မူရာ၌ ဗညားဒလအမတ်ကြီး၏ အမည်မှာ ထိပ်ဆုံးကပါလာသည်။ ပါဟန်ကား- ဗညားဒလကိုနေရာတော်လက်ဝဲတော်ဦးဗောင်းကတ္တီပါမွမ်း၊ အမဗောင်းကတ္တီပါရွှေပြောင်းမွမ်း၊ အဖျားကတောင်ရွှေသားလေးမတ်၊ သင်ကျစ်လေးမျက်နှာစိန်တောရံ၊ စလွယ်၉သွယ်၊ သက္ကလပ်အဖုံးနှင့်တကွ၊ ရွှေကရား၊ ရွှေမြူးတေး၊ ရွှေလင်ပန်းပတ်တမြားတောင်ဝှေး၊ ပတ်တမြားပန်းချင်း၊ ခြေမစွပ်၊ လက်မစွပ်မှီအုံးလက်ဆေးအင်၊ ထီးနီညောင်ရွက်သုံးဆင့်၊ ထီးရိုးထီးလက်၊ရွှေသံလျှင်တနဲခုနှစ်ဝန်း၊ စည်ခုနှစ်လုံးနှဲသုံး၊ ခရားသုံး၊ အိမ် ငါးဆက်၊ ကြက်နင်း ငါးတန်၊ လေသာတဲ့လား၊ ကငေါက်နှင့်လှေစခင် အယင်းချင်ပိတ်နီ၊ ဖဲပေါင်းအစိမ်းမိုးပေးတော်မူးသည်။ ရုံးလည်းရသည်။ ဤအဆောင်နေရာ၊ ဤ အဆောင်အယောင်များကိုကြည့်ခြင်းအားဖြင့် ဘဝ ရှင်မင်းတရားကြီးသည် ဗညားဒလအား မည်မျှအရေးပေး လေးစာတော်မူကြောင်းကိုသိနိုင်သည်။ ၉၃၄ ခုနှစ်တွင် လင်းဇင်းဗညားသေရ်အရေး ပေါ်ပေါက်လာသည်။ ဤအရေးတွင်ကား အမတ်ကြီးဗညားဒလက ဇင်းကျေးသောင်းရက်သို့ကျွန်တော်သွား၍ ဗညားသေရ်ကို အရေးဆိုမည်။ ယင်းသို့ ဆို၍ အရေးတော်မပြီးမှ ညီတော် သားတော်တို့ကိုအလုံးအရင်များနှင့် ချီစေ၍ လုပ်ကြံတော်မူစေသင့်သည်ဟု လျှောက်ထားသည်။ မင်းတရားကြီးလည်း ဤအရေးသင့်လှသည်ဟု မိန်ကြားပြီး ဗညားဒလသွား၍ အရေးတော်ဆိုချေဟု အမိန့်တော်ရှိ၏။ အမတ်ကြီးဗညားဒလလည်းစစ်သည်ဗိုလ်ပါ ဆင်လုံးမြင်းလုံးများနှင့် ချီရာ လင်းဇင်းအနီး သောင်ရက်ရောက်လျှင် သံနှစ်ယောက်ကို ရာဇသံစေလိုက်သည်။လင်းဇင်းဗညားသေရ်သည် မချေမငံသော စကားကိုဆိုသည်။ ယခုပင် ငါချီ၍ လင်းဇင်းသားတိုကို တိုက်ခိုက်တော်မူမည်ဟုဆိုသည် ။ သိုရာတွင် စစ်မူးစစ်ကဲတို့က အလုံးအရင်းလည်းနည်းသည်။ သောင်ရက်တွင် နှစ်လခန့်နေပြီး၍ မျိုးရိက္ခာလည်းကုန်ရာ ကြံ၍လည်းမရသောကြောင့် ရဲမတ်အပေါင်းတို့လည်းငတ်မွတ်ညှိုးငယ်ကြကုန်၏။ ဇင်းမယ်စစ်ကူ ယိုးဒယားစစ်ကူတို့လည်း မရောက်သေး။ ထိုကြောင့် ငံ့ဦးမှ သင့်မည်ဆိုလေလျှင် မျိုးရိက္ခာလည်းရှာကြံရင်း စစ်ကူများကိုလည်းစောင့်ဆိုင်ရင်း သောင်ရက်မှဆွတ်ခွာပြန်လာသည်။ ဗညားဒလတို့သောင်ရက်မှ ပြန်လာပြီ ဟူ၍ကြားလျှင် အရေးပြီး၍လာပြီထင်သောကြောင့် ယိုးဒယားစစ်ကူများလည်း မိမိတို့သောင်းရက်မြို့သို့ ပြန်ကြလေသည်။ ဇင်းမယ်စစ်ကူများလည်း ခရီးလတ်က ပြန်ကြ၍ ဗညားဒလ ပြန်လာကြောင်း မင်းတရားကြီးအား လျှောက်ထားကြသည်။

ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီးလည်း ဗညားဒလကိုမျက်တော်ရှိ၍ အလုပ်အကျွေး ကျွန်ငါးယောက်နှင့်ဇနက် ဟူသော ယိုဒယားကျေးရွာတွင် ထားလေသည်။ ဗညားဒလနှင့် လင်းဇင်းသို့လိုက်ပါသွားကြသော ပိုက်ညံအစရှိသည့် တပ်မှူးစစ်ကဲအပေါင်းတို့အား ဟံသာဝတီသို့ ခေါ်ယူပြီး ကျေးကျွန်သင်းပင်တို့ကို ရုပ်သိမ်းတော်မူသည်။ အမတ်ဗညားဒလကို ထားတော်မူ၍ ငါးလခန့် ရှိလျှင် ဇနက်ဟူသောအရပ်သည် ဖျားနာတတ်သည်ဟုယိုးဒယားမင်းကယူပြီးလျှင် ကမန်ပိုက်တွင် ထားစေသည်။ ဗညားဒလကို ပြောင်း၍ထားကြောင်းကိုလည်း ယိုးဒယားမင်းကဆင်ဖြူများရှင် ဘဝရှင်မင်းတရားကြီးထံ လျှောက်ထားသည်။ မင်းကြီးလည်း မည်သို့မျှအမိန့်တော်မရှိ။ အမတ်ကြီးဗညားဒလသည်လည်း ကမန်ပိုက်သို့ ရောက်၍ တစ်လကြာလျှင် သက္ကရာဇ် ၉၃၄ ခုနှစ်၌ ကြမ္မာကုန်လေသည်။ မွန်ဝန်ကြီးဗညားဒလ စစ်ရေး၊ နိုင်ငံရေးဆောင်ရွက်ချက်များမှာ သက္ကရာဇ် ၉၁၆ ခုနှစ်မှ ကွယ်လွန်သော ၉၃၄ ခုနှစ်အထိ ( ၁၈ ) နှစ်ကာလအတွင်း လွန်စွာမှများပြားလှ၏။ သူ၏ အကြံပေးလျှောက်ထားချက်များအရပင် မြန်မာတစ်နိုင်ငံလုံး သိမ်းရုံးဖွဲ့စည်းနိုင်သည့်အပြင် တိုင်းတစ်ပါးခြား ယိုးဒယားမဏိပူရသို့ ချီတတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။ သူ၏ဘဝတွင် တစ်စောင်တစ်ဖွဲ့ဆို ဆိုသလောက်ပင် မြန်မာစကားပြေဖြင့် စံပြဘာသာပြန်ဆိုရေးသားသွားသည့် ရာဇဓိရာဇ်အရေးတော်ပုံကျမ်းနှင့် သူ့အမည်ကိုကား ယနေ့ နှစ်ပေါင်း ၄၂၆ တိုင်သော်လည်း မမေ့နိုင်သေးပေ။ သူ့အမည်မှာ ယနေ့တိုင် ထင်ပေါ်ကျော်ကြား လူသိများနေဆဲပင်။ သူပြုစုခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းမှာလည်း သစ်လွင်တောက်ပဆဲပင်ဖြစ်ပေသည်။[၂][၃]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Aung-Thwin, Michael A. (2005). The Mists of Rāmañña: The Legend that was Lower Burma, illustrated, Honolulu: University of Hawai'i Press, 133–134. ISBN 978-0-8248-2886-8. 
  2. ဗညားဒလ ရန်ကုန် ၊မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း စာ ၁၈၅ ၊ ၂၀၃
  3. မောင်သုတ(ဗိုလ်မှူးဘသောင်း) စာဆိုတော်များအတ်ထုပွတ်တိ၊ ရန်ကုန်၊ ဇွဲစာပေရိပ်မြုံ ၊ ပ ကြိမ် ၁၉၇၁ ၊ စာ ၁၂၃ ၊ ၁၂၇