ဗစ်တာခင်ညို
| ဗစ်တာခင်ညို | |
|---|---|
| ဇာတိ အမည် | သိန်းထွန်း |
| မွေးဖွား | စက်တင်ဘာ ၂၁၊ ၁၉၄၅ ရန်ကုန်မြို့၊ ဗြိတိသျှအိန္ဒိယ (ယခု မြန်မာ) |
| ကွယ်လွန် | စက်တင်ဘာ ၂၅၊ ၂၀၂၅ (အသက် ၈၀) ရန်ကုန်, မြန်မာ |
| နိုင်ငံလူမျိုး | မြန်မာ |
| အလုပ်အကိုင် | အဆိုတော် |
| ဆွေမျိုးသားချင်း | တေးရေး ချိုချို (ဦးကျော်နိုင်) (ညီ) အဆိုတော် တူးတူး(ခ) ဦးမင်းကျော်သူ (ညီ) |
ဗစ်တာခင်ညို (၂၁ စက်တင်ဘာ ၁၉၄၅ - ၂၅ စက်တင်ဘာ ၂၀၂၅)သည် စတီရီယိုခေတ်ဦး ထင်ရှားသည့်အဆိုတော် တစ်ဦးဖြစ်သည်။[၁]နာမည်အရင်းမှာ သိန်းထွန်း ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]တေးသံရှင် ဗစ်တာခင်ညိုကို အဖ ဦးခင်ညို၊ အမိဒေါ်ခင်စန်းရီတို့မှ ရန်ကုန်မြို့၊ ကန်တော်ကလေးတွင် မွေးဖွားသည်။ မွေးချင်းမောင်နှမ(၅)ဦးရှိပြီး၊ သားအကြီးဖြစ်သည်။မွေးချင်းများမှာ ဒေါ်မာလာခင်ညို၊ မျိုးအောင်(ခေါ်) မောင်မောင်၊ တေးရေး-ချိုချို(ခေါ်)ကျော်နိုင်၊ တေးဆို - တူးတူး (ခေါ်) မင်းကျော်သူ တို့ဖြစ်သည်။ အဆိုတော်ကြီး ကိုမင်းနောင် ၏ တူ တော်စပ်သည်။
တေးဂီတဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၆၆-ခုနှစ်တွင် သူငယ်ချင်းများစုပေါင်းပြီး THE SHADES ဆိုသည့် အဖွဲ့ တဖွဲ့ တည်ထောင်ကာ ဂီတလောက သို့ စတင်ခြေချခဲ့သည်။ထိုအဖွဲ့တွင် တော်မီကျော်နိုင်၊စောသင်မသီ၊ထုံးဘို နှင့် တော်မီမျိုးဝင်း တို့ပါဝင်ခဲ့ပြီး၊ ၎င်းက အဖွဲ့ခေါင်းဆောင် အဖြစ် လိဒ် LeadGuitar တီးကာ တေးသီချင်းများသီဆိုခဲ့သည်။
ဗစ်တာခင်ညို၏ ထိုအဖွဲ့သည် မြန်မာ့အသံ၊ အင်္ဂလိပ်ပိုင်း အစီအစဉ်၏ ပြည်တွင်းဖျော်ဖြေမှုထဲမှ ထင်ရှားသည့် အစီအစဉ်တခုဖြစ်သည့် Local Talents အစီအစဉ်တွင် ဘိုဘိုဟန် ၊ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင် အစရှိသူတို့နှင့်အတူ ပါဝင်တီးခတ်သီဆိုခဲ့သည်။
စတီရီယိုခေတ်မတိုင်မီ တေးဂီတ Band များဖြစ်သည့် Shades အဖွဲ့တွင်လည်း ပါဝင်ခဲ့သလို နောက်ပိုင်း မြန်မာပြည်သိန်းတန်၏ L.P.J တီးဝိုင်း တည်ထောင်စဉ်တွင်လည်း ဗစ်တာခင်ညို ပါဝင်ခဲ့သည်။
ဗစ်တာခင်ညိုသည် တေးဂီတလောကထဲ ၃နှစ်ကျော် ကျင်လည်ပြီးနောက် ခေတ္တရပ်နားခဲ့သည်။၁၉၇၇ ခုနှစ် တွင် ရုပ်ရှင်နယ်မှ ကိုမျိုးသန့် ၏ တိုက်တွန်းချက်အရ ကိုမြင့် သမန်းကျား နှင့် ဆက်သွယ်မိပြီး၊ သမန်းကျား ဂီတအဖွဲ့ တွင် အဆိုအတီးသမား တစ်ဦးအဖြစ် ပြန်လည်ခြေချခဲ့သည်။
၎င်း၏သီချင်းအများစုကို ညီဖြစ်သူ တေးရေးချိုချိုက ရေးသားပေးခဲ့ပြီး တကိုယ်တော် တေးစီးရီးများဖြစ်သော အကောင်းတကာ့ အကောင်းဆုံးတေးများ၊ ဒီဇင်ဘာ နံနက်ခင်း၊ အမြူတေတေးစု ၁၊ လမ်းမှာ လူမတင်နဲ့၊ ရန်ကုန်သူ၊ ထပ်ခေါ်မယ်လိုက်ခဲ့တော့ အစရှိတို့အပြင် စုံတွဲတေးစီးရီး၊ တေးသံရှင်စုံဖြင့် သီဆိုထားသော တေးစီးရီးများလည်း ထုတ်ဝေခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဗစ်တာခင်ညို၏ တေးဂီတသက်တမ်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တေးသံရှင်များစွာ ပါဝင်သော ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။
အောင်မြင်ကျော်ကြားသည့် တေးစီးရီးများစွာထုတ်ခဲ့သလို သူသီဆိုခဲ့သည့် နွေ၊ မြခွာညို၊ အလွမ်းသီချင်း၊ နွေသာဆိုရင်မှာပြာ၊ ကျူရှင်လှေကားရင်း စသည့် သီချင်းများမှာ လက်ရှိအချိန်ထိ ရေပန်းစားသည်။
ဗစ်တာခင်ညိုသည် ဦးမျိုးမြင့် ဒေါ်ခင်ခင်တို့၏သမီး ဒေါ်မြမြစိမ်းနှင့် အကြောင်းပါပြီး ရဲမျိုးထွန်း၊ ရဲမင်းထွန်း၊ ဇော်မင်းထွန်း၊ နိုင်ဝင်းထွန်း သားလေးယောက် ထွန်းကားသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဗစ်တာခင်ညို သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝါရင့်အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်။ DVB (၂၅ စက်တင်ဘာ ၂၀၂၅)။ ၂၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အဆိုတော် ဗစ်တာခင်ညို ဈာပန ရေဝေးသုသာန်တွင် ပြုလုပ်မည်။ Mizzima Burmese (၂၅ စက်တင်ဘာ ၂၀၂၅)။ ၂၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။