ဖိုးဝင်းရှင်မ

ဝီကီပီးဒီးယား မှ

ဖိုးဝင်းရှင်မ သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဖိုးလွန်းနှင့် နှင်းချို[ပြင်ဆင်ရန်]

ရှေးအခါက ဖြစ်၏။ ရေစကြိုမြို့တွင် သူဌေးကြီးတစ်ဦး ရှိ၏။ ထိုသူဌေးကြီးတွင် သား မောင်ဖိုးလွန်းနှင့် သမီး မနှင်းချို ဟူ၍ ရှိသည်။ ထိုသားသမီးနှစ်ယောက်သည် မိဘများ သေဆုံးသည့်အခါတွင် ဥစ္စာပစ္စည်းများကို ခွဲဝေမျှယူခြင်း မပြုဘဲ အတူတူ နေထိုင်ကြလေသည်။ တစ်နေ့သောအခါတွင် လေပြင်းတို့ ကျလာပြီး နေအိမ်မှာပျက်စီးခဲ့သည့်အပြင် မောင်နှမနှစ်ယောက်စလုံး ဆုံးပါးခဲ့ရသည်။ ထိုအခါ မောင်နှမနှစ်ယောက်တို့သည် ပစ္စည်းဥစ္စာတို့ကို စွဲလမ်းစိတ်ဖြင့် နတ်ဖြစ်ခဲ့သည်။ ထို့နောက်တွင် မောင်နှမနှစ်ယောက်တို့သည် ပစ္စည်းဥစ္စာတို့ကို ဟလင်းကြီးမြို့အနီးရှိ တောင်တစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုပစ္စည်းတို့ကို အရိမေတ္တယျမြတ်စွာဘုရား ပွင့်လာသည့်အခါတွင် ကျောင်းဆောက်လုပ်လှူဒါန်းရန် ရည်မှန်းအဓိဋ္ဌာန်ခဲ့ကြသည်။

ကာလကြသည့်အခါ နတ်မောင်နှမ နှစ်ယောက်တို့သည် ကိုယ့်ပစ္စည်းကို စောင့်ကြရန် သဘောတူခဲ့ကြလေသည်။ မနှင်းချိုသည် လူ့ဘဝတွင် ဖခင်ဖြစ်သူ လက်ဖွဲ့သည့် ပစ္စည်းများကို သီးခြားတောင်းယူသဖြင့် ၎င်းတောင်ကို “လက်ဖွဲ့တောင်” ဟု ခေါ်ခဲ့ကြသည်။ ကာလကြာသည့်အခါတွင် “လက်ပတောင်း” ဟု တွင်ခဲ့သည်။ မနှင်းချိုသည် လက်ပတောင်းတောင်၏ အနောက်ဘက်ရှိ တောင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ထိုတောင်ကို “မနှင်းချိုတောင်” ဟု ခေါ်ခဲ့သည်။[၁]

စံကားမယ်[ပြင်ဆင်ရန်]

တာဝတိံသာနတ်ပြည်မှ သုစိတ္တာနတ်သမီးသည် စုတေခဲ့သည်။ ထို့နောက်တွင် မနှင်းချိုတောင်ရှိ စံကားပင်ရှိ စံကားပွင့်တွင် သံသေဒဇ သန္ဓေယူခဲ့သည်။ ထိုအကြောင်းကို သိကြားမင်းသည် တောင်တွင် နေထိုင်သည့် “သာလဇ” ရသေ့ကို သိစေ၏။ ထို့နောက်တွင် စံကားပန်းကို စောင့်ရှောက်ရန် မှာကြားပြီး တောင်ဝှေးတစ်ချောင်းကို အပ်ထားခဲ့သည်။ ရသေ့သည် တပည့်ဖြစ်သူ ဇော်ဂျီအား စံကားပန်းကို အပ်နှံခဲ့သည်။ ဇော်ဂျီသည်လည်း ရသေ့ကြီးအတွက် သစ်သီးများ ရှာဖွေပေးရသေးသည် ဖြစ်သဖြင့် ကျောက်တုံးကြီးတစ်တုံးကို နွားလားဥဿဘသဏ္ဌာန် ပြုလုပ်ကာ အသက်သွင်းကာ ပန်းပွင့်ကို စောင့်ရှောက်စေခဲ့သည်။[၁]

သူရဗလနှင့် စကားပန်း[ပြင်ဆင်ရန်]

တစ်နေ့သောအခါတွင် ကောသန္တီပြည် သူရဗလမင်းကို စားတော်အမဲ ဆက်သရသည့် မုဆိုးတစ်ယောက်သည် သမင်လိုက်ရင်း စကားပန်းကို မြင်သွားသည်။ ထိုအခါ မုဆိုးသည် သန္ဓေနေသူတို့ ကိန်းအောင်းရာ ဖြစ်မည်ဟု တွေးတောကာ ဆွတ်ခူးရန် ပြလုပ်၏။ သို့သော် ကျောက်နွားသည် လိုက်ဝှေ့သဖြင့် ထွက်ပြေးခဲ့ရလေသည်။ ထို့နောက်တွင် မုဆိုးသည် မင်းကြီးကို ထိုအကြောင်းစုံကို တင်လျှောက်၏။ မင်းကြီးသည် မိမိကိုယ်တိုင် ဗိုလ်ပါအလုံးအရင်းဖြင့် ထိုတောင်သို့ ချီတက်ခဲ့သည်။ သို့သော်လည်း ဇော်ဂျီနှင့် ကျောက်နွားကို မနိုင်ဘဲ ထွက်ပြေးခဲ့ရလေသည်။

ထိုအခါ သူရဗလမင်းသည် သားတော်များ ဖြစ်ကြသည့် ဥစ္စေနံပြည် “သူရိန္ဒ” မင်းနှင့် အာလာကပ္ပပြည် “မာဃရှိန်” မင်းတို့ကို စစ်ကူတောင်းလေသည်။ သားတော်များသည်လည်း အလုံးအရင်းဖြစ် ချီတက်လာကာ ဖခင်ဖြစ်သူ သူရဗလမင်း၏ တပ်နှင့်ပူးပေါင်းကာ တောင်ကို ဝိုင်းထားလေသည်။ ထိုအချိန်မှ စတင်ကာ မနှင်းချိုတောင်သည် “ဗိုလ်ဝိုင်းတောင်” ဟု တွင်ခဲ့သည်။ ကာလာကြာသည့်အခါတွင် “ဖိုးဝန်းတောင်”၊ “ဖိုးဝင်းတောင်” ဟု တွင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ကျောက်နွားနှင့် ဇော်ဂျီကို ရှုံးနိမ့်ခဲ့ပြန်သည်။[၁]

စံကားမယ်နှင့် ပြူမင်း[ပြင်ဆင်ရန်]

ဤသို့ဖြင့် စကားပန်းမှ သန္ဓေနေသူသည် ဖွားမြင်လာခဲ့သည်။ ထိုအခါ ရသေ့သည် မင်းဆိုးမင်းညစ် သူရဗလနှင့် မိမိ၏ သမီးတော်သည် မထိုက်တန်။ ပုဂံပြည် ပြူမင်းနှင့်သာ ထိုက်တန်သည်ဟု ဆိုကာ သမီးတော်ကို မိဖုရားတင်မြှောက်ရန် ပုဂံမင်းအား သွားခေါ်ရန် ဇော်ဂျီအား လွှတ်လိုက်လေသည်။ ဤသို့ဖြင့် ပြူမင်းသည် လိုက်လာခဲ့ပြီး စံကားမယ်အား လက်ထပ်ထိမ်းမြားခဲ့သည်။ ပုဂံသို့ ရောက်ရှိသည့်အခါတွင် စံကားမယ်အား တောင်ညာစံမိဖုရားအရာထား၍ မြှောက်စားခဲ့သည်။[၁]

သူရဗလနှင့် ပြူမင်း[ပြင်ဆင်ရန်]

ထိုကဲ့သို့ ရသေ့ကြီးထံမှ စံကားမယ်နှင့် ပြူမင်းမတို့သည် ပြန်လာချိန်တွင် ဖြစ်၏။ သူရဗလသည် ထိုအကြောင်းကို သိသွားကာ ဗိုလ်ခြေများစွာနှင့် တိုက်ခိုက်၏။ သူရဗလသည် ရှုံးနိမ့်ကာ ထွက်ပြေးခဲ့ရသည်။ ထိုမင်း၏ သားတော်နှစ်ပါးဖြစ်သည့် သူရိန္ဒနှင့် မာဃရှိန်ကိုမူ ကွပ်မျက်ခဲ့သည်။ ထိုတိုက်ပွဲအနိုင်ရသည့်အရပ်ကို ကံသာ၍ အနိုင်ရသည်ဟုဆိုကာ “ကံသာရွာ” ဟု အမည်သမုတ်ခဲ့သည်။

သူရဗလသည် မမြင်ဖူးသော်လည်း စံကားမယ်အပေါ် အချစ်ရူးအချစ်မူး ဖြစ်နေသည်။ ထို့ကြောင့် ဖိုးဝင်းတောင်ရှိ “မိကိုး” ဟု ကဝေဆရာကြီးထံတွင် အကြံတောင်းသည်။ ထိုအခါ မိကိုးသည် မိမိကူညီမည်ဟု ဆိုကာ ပုဂံပြည်သို့ သွား၍ စံကားမယ်၏ အစေအပါး အဖြစ်နှင့် ခစား၏။ ထို့နောက် စကားမယ်ကို မိကိုးသည် ရူးသွပ်သွားအောင် ပြုစားလေသည်။[၁]

နတ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

စံကားမယ်သည် ထိုကဲ့သို့ ရူးသွပ်သွားပြီးနောက်တွင် ပြေးလွှားသွားလာရင်း ဖိုးဝင်းတောင်သို့ ရောက်သွားခဲ့သည်။ ထိုအခါတွင် ဥစ္စာစောင့် မနှင်းချိုသည် သူနှင့်အတူနေရန်အတွက် လူသက်ကို ခြွေကာ နတ်သက်၌ တည်စေခဲ့သည်။

ပြူမင်းသည် စံကားမယ် ပျောက်သွား၍ ဖိုးဝင်းတောင်သို့ သွားရောက်ရှာဖွေရာတွင် စံကားမယ်သည် အစိမ်းဘဝနှင့် ကိုယ်ထင်ရှား ပြခဲ့သည်။ ထို့နောက်တွင် စကားမယ်၏ အလောင်းကို မင်းကြီးသည် သင်္ဂြိုဟ်ပေးခဲ့သည်။ တောင်ကုန်းပေါ်တွင် စံကားမယ်အတွက် နတ်ကွန်းဆောက်လုပ်ပေးခဲ့သည်။ ထိုအခါမှ စတင်ကာ “ဖိုးဝင်းရှင်မ” ဟု တွင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၆၇၊ ၁၆၈၊ ၁၆၉၊ ၁၇၀၊ ၁၇၁၊ ၁၇၂၊ ၁၇၃။